(ပျော်ရွှင်မှုဆိုတာ အနီရောင်နှင်းဆီတွေကို မထင်မှတ်ပဲ တွေ့လိုက်ရတဲ့အချိန်)

940976_1546053079050169_1900289010290326178_n

ကွဲပြားခြားနားတဲ့ “ည” တွေပါဖေဖေါ်ဝါရီလဆိုရင်တော့ နှစ်ဆယ့်ရှစ်ပုလင်း မျက်လှည့်
ဆရာတယောက်လိုပဲ သေသပ်ပိရိပြီးပညာသားပါလွန်း လမ်းထောင့်တနေရာမှာ အ၀တ်ဖြူ
နဲ့လူတစ်စု နေမထွက်ဘူး၊ ကောင်းကင်က မီးခိုးရောင်ဖျော့ဖျော့ အလွမ်းတွေနဲ့နှင်းဆီပန်း
တွေအကြောင်း မှန်းချက်နဲ့ နှမ်းထွက်လွဲရပြန်တယ် ဆားဓါတ်ပါတဲ့ သဲမှုန်တွေကြောင့်
ကင်မရာ ပျက်စီးနိုင်တယ် တဲ့ ဘာလီက ကော်ဖီခါးခါးတစ်ခွက်ပဲ ငွေမင်ရောင် အနားသတ်နဲ့
တိမ်လိပ်တွေ အလူမီနီယံ ခုံတန်းရှည် စုစုပေါင်း ၁၂၈ ခု ရွဲ့စောင်းနေတဲ့ အနီရောင်မီးသတ်ဗူး
တခု ဂဠုန် ကြေးရုပ်တုကြီးရှိတယ် အပြင်ဖက်ကိုလှမ်းကြည့်ရင်းက စိတ်လှုပ်ရှားမှုဟာ ဂျက်ကက်ရဲ့အတွင်းဖက်ခြမ်းမှာရှိတယ် မျက်နှာကို ပေါင်ဒါရိုက်နေတဲ့ အမျိုးသမီး ရှိတယ်
ကင်မရာခလုပ်ကို နှိပ်လိုက်တယ် အသာ ဖိညှပ်ပြီး နေသားတကျ ရှိနှင့်နေပြီး အသာအယာ
ဝိုင်းရံပြီး အဲဒီ မနက်သုံးနာရီပတ်ဝန်းကျင်မှာ ဆိုက်ရောက် ခန်းမဆောင် (၃) မာဖလာ အညို
ကွက် အင်ဂျင်စက်သံ တညပြီးတည တရုတ်ဘာသာစကား လူရဲ့ကိုယ်ခန္ဒာနဲ့ မျှော်လင့်ချက်
တစုံတရာ ဂါဝန်အဖြူ ရောင်နီလာအံ့ဆဲဆဲမနက်ခင်း ခဏနေတော့ ယိုးဒယားဆိုင်လေးတစ်ဆိုင်
သူတို့ဆိုနေတဲ့ Casablanca သီချင်း ကူတာနဲ့နူဆာဒူဝါ သစ်ရွက်တွေလည် စိမ်းလက်တောက်ပ
ညက ဒါမှမဟုတ် မနက်စောစော မတ်နေတဲ့ချောက်ကမ်းပါးအစွန်းလေး(ခက်တဲ့ မျောက်တွေပဲ)
ခါးစည်းကြိုး အ၀ါရောင်လေး လမ်းဘေး သစ်သီးဆိုင်လေး ကျွန်မရဲ့ အရိပ်တစွန်းတစ ဒါပေမယ့်
ခိုင်ခံ့တဲ့ ခြံစည်းရိုး ဒါပေမယ့် ကျွန်မ မေ့လျော့နေခဲ့တယ် မှီတွယ် လိပ်ပြာဥယျာဉ် လေတွေက
လည်း တိုက်လိုက်တာဆိုတာ ၁၂ သြဂက်စ် ၂၀၁၅ Ulu ဆိုတာက ထိပ်ဖျား၊ Watu ဆိုတာက
တော့ ကျောက်တုံး ပျော်ရွှင်မှုဆိုတာ အနီရောင်နှင်းဆီတွေကို မထင်မှတ်ပဲတွေ့လိုက်ရတဲ့အချိန်။

၁၁ ဇန္န၀ါရီ ၂၀၁၅ ပင်န်မြန်မာရုံးခန်း၊ ပုစွန်တောင် ၂၁း၁၂ နာရီ

Advertisements
Posted in Uncategorized | Leave a comment

ချိုးဖဲ့ထားတဲ့ တိမ်တိုက်များ

cloud

  င့ါမှာ အခါခါ သေရတယ် သေရတယ်
နူးညံ့သိမ်မွေ့တဲ့ နွေရာသီ အလင်းဟာ
ဘယ်အထိ ဆောင်ကျဉ်းသွားနိုင်မလဲ
ကြမ်းပြင်ပေါ်မှာ ပန်းခြောက်အကြွေတချို့
အကွက်လိုက်ပေါ်နေတဲ့ နှစ်ရှည်လများ
မတိုက်မချွတ်ပဲ ထားတဲ့ ချေးညှော်တွေ
အမုန်းဟာ နောက်ဖေးဘက် မြက်ရိုင်း
တွေကို ဖြတ်လာပြီး မီးဖိုချောင်တည်ရှိ
ရာပြတင်းပေါက်က ၀င်တယ် အိမ်မကြီး
ရဲ့ အလယ်စင်္ကြန်ကို တချက်ပတ်မွှေ့ပြီး
ဧည့်ခန်းထဲ မြွှေမကြောက်ကင်းမကြောက်
ဒိုးယိုပေါက် မင်း နေကောင်းတယ် မှလား
စကားသံဟာ အက်သံပါနေခဲ့တယ် လေ
ချွန်သံခပ်တိုးတိုး ကြားလိုက်ရပြီးတဲ့နောက်
ကျိန်စာဟာ ဓါးစက်လို ဒုန်းကနဲ ကျလာခဲ့ရဲ့
( င့ါမှာ အခါခါ သေရတယ် သေရတယ်..)
လက်ထဲမှာ တိမ်အစအနတွေ အပြတ်ပြတ်။

  ၂၉ အောက်တိုဘာ ၂၀၁၅ ဖရာ့ပရာဒင်န် ၂၃း၁၆ နာရီ

Posted in Uncategorized | Leave a comment

အချိန်းအချက်

12190053_10153817480776042_1769427738499749182_n

ညနေ ၆ နာရီဟာ ဘယ်သူ့အတွက်မှမဟုတ်ပဲ
ကိုယ်တစ်ယောက်ထဲအတွက် သေချာချိန်ရွယ်ထား
တဲ့ တမင်ကလာပြုမှုအနေနဲ့ ကျရောက်လာခဲ့တယ်
ကိုယ်ဆီးပွေ့လိုက်တော့ သူက အလိုက်သင့် နှုတ်ခမ်း
လေးထိုးပေးတယ် ပြီးတော့ သိတယ်မှလား ရေမှုန်တွေ
သီးနေတဲ့ ကဖေးဆိုင် မှန်နံရံပေါ် လက်ချောင်းနဲ့ပွတ်ရေး
ထားတဲ့ Love & Sex ဆိုတဲ့စာသား ညနေ ၆ နာရီဟာ
သူ့လက်သည်းတွေကို သွေးပုပ်ရောင်ဆိုးလာခဲ့တယ်
ဆံပင်တွေကိုတော့ ဒီအတိုင်းဖားလျားချထားတာဟာ
သူ့ရင်ညွန့်ဆီလောက်ထိပဲ သူ့ အချစ်ဟာ ဂါဇာမှာ
ဖြစ်နေတဲ့ ပစ်ခတ်မှုတွေလောက်မက ပြင်းထန်နေ
တယ်ဆိုလား ကိုယ့်နှုတ်ခမ်းမှာ မွှေးရနံ့တခုနဲ့အတူ
အဆီဝေ့ပျံတဲ့ ခံစားချက်တစ်ခု ရတယ် အော်..ဒါနဲ့
ဘယ်နှနာရီ ထိုးသွားပြီလဲ ကိုယ့်လက်ပတ်နာရီက
ညနေ ၆ နာရီတိတိမှာ ရပ်နေလို့။ ။

၂၇ ဇူလိုင် ၂၀၁၄ ကျောက်မြောင်း၊ ရန်ကုန် ၁၉း၁၄ နာရီ

Posted in Uncategorized | Leave a comment

မိုးကုပ်စက်ဝိုင်း

P1180832

သေနေတဲ့မျဉ်းကြောင်းထဲ
တပါတ်လည်ဂျွမ်းနဲ့ပစ်ဝင်လိုက်တယ်

ဂွမ်းစိုင်တွေလို တိမ်တွေနဲ့ပစ်ဆောင့်တော့
ပေါ့သွမ်းတဲ့ ရယ်သံတွေဟာ တုံခါထွက်လာရဲ့

မဆုံးနိုင်တဲ့ လွင့်ပျံနေမှုထဲမှာ အေးစိမ့်
အချစ်ဟာ ဟိုးတဖက်မှာ ပြာချင်တိုင်းပြာလို့။ ။

ခင်အောင်အေး
၃ အောက်တိုဘာ ၂၀၁၃ သမိန်ဗရမ်းလမ်း တာမွေ ၁၇း၅၄ နာရီ

Posted in Uncategorized | Leave a comment

မုန်တိုင်းအမည်ရှိ အက်ဆေး (စကားပြေ လေ့ကျင့်ခဏ်း)

imagesdinner

မရောက်သေးသောခရီးမိုင်များသည် ရှည်လျားလှပေစွ။ ဘ၀သည် ခရီးလား။ နာရီသံတချက်ချက်၏
ထုံထိုင်းထိုင်း စေ့ဆော်မှုသည် နံရံပေါ်က ပြက္ခဒိန်ကို သွေးတိုးစမ်းနေသလို။ မနက်က သောက်ခဲ့တဲ့
ကော်ဖီခွက်မှာ ယင်ကောင် တစ်ကောင်နားနေသည်။ ဟိုတစ်ယောက်ဆီကို ဖုံးမဆက်ရသေးပါ။

မှတ်တိုင်များသည် သမိုင်း၏အထောက်အထားများလေလော။ ရွက်ခြောက်များ ရောက်လာလိုက်
ပြန်ပျောက်သွားလိုက်။ ထိုင်နေသော ကခြေသည်၏ (သိမ်မွေ့နူးညံ့စွာ) နိမ့်ချည်မြင့်ချည်ဖြစ်နေသော
ရင်အုံ။ ဖောထပ္ဗအာရုံ။ အပျက်သည် အဖြစ်၏နောက်မှ ကပ်လျက်။ အ၀ါရောင် ဂျုံခင်းသည် တောက်ပ
လျက်။ အဝေးမှ ခေါင်းလောင်းသံများသည် အနားမှာ တီးခတ်နေသလို နားများပင် အူ နေချေပြီတည်း။
အမှောင်၏ရနံ့ကို မခေါ်ငင်ခဲ့ပါပဲလျက် အိမ်ရှေ့ဝင်ပေါက်တံခါးမှာ အလင်းတစ်စသည် ခုန်ပေါက်လျက်။
မသိသော အရောင်များသည် မကြားဖူးသော ပုံရိပ်များကဲ့သို့ပင် ပဟေဠိများ ကျဲဖြန့်လျက်။ ပြန်မပြောပြ
တတ်သော ပုံပြင်များသည် သင်းပျံ့မွှေးကြိုင်လျက်။ ရေခဲတောင်ပေါ်မှာ နှင်းဆီပွင့်တစ်ပွင့်။ အပြုံးသည်
မာကျောတင်းတောင့်နေပေသည်။ ကိုယ်သည် စာတပုဒ်ကို ရေးသားလျက်ရှိပါသည်။ စာမရေးဖြစ်တာ
အတော့်ကို ကြာခဲ့ပြီ။

အမှားတစ်ရပ်ကို ကျူးလွန်လိုက်ခြင်းသည် စတီးဇွန်းတစ်ချောင်းကို ကွေးလိုက်သည်နှင့်တူ၏။ မိုးများ
ရွာသွန်းခဲ့ပြီးသည်မှာ ရက်သတ္တပတ်အနည်းငယ်ရှိသွားပြီ။ သွား နှုတ်ထားသော နေရာမှ သွားဖုံးသည်
ယားယံနေ၏။ မုချမလွဲမသွေ (မုချ မလွဲမသွေ) လွဲသွေတော့မှာ အသေအချာပဲ။ ဟု သိနေရသည်။ ဟု
ထုတ်မပြောချင်ပါ။ ဟု ပြောမိသည်။ ဟု ရေးလည်းရေးမိသည်။ စာရေးနေတုန်းမှာပဲ ကျောပေးထားတဲ့
ပြူတင်းမှန်တရုတ်ကပ်မှာ စာကလေး တစ်ကောင် ကျလိ ကျလိ လာလုပ်တယ်။ အလင်းရောင်ဟာ
အဲဒီ ပြူတင်းကနေ လျှောထိုးဝင်လာနေတာ။ နေဆိုတဲ့ ဓါတ်ငွေ့လုံးကြီး အဆက်မပြတ်တောက်လောင်
နေရာက စင်ထွက်လာတဲ့ အမှုန်တွေကို အလင်းလို့ ခေါ်တာတဲ့။ အထွေထွေသိပ္ပံ ဘာသာရပ်မှာ သင်
ခဲ့ရဘူးတာပါ။ မှားချင်လဲ မှားမယ်။ မှန်ချင်လဲ မှန်မယ်။ မဟုတ်ဘူးလေ သိပ္ပံသင်္ခန်းစာကတော့ မှားချင်မှ
မှားမှာပေါ့။ ကိုယ်ပြန်ပြောတာ မှားလား မှန်လား မသေချာတာကို ပြောချင်တာပါ။ တခါတခါမှာ ကိုယ်
ပြောချင်တာကို ကိုယ်ကျွမ်းကျင်တဲ့ မိခင်ဘာသာစကားနဲ့ပြောရင်းကကို လွဲချင်လွဲနေတော့တာပဲ။

ကိုယ် စာရေးသားသည့်အခါ တိုင်းသူပြည်သားများ ဒုက္ခအတိနှင့်ရင်ဆိုင်နေရကြောင်းကို ဖွဲ့နွဲ့ဖြစ်မည်
မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော ထိုသို့ဖွဲ့နွဲ့ရန် မကျွမ်းကျင်သောကြောင့်ဖြစ်ပါသည်။ ကိုယ် မကျွမ်း
ကျင်တဲ့အလုပ်ကို မလုပ်ရန် ကိုယ့်မာန်နတ်က ကိုယ့်ကို အမြဲ တောင်းဆို၏။ ကိုယ့်မှာ မာန်နတ်ရှိသည်။
ဂေါတမမှာလဲ ဘုရားမဖြစ်မီက မာန်နတ်ရှိသည်ဟု ဖတ်ဖူး ကြားဖူးပါသည်။ တူတူပဲလားတော့ မသိပါ။
ကိုယ့်မာန်နတ်ကို ကိုယ်က ထ-ပ-ဖ ဟု ချစ်စနိုးဖြင့် အမည်ပြောင်ပေးထားပါသည်။ မသိကိန်းအစဉ်တန်း
တစ်ခုကို အမည်(သို့မဟုတ် ကုတ်ဒ်) တခု ပေးထားသလိုမျိုးဟု မတတ်တတတ်နှင့် ဥပမာပေးလိုပါသည်။
ထ-ပ-ဖ သည် တခါခါမှာ အတော်လူဝါးဝ ပါသည် (သာဓု လူဝါးဝတယ် မှ စာလုံးပေါင်းယူ)။ သူသည်
ကိုယ်က ပြောသလိုလိုနှင့် ကိုယ့်ကိုယ်စား ၀င်၍ပြောတတ်ပါသည်။ ပေါ့ပေါ့ပါးပါး နောက်ပြောင်သည့်
ကိစ္စများ၌ မထောင်းသာသော်လည်း အလေးအနက်ကိစ္စ သို့မဟုတ် တဖက်လူက စန်းစန်းတင့် ဖြစ်နေ
သည့် အခါများ၌ အတော်ခွကျသည့်ကိစ္စပင်။ လူ့အရေပြားတွေကို တွဲသီချုပ်ထားတဲ့ ပြဇာတ်တစ်ပုဒ်
ကို ကြည့်နေရသလိုမျိုး လို့ ကိုယ် မတင်စားချင်ပါ။

ကိုယ်သည် စာရေးပျင်းသူပီပီ ငါ ရေးတာ အတော်များများ ရောက်သွားပြီလားဟု Microsoft Word
မီနျူးဘား အောက်ခြေမှ စာလုံးရေပြ အကွက်ကို ကြည့်မိရာ စာရိုက်နေတုန်းမှာပင် ၂၂၂ ဟု တွေ့ရပြီး
ရပ်လိုက်သည့်အခါ ၂၂၆ ဟု တွေ့ရပါသည်။ သိပ်မှန်လွန်း တိကျလွန်းခြင်းများသည် လူသား၏ ဖြစ်စေ
လိုသည့် ဘောင်အတိုင်းအတာထက် ကျော်လွန်ကာ ပြက်ရယ် ပြုသလိုပင် ခံစားရကြောင်းကို ဤနေရာ
၌ မှတ်တမ်းပြုပါ၏။ ဂျိမ်းဂျွက်စ်သော်လည်းကောင်း၊ ဗာဂျီးနီးယား ၀ုဖ် သော်လည်းကောင်း ထိုသို့ တခါ
မျှပင်လျှင် လုပ်ဖူးကြမည်ဟု ကိုယ် မထင်ပါ။ ကမ္ဘာပေါ်၌ ကမ္ဘာကျော်စာရေးဆရာကြီးတွေ များစွာရှိပါ
သည်။ ကိုယ်သိပ်မသိပါ။ ကိုယ် အင်္ဂလိပ်စာ မတတ်ကျွမ်းပါ။ သို့သော် ခုနက ပြောခဲ့သည့် စာရေးဆရာ
နှစ်ယောက်ကို သိပါသည်။ သူတို့၏ ၀တ္တုတိုများ စာကောင်းပေမွန်များကို ဗမာစာပေထဲသို့ ပြန်ဆိုထား
တာကို ဖတ်ဖူးသဖြင့် ဖြစ်ပါသည်။ ပြောရလျင် ယခုရက်ပိုင်းများမှာ ဗာဂျီးနီးယား ၀ုဖ် ၏ ၀တ္ထုတိုများကို
ဗမာ စာရေးဆရာအချို့ စုပေါင်းပြန်ဆိုထားသည့် စာအုပ်ကို ဖတ်လျက်တန်းလန်းဖြစ်ပါသည်။ သူတို့ရဲ့
စုပေါင်း ဘာသာပြန်ထားသည့် စာအုပ်မှာ ဗာဂျီးနီးယား ၀ုဖ် ကို ဗာဂျင်းနီးယား ၀ုဖ် ဟု စာလုံးပေါင်းထား
ပါသည်။ ကိုယ်က ထိုသို့ ပြောသဖြင့် ဗာဂျီးနီးယား ၀ုဖ် ဟု စာလုံးပေါင်းမှ မှန်သည်ဟု မယူဆ လိုက်စေ
ချင်ပါ။ ကိုယ်က ဗာဂျီးနီးယား ၀ုဖ် ဟု မှတ်မှတ်သားသား ဖြစ်နေခဲ့ပြီး၊ ယခုစာအုပ်မှာ ဗာဂျင်းနီးယား ၀ုဖ်
ဟု စာလုံးပေါင်းထားတာမို့ အနည်းငယ် မဆိုစလောက် စိတ်ထဲ ရှုပ်ထွေးရမှုကိုသာ ဖော်ပြလိုရင်းဖြစ်ပါ
သည်။ တကယ့် ပြောလိုရင်းမှာ ဂျိမ်းဂျွက်စ်သော်လည်းကောင်း၊ ဗာဂျီးနီးယား ၀ုဖ် သော်လည်းကောင်း
သူတို့ စာရေးသည့်အခါ ငါ စာလုံးရေ ဘယ်လောက် ရေးပြီးသွားပြီလဲ ဟု ချက်ခြင်း သိနိုင်ရန် မဖြစ်နိုင်
သို့မဟုတ် ယင်းသို့ စစ်ဆေးကြည့်ဖို့ စိတ်ကူးမိ၊ လုပ်မိကြလိမ့်မည်မထင်ကြောင်း ကိုယ့်ထင်မြင်ချက်
ကို လှစ်ဟ ပြခြင်းမျှသာဖြစ်ပါ၏။

ညသည်ယခုအခါ အလိုလိုက်ခံထားရသည့် အပျိုမလေး လို ရဲတင်းသွက်လက်စ ပြုလာချေပြီ။ အသံ
ပလံများသည် ဖြည့်စွက်ရမည့် ရွှေချည်မှုန်ကလေးများသဖွယ် တလက်လက်ဖြင့် ကောင်းကင်မှ ကျလာ
နေကြ၏။ မြစ်ကူးတံတားထိပ်တွင် သူမကို ရုတ်ခြည်းမြင်လိုက်ရသည်။ သူမ မျက်နှာမှာ အပြုံးအရယ်မဲ့
လျက်။ ညာဖက်မျက်လုံးပေါ်ကို ဖြတ်၍ ကျနေသော ဆံပင်နွယ်အချို့ကို ကိုယ်က စိတ်ရှုပ်မိရသေးသည်။
မြစ်ကူးတံတားပေါ်မှာ ဘာမျှမရှိချေ။ တံတားအောက်မှာ မြစ်ရေနောက်ကျိများသည် တသွင်သွင် စီးဆင်း
လျက်ရှိ၏။ မြစ်ရေကို တသွင်သွင်စီးသည်ဟု ရေးသားဖွဲ့နွဲ့ခဲ့သည်မှာ ကိုယ် အပါအ၀င် စာရေးသူ ပေါင်း
မည်မျှရှိခဲ့လိမ့်မည်နည်း။ ညစာမှာ သိပ် တခန်းတနားကြီး မဟုတ်လှပေ။ ပြောင်လက်သော ကြွေပန်းကန်
အရွယ်အစားအမျိုးမျိုး၊ တောက်လက်သော စတီးလ် ဇွန်း ခက်ရင်းနှင့် ဒါးများ။ ထို့နောက် ဖယောင်းတိုင်
မြင့်မြင့်ကြီးများ။ ပြီးတော့ ဘာ့ခ်ျ ရဲ့ ဆင်ဖိုနီတေးသွားများ။ ကတ္တီပါ ကားလိပ်ကြီးများကိုမူ မသိချင်ယောင်
ဆောင်လိုက်ရပေ၏။ ဘတ္တလာ စီစဉ်တည်ခင်းသည့် အတိုင်း ယူနီဖောင်း အကော့သားနှင့် ဘွိုင်များက
စားပွဲတစ်ခုနဲ့ တစ်ခုကြားမှာ လူးလာခေါက်တုံ့။ မျက်ရည်များသည် တသွင်သွင် စီးကျလျက်။ မြစ်သည်
ကောက်ကွေ့လျက်။ ညစာစားပွဲသည် တစ်စထက် တစ်စ ဆူညံလာလျက်။ မုန်တိုင်းကို မြင်ရပြီ။

၁၄ သြဂတ်စ် ၂၀၁၅ ကျောက်မြောင်း၊ ရန်ကုန် ၁၉း၅၆ နာရီ

Posted in Uncategorized | Leave a comment

နာမည်ဝှက်

imagescode

  ကြက်ဥတစ်လုံးကို အမာခံကြမ်းပြင်တစ်ခုပေါ်
မတ်မတ်ထောင်ဖို့ကြိုးစားသလို မင်းနဲ့ငါရဲ့ချစ်ခြင်း..
ပြင်းပျတဲ့ စိန်ခေါ်မှုများရဲ့ ဇန္န၀ါရီပြီးတော့ ဖေဖော်ဝါရီ
အလင်းဟာ သူ့တန်ဖိုးကို ထိန်းချုပ်ဖို့ ဖုတ်ဖက်ခါရုံပဲ
တတ်နိုင်ခဲ့တယ် စာသားများရဲ့ ချော်တောငေါ့မှုအပေါ်မှာ
လိုတရအကြည့်များ ပြီးတော့ မဖော်ပြနိုင်တဲ့ အမည်နာမ
ကျစ်ထားတဲ့ကြိုးဟာ ခိုင်မာရုံမျှမကပဲ လိုရာဆီဆွဲထိန်းလိုက်
နိုင်သလို အဖုံးရဲ့မျက်နှာပြင်မှာ ရေးထိုးထားတဲ့ ဒေတာတွေ။

   ၈ ဇူလိုင် ၂၀၁၄ ကျောက်မြောင်း ရန်ကုန် ၂၁း၁၆ နာရီ

Posted in Uncategorized | Leave a comment

အခွံနွှာထားတဲ့ ပန်းတစ်ပွင့်ပေါ်က တက်တူး

11998870_538155666332241_5021066083075397513_n

အရေပြားရဲ့ အောက်အနက်ထဲ တူးမီလီမီတာလောက်ပေါ့
စာအုပ်တစ်အုပ်ရဲ့ အနှောင့်ပေါ်မှာ ရေးထားတဲ့ စာသားအချို့
လေယာဉ်တစ်စင်း ဖြတ်ပျံသွားတဲ့အခါ ကော်ဖီအသောက်မပျက်
ခဲ့ပါဘူး မင့်လက်သည်းနီ အမျိုးအစားကို Wikipedia ထဲမှာ ရှာ
ကြည့်တော့ တစ်လမ်းသွား တစ်ကြောင်းခြစ် လွယ်ကူခြင်း/ခက်ခဲ
ခြင်း ကိုယ်တို့ဘယ်မှာဆုံတွေ့ကြမလဲ တယ်လီဖုံးလိုင်းတွေ အား
ပျော့နေတဲ့အခါ နဂိုရ်က မထက်သန်မှု ဒီလို ညည့်ဦးမှာ ရုတ်တရက်
ဝိုင်းဝိုင်းစက်စက်ပေါ်လာတဲ့ လ၀န်းကြီးနှယ် ဖြောင့်တန်းနေတဲ့လမ်းမ
နက်မှောင်တလျှောက်လုံးပေါ်ကို စေတနာတွေဟာ မပြတ်တမ်းယိုဖိတ်
ခဲ့တယ် တောလမ်းကလေးရဲ့ ဘယ်ဖက်ခြမ်းက အရိပ်မည်းမည်းထိုးကျ
နေတဲ့ အလွမ်းဟာ ရှူးဖိနပ်တစ်ရန်ကို လွယ်ကူစွာ ဖွက်ထားပေးနိုင်ပါရဲ့
မကျွတ်လွတ်သေးတဲ့ နာနာဘာဝ တစ်ကောင်နှယ် ငါဟာ တွယ်ငြိမှုကို
သင်္ကေတတွေနဲ့ ပြဆိုလိုက်တယ် ညနေပြီးရင် ညဟာ ရောက်လာစမြဲပါ
ဘယ်နေရာနားမှာ ကျောက်ချရမလဲဆိုတဲ့ င့ါတွေဝေမှု ဆေးမှင်ကြောင်။

 ၁၆ မေ ၂၀၁၅ ဗဟိုလမ်း၊ ကျောက်မြောင်း ၂၁း၀၀ နာရီ

Posted in Uncategorized | Leave a comment