ပန်းကလေး ၃

"ပန်းကလေး ၃ မျက်လှည့်ဆရာဟာ သေတ္တာတလုံးကို သူ့ရဲ့ မှော်စားပွဲပေါ်တင်လိုက်တယ် သေတ္တာထဲက ပစ္စည်းမျိုးစုံနဲ့ သက်ရှိသတ္တ၀ါအရှင်လတ်လတ်အချို့ သူ့ပညာနဲ့ဆွဲထုတ်ပြတယ် ပုဝါစ ရောင်စုံ အထွေးလိုက် ပြီးတော့ ယုန်တစ်ကောင် ပြီးတော့ အသဲပုံ ပူဖောင်း ပြီးတော့ ချစ်စရာ့ ဘာဘီအရုပ် ပြီးတော့ ခိုဖြူ ကလေး  (တောင်ပံတဖျပ်ဖျပ်ခတ်ပြီးစင်နောက်ကိုပျံသွား) ပြီးတော့ ရှေးတိုင်ကပ်နာရီအကြီးကြီးတလုံး ပြီးတော့ အရှင်လတ်လတ်ငါးတစ်ကောင် သူ့ပြကွက်ဆုံးသွားတဲ့အထိ ပရိသတ်ဟာ ရင်သပ်ရှုမော -- ကိုယ်ကတော့ မကျေနပ်ပါဘူး ဒီလောက် စွမ်းနိုင်တဲ့ မျက်လှည့်ဆရာက သူ့ မှော်သေတ္တာထဲကနေ ပန်းအစစ်ကလေး တပွင့်တောင်မှ ဆွဲထုတ်မပြနိုင်တာ ကိုယ်က သူ့ကို ဘာအထင်ကြီးလေးစားရမှာတဲ့လဲ။"

  မျက်လှည့်ဆရာဟာ
သေတ္တာတလုံးကို သူ့ရဲ့
မှော်စားပွဲပေါ်တင်လိုက်တယ်
သေတ္တာထဲက ပစ္စည်းမျိုးစုံနဲ့
သက်ရှိသတ္တ၀ါအရှင်လတ်လတ်အချို့
သူ့ပညာနဲ့ဆွဲထုတ်ပြတယ်

 ပုဝါစ ရောင်စုံ အထွေးလိုက်
ပြီးတော့ ယုန်တစ်ကောင်
ပြီးတော့ အသဲပုံ ပူဖောင်း
ပြီးတော့ ချစ်စရာ့ ဘာဘီအရုပ်
ပြီးတော့ ခိုဖြူ ကလေး
(တောင်ပံတဖျပ်ဖျပ်ခတ်ပြီးစင်နောက်ကိုပျံသွား)
ပြီးတော့ ရှေးတိုင်ကပ်နာရီအကြီးကြီးတလုံး
ပြီးတော့ အရှင်လတ်လတ်ငါးတစ်ကောင်

   သူ့ပြကွက်ဆုံးသွားတဲ့အထိ
ပရိသတ်ဟာ တလျှောက်လုံး ရင်သပ်ရှုမော —

   ကိုယ်ကတော့ မကျေနပ်ပါဘူး
ဒီလောက် စွမ်းနိုင်တဲ့ မျက်လှည့်ဆရာက
သူ့ မှော်သေတ္တာထဲကနေ
ပန်းအစစ်ကလေး တပွင့်တောင်မှ ဆွဲထုတ်မပြနိုင်တာ
ကိုယ်က သူ့ကို ဘာအထင်ကြီးလေးစားရမှာတဲ့လဲ။

Advertisements
Posted in Uncategorized | Leave a comment

ပန်းကလေး ၂

"ပန်းကလေး ၂ ကြာပန်းတွေရဲ့ မူလ ဘူတကတော့ ရေပြင်ကျယ်ပေါ့လေ ကိုယ့်အခန်းနံရံမှာ အိုင်းဒီးရဲ့ ကြာ ပန်းချီကား ဖယောင်းတောင့်နဲ့ဆွဲထားတာ သူက ကန်ရေပြင်ရဲ့အရောင်ကို အပြာရောင်နဲ့ခြယ်ရေးထားတယ် ကံအားလျော်စွာ - ဒီပန်းချီကားချိတ်ဆွဲထားတဲ့ ကိုယ့်အခန်းနံရံကလည်း အပြာရောင်။"

 ကြာပန်းတွေရဲ့
မူလ ဘူတကတော့
ရေပြင်ကျယ်ပေါ့လေ

 ကိုယ့်အခန်းနံရံမှာ
အိုင်းဒီးရဲ့ ကြာ ပန်းချီကား
ဖယောင်းတောင့်နဲ့ဆွဲထားတာ

 သူက ကန်ရေပြင်ရဲ့အရောင်ကို
အပြာရောင်နဲ့ခြယ်ရေးထားတယ်

 ကံအားလျော်စွာ –
ဒီပန်းချီကားချိတ်ဆွဲထားတဲ့
ကိုယ့်အခန်းနံရံကလည်း အပြာရောင်။

 

Painting credit to Anna Biak Tha Mawi

Posted in Uncategorized | Leave a comment

ပန်းကလေး ၁

ပန်းကလေး

ကျောင်းမှာ အထွေထွေသိပ္ပံ စသင်တော့
အရာဝတ္ထု ပစ္စည်းတွေရဲ့ ရုပ်ဂုဏ်သတ္တိ
ဓါတ်ဂုဏ်သတ္တိ ဆိုတာသင်ရတယ်

ရေ၏ အရောင်အဆင်းအနံ့အရသာမှာ..
သကြား၏အရောင်အဆင်းအနံ့အရသာမှာ..
အစရှိသဖြင့်ပေါ့လေ

ပန်းကလေး..
မင့် အရောင်အဆင်း အနံ့အရသာက
အားလုံး ကြည်ပြာရောင် –။

Posted in Uncategorized | Leave a comment

ဘီအာရ်သို့ ပေးစာ

roses br

(ခြေဆင်း)
ဝတ္ထုကောင်းကောင်းလေး ဖတ်ချင်တယ်။ အနားမှာ ၀တ္တုတို
စာအုပ်တွေ ချထားပြီး ဖတ်လိုက်မဟဲ့ဆိုတာ ဘယ်စာအုပ်မှ
မငြိဘူး။ ကိုယ့်ဟာကိုယ်လည်း ရေးချင်စိတ်တွေ ယားယားယံယံ
ဖြစ်တယ်။ ဒါပေမဲ့ တကြောင်းတောင် မစ ဖြစ်ဘူး။ ဒီလ ၁၃ ရက်
မတိုင်ခင်ကတည်းက ကိုအောင်ချိမ့် ပွဲအတွက် စိတ်လှုပ်ရှားရ၊
ကိုအောင်ချိမ့်ပွဲ အောင်အောင်မြင်မြင်နဲ့ကျင်းပနိုင်လို့ ပျော်ရွှင်ရ။
နောက် ၃- ၄ ရက်မှာတော့ သမ္မတ ရွေးချယ်ပွဲထဲ စိတ်က တန်င်ရှင်
ဖြစ်နေခဲ့။ နောက်ဆုံး ဦးထင်ကျော်သမ္မတ အဖြစ်အရွေးခံရတော့မှ
သက်မ ချ နိုင်။ တခါ ၁၈ ရက်နေ့ ခရီးအတွက် စိတ်က စော နေမိပြန်။
စိတ်က အဲဒီ အထဲ ငြိကပ်နေပြန်ပြီး ၁၈၊ ၁၉၊ ၂၀ များမှာ ပင်ပမ်းခက်ခဲ
ကြမ်းတမ်းတဲ့ ခရီးစဉ်ထဲ စိတ်ရောလူရော ပြုတ်ကျနေခဲ့တာ။ ၂၁ ရက်
နေ့က တနေကုန်အသေနား။ အဲ့ညပဲ ထင်ပါရဲ့ မိတ်ရင်းအချို့နဲ့
(သူငယ်ချင်းများ မဟုတ်) စားပွဲရုံထိုင်ဖြစ် ခါတိုင်းထက် နည်းနည်းပို
သောက်ဖြစ်ပြီး သီချင်းဆိုလို့ရတဲ့ အအေးခန်းတခုမှာ သီချင်းတွေ
အော်ဆို ပစ်လိုက်တယ်။ မသိရောရာနဲ့ ထပ်ထပ်သောက်မိပြီး
အတော်မူးမှ တညတာ အိပ်မယ့်အခန်းကို ပြန်ခဲ့တယ်။ နောက်နေ့
တနေ့လုံးလဲ အဲ့ဒီ အခန်းမှာပဲ အရက်နာကျနေခဲ့တယ်။ နီးနီးအတိတ်
(အခု ဒါကို ပြောနေတဲ့ နေ့ရက် ၊အချိန်ကနေ ပြီးခဲ့တဲ့ ဟိုဖက် ၇ ရက်
တပါတ်လောက်ပေါ့) ကို အနုလုံပဋိလုံ ပြန်တွေးနေမိတယ်။ ငါဟာ ဘာလဲ၊
ဘယ်သူလဲ၊ ငါ ဘာတွေ လုပ်ဖို့ကြိုးစားနေတာလဲ။ ငါဟာ ဘာစိတ်နဲ့
ပျော်ဝင်နေသလဲ။ အစရှိသဖြင့်ပေါ့လေ။ အူကြောင်ကြောင်တွေပေါ့။
(source; email to br)

ဘီအာရ်,

၁။
စာ မရေးဖြစ်ဘူး လို့ တညည်းထဲ ညည်းနေမိတာက တကယ်ကို စာရေးချင်
စိတ်တွေ အလွန်အင်မတန်ပြင်းပျနေပြီး ရေးမရလို့ညည်းမိတာပါ။ ဟိုး လွန်ခဲ့
တဲ့ နှစ်အတော်များများတုန်းက ၇ နှစ်လောက် ကဗျာနဲ့အဆက်ပြတ်သွားဘူး
တယ်။ ကဗျာမရေးရလို့လည်း ဘယ်လိုမှ မနေခဲ့ဘူး။ တသက်လုံး ရေးဖြစ်
တော့မှာမဟုတ်ဘူးလို့တောင် စိတ်ဒုံးဒုံးချမိသလောက် ဖြစ်သွားခဲ့တယ်။
ဒါပေမယ့် ၂၀၀၉ လုပ်လက်စ လုပ်ငန်းတွေရပ်သွား၊ အတူတူ လုပ်နေတဲ့
လုပ်ငန်းပါတနာ(ကျေးဇူးရှင် ထိုင်းမိတ်ဆွေ လုပ်ငန်းရှင်) ရုတ်တရက် ဆုံးပါး
သွားတော့ စိတ်ကျရောဂါ ဖြစ်ချင်ချင် အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ရတယ်
လို့ ကိုယ့်ကိုယ်ကို ပြန်လည်သုံ့သပ်မိပါတယ်။ အဲဒီတုန်းကတော့ ကိုယ့်
ကိုယ်ကို စိတ်ကျတယ်လို့ ဘယ်ထင်မလဲ။ ဒါတောင်မှ စိတ်ကျရောဂါ မဖြစ်
အောင်ကိုယ်ဘယ်လို ကိုယ့်ကိုယ်ကို ကာကွယ်လိုက်နိုင်တယ်လို့ကြွေးကြော်
ချင်ဟန်မျိုးကဗျာတပုဒ် ရေးဖြစ်ပါသေးတယ်။ ဒါနဲ့ အဓိကကတော့ နေ့တိုင်း
ပုံမှန်လုပ်နေတဲ့အလုပ်၊ ပုံမှန်တွေးနေတဲ့အလုပ်တွေး၊ ပုံမှန် လက်ခံရရှိနေတဲ့
အီးမေးလ် ဆက်သွယ်မှုနဲ့ ဖုန်းကောလ်တွေ၊ အဲဒါတွေအားလုံး ရုတ်တရက်
ကြီး ရပ်သွားတော့ ဘာလုပ်လို့ ဘာကိုင်ရမယ် မသိပဲ၊ ကြီးမားတဲ့ လပ်ဟာ
မှုကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ရပါတော့တယ်။ အဲဒီမှာ ဆောက်တည်ရာကို
ရှာရတော့တာပဲ။

၂။
ခုလဲပဲ ဒုတိယအကြိမ် လပ်ဟာမှုကြီးနဲ့တိုးသလားမသိဘူး။ စိတ်ပိုင်းဆိုင်ရာ
အတော်ကလေး ကသိကအောက်နိုင်မှုတွေနဲ့နေ့တွေကို ခက်ခဲစွာဖြတ်ကျော်
နေရတယ်။ ပြီးခဲ့တဲ့အခါတုန်းကနဲ့ မတူတာကတော့ စာရေးခြင်းကိစ္စပေါ့။
အဲဒီတုန်းက စာရေးခြင်း(ကဗျာကို ဆိုလို)ကို ချင်ခြင်းမတပ်ခဲ့ဘူး။ စာရေးခြင်း
အလုပ်နဲ့အဆက်အစပ်ပြတ်နေတဲ့ကာလ။ စာမရေးရလို့ ဘယ်လိုမှမနေဘူး။
ခုက စာ (ကဗျာ) ရေးခြင်းဟာ နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်းဖြစ်နေရာက နေ
ရုတ်တရက်ကြီး မရေးနိုင်တော့တာပါပဲ။ ဒါ့အပြင် စိတ်အဆင်ပြေရင်ပြေသလို၊
လှုံ့ဆော်မှု အား ကောင်းကောင်းရရင် ရသလိုရေးဖြစ်တဲ့ စကားပြေရေးကျင့်
ကလေးလည်း မသိမသာ အမြစ်တွယ်စ ပြုနေတဲ့ကာလ ဖြစ်လို့နေပြန်တယ်။
ဒါနဲ့ အားလပ်ရက်တွေမှာ စကားပြေလေးတပုဒ်နှစ်ပုဒ်လောက်တော့ အကြိုက်
ရေးလိုက်မဟဲ့လို့ အားခဲထားတာ။ တကယ်တမ်း စာရေးလို့ကောင်းတဲ့
ပတ်ဝန်းကျင်နဲ့ အကောာင်းဆုံးအခြေအနေကို လက်ဝယ်ပိုင်ပိုင်ကြီးရပေမယ့်
စာမရေးနိုင်တဲ့ ဘာမှန်းမသိခက်ခဲတဲ့ အခြေအနေတမျိုးနဲ့ရင်ဆိုင်ရပြန်တယ်။
ပြောရရင် ဒီနှစ်သစ်မှာ မတ်ခ်ျလ၀င်လာကတည်းက ဆက်တိုက်ဆိုသလို စိတ်
လှုပ်ရှားစရာ၊ ကိုယ့်ကို ပကတိဆွဲဆောင်နိုင်တဲ့ အဖြစ်အပျက်တချို့နဲ့လည်း
ပတ်သက်စပ်ဆိုင် ကြုံတွေ့ဖြတ်သန်းရတာမို့ အဲဒီ စိတ်အတက်အကျလှိုင်းရဲ့
ရိုက်ခတ်မှုနဲ့လည်း သက်ဆိုင်လိမ့်မယ်လို့တွက်ဆမိပါတယ်။ ထင်ထင်ရှားရှား
ကြီး ၃ ခုအနက်က တခုကတော့ ဗမာကဗျာလောကရဲ့ ၀ါရင့် သမ္ဘာရင့် ကဗျာ
ဆရာကြီးကို၊ ကိုယ် ပူးပေါင်းပါဝင်လှုပ်ရှားဖြစ်နေတဲ့ ပင်န်မြန်မာစင်တာမှာ
ကဗျာနဲ့ပတ်သက်ပြီးစကားပြောဆိုတဲ့ အစီအစဉ်တခု လုပ်ဖြစ်ခြင်းပါပဲ။
နှစ်ပေါင်း ၂၀ အထက်မက ဖြစ်စေချင်ခဲ့၊ စိတ်ကူးယဉ်ခဲ့တဲ့ ကိစ္စကို၊ အိပ်မက်
တခုကို၊ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်လို့ ဘယ့်ကလောက် စိတ်ကြွမိ
လိမ့်မယ်ဆိုတာ ဘယ်သူမဆို အလွယ်တကူ ခန့်မှန်း တွက်ဆနိုင်မယ်လို့
ယုံကြည်ပါတယ်။ နောက်တခုကတော့ တနိုင်ငံလုံးဆိုင်ရာအပြောင်းအလဲကြီး
အတွက် ရလဒ်အဖြေကိစ္စပေါ့။ ဒုသမ္မတ တွေအဖြစ် ရွေးချယ်ခြင်းနဲ့ အဲဒီထဲ
ကမှ သမ္မတ တစ်ယောက်ပြန်ပြီး ရွေးကောက်တင်မြှောက်တဲ့ ကိစ္စပေါ့လေ။
ဖေ့စ်ဘုတ်ပေါ်မှာမြင်ရတဲ့ တက်ကြွသူတွေလောက် မတက်ကြွမိတာ အမှန်
ပါပဲလို့ ၀န်ခံနိုင်ပေမယ့်၊ ကိုယ့်တကိုယ်ရည်ဖြစ်စဉ်မှာတော့ ဖြစ်နေကျထက်
အများကြီး ဒီဂရီမြင့်တက်တဲ့ ဖြစ်စဉ်လို့ ဆိုရမှာပါပဲ။ အဲ့ဒီဖြစ်စဉ်ကနေ ရက်
အနည်းငယ်လေးပဲ ခြားပြီး မလွဲမကင်းသာလိုက်ရမယ့် ခရီးစဉ်တခုကအဆင်
သင့် စောင့်ကြိုနေပြန်ပါတယ်။ ၁၈ ရက်နေ့ ည ထွက်ပြီး ၂၀ ရက်နေ့ညဖက်
ပြန်ရောက်တဲ့ အဲဒီခရီးစဉ်ကတော့ ခက်ခဲပင်ပမ်းကြမ်းတမ်းတဲ့ ခရီးစဉ်တခုပါ။
ကားပေါ်မှာတင် နာရီပေါင်းများစွာ စတေးရတဲ့ခရီးမျိုးဖြစ်ပြီး ခရီးဆုံးမှာ နားနား
နေနေနဲ့ ကျွန်း၊ ကမ်းခြေတွေရဲ့ အလှကို ခံစားရချိန်က နည်းပါးလွန်းပါတယ်။
ခရီးစဉ်အကြောင်း သိပ်ပြီးတဖွဲ့တနွဲ့မပြောလိုပေမယ့် ဒါဟာ မတ်ခ်ျလရဲ့
စိတ်ပိုင်းဆိုင်ရာ အနိမ့်အမြင့်ဇယား (ဂရပ်ဖ်) မှာ အရေးပါတဲ့ မျဉ်းကွေးတခုမို့
ထည့်ပြောရတာပါ။ ဒီကြားကာလမှာပဲ မမြော်လင့်ပဲ စိတ်ကိုဒုတ်ဒုတ်ထိ ပြုတ်
ကျစေတဲ့ အဖြစ်အပျက် သို့မဟုတ် သတင်းစကား ၂ ခု ကလည်း ကိုယ့်ရဲ့
စိတ်ပိုင်းဆိုင်ရာခိုင်ခံ့မှုသက်လုံကို စမ်းသပ်သလိုဖြစ်ခဲ့ရပါတယ်။ တခုကတော့
အမေရိကန်နိုင်ငံက အလွန်ထင်ရှားတဲ့တက္ကသိုလ်တခုက နှစ်စဉ်ဖိတ်ခေါ်တဲ့
ခရီရေးတစ်ဗ် အစီအစဉ်တခုကို ၀င်ရောက်လျှောက်ထားခဲ့ရာမှာ ရွေးချယ်ခြင်း
မခံရတဲ့ အကြောင်း အီးလ်မေးလ် ၀င်လာခြင်းနဲ့ အခြားနောက်တခုကတော့
အချစ်ရေး ကိစ္စပါ။

၃။
အမှန်တော့ အချစ်ရေးကိစ္စ ဆိုတာကို ဒီစာမှာ ထည့်မပြောလဲ ရပါတယ်။
အထူးသဖြင့် ဒီစာကို တစ်ဦးတည်း ပထမဦးဆုံး ဖတ်ရသူ (ဘယ်သူမှမဖတ်
လိုက်ရပဲ တစ်ယောက်ထဲလည်းဖြစ် ပထမဆုံးဖတ်ရသူလဲဖြစ်နိုင်သေးတယ်)
မင်းကို ပိုပြီးတော့တောင် ဒီအကြောင်း မပြောချင်သေးတယ်။ ဒါပေမယ့်
စာမရေးဖြစ်ခြင်းအကြောင်း ညည်းခြင်း လို့ ခေါင်းစဉ်တပ်ချင်စရာကောင်းတဲ့
ဒီစာမှာ ဒီအကြောင်းအရာကိုချန်လှပ်ထားလိုက်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်
အတွက်ရော စိတ်ပိုင်းဆိုင်ရာ ကသိကအောက်ဖြစ်နေရမှု အပေါ်မှာရော
မတရားရာကျမှာစိုးလို့သာ ဒါကို ထုတ်ဖော်ပြောရတာပါ။ အချစ်ရေး ကိစ္စ
လို့ ပြောလိုက်တဲ့ ခုအချိန်အခါမှာတော့ အချစ် မဟုတ်တော့တဲ့ အခြားသော
အချစ်နှင့်နှီးနွှယ်ဆက်စပ်ပြောယူရမယ့် ချစ်ရေးကိစ္စဆိုင်ရာနှုန်းစံ တန်ဘိုး
နောက်တမျိုးကို ပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ခပ်လွယ်လွယ်သဘောမျိုးနဲ့
ကလက်တက်တက်ပြောရရင် အသဲကွဲတယ်ပေါ့။ ချစ်သူက ပစ်သွားခြင်းကို
ခံရတယ်ပေါ့။ ဒါပေမယ့် ဒီလို အသုံးအနှုန်းနဲ့ဝါကျတိုပြတ်ပြတ်မျိုးနဲ့ ကိုယ်
ဒီအကြောင်းကို မပြောပြချင်မိတာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း တခြား
နည်းနဲ့သိမ်မွေ့စွာ ပြောဘို့ရာ ကိုယ့်ခံစားချက်တွေ ဘယ်လိုလဲ ဆိုတာကို
ပေါ်လွင်အောင် ဖွဲ့နွှဲ့ပြောဘို့ရာကိုလည်း သိပ်စိတ်မပါပြန်ဘူးလေ။ ပြီးတော့
ကိုယ်တိုင်က ခုနကပေါ့ပေါ့ပျက်ပျက်စကားလုံး ‘အသဲကွဲ’ ဆိုတာနဲ့ ကိုက်ညီ
တဲ့ ပေမီဒေါက်မီစိတ်အခြေအနေမျိုး တကယ်ရှိနေတာလား ရှိမနေဘူးလား
ဆိုတာလည်း သိပ်ပြီး မသေချာလို့ပါ။ သေချာတာကတော့ အသဲကွဲခြင်း၊
ချစ်သူကစွန့်ပစ်သွားခြင်း စတဲ့ အကြောင်းရင်းခံတွေက ဒီပေးစာအတွက်
သိပ်အရေးပါလှတာမဟုတ်ပဲ၊ စာ မရေးဖြစ်ခြင်းနှင့် စာ မရေးဖြစ်အောင် ခုခံ
နေတဲ့ ကိုယ့်စိတ်အခြေအနေကို အသိပေးချင် ဝေငှချင်တဲ့ သဘောကသာ
အဓိကလိုရင်း ဆိုတာပါပဲ။

၎။
ဆိုတော့ ကိုယ့်စိတ်အခြေအနေဟာ ခုလတ်တလောမှာ ‘ကသိကအောက်’
‘လပ်ဟာနေခြင်း’ နဲ့ ‘ကိုယ့်ကိုယ်ကို ဘာမှန်းမသိပဲဖြစ်နေမှု ‘ အစရှိတဲ့
ဝေါဟာရတွေ အသုံးအနှုန်းတွေနဲ့တွဲစပ်ပြီးပြောရမယ့် သဘောလို့ ကိုယ်က
ဆိုလိုချင်မိပါရဲ့။ နေ့တွေဟာ ပူပြင်းတဲ့ နေရောင်အောက်မှာ ကြွပ်ဆတ်
နေကြတယ်။ ဘာက တွဲနှောင်ထားလို့ စိတ်နဲ့လူနဲ့တွဲနေကြပါလိမ့်လို့
တွေးဆ အံ့သြယူရလောက်အောင် ကျားမ အရွယ်စုံလူမျိုးစုံတို့ဟာ လမ်းမ
ပေါ်မှာ ဇောကိုယ်စီနဲ့သွားလာလှုပ်ရှားနေကြတာကို ပြတင်းပေါက် ကန့်လန့်
ကာကြားကနေ မလိုတမာလှမ်းကြည့်နေရင်းက ကိုယ့်အဖြစ်ကို ကိုယ့်ဖာသာ
ကြောင်စီစီဖြစ်နေမိပြန်ရဲ့။ အဲလိုတွေ ဖြစ်နေရတဲ့ကြားထဲမှာ စာရေးချင်စိတ်
တွေ ကလည်း ၀ဋ်ဒုက္ခတမျိုးလို ကိုယ့်ကို ဖိစီးလို့နေကြပြန်သေးတယ်လေ။
ပြီးတော့ မခံချိမခံသာ ဖြစ်စရာက အချိန်တွေလိုသလောက်ပေါပေါများများရှိ
နေခြင်း၊ စာရေးဘို့ပတ်ဝန်းကျင်ကောင်း ရရှိထားခြင်း၊ ရေးစရာတွေ(ကုန်ကြမ်း
တွေလို့ တချို့ကသုံးနှုန်းကြလေရဲ့) မကုန်မခန်းနိုင်အောင် ပိုင်ဆိုင်ထားခြင်း၊
စာ နည်းနည်းပါးပါး(အလုပ်ဖြစ်အောင်)ရေးတတ်ခြင်း၊ စတဲ့ အနေအထားတွေနဲ့
ပြည့်စုံပါရက်နဲ့ စာမရေးနိုင်တာပဲ။ ဒီသုံးချက်နဲ့ ပြည့်စုံနေခြင်းကိုက စာမရေးနိုင်
တွေတွေမှိုင်ဖြစ်နေတဲ့ ကိုယ့်ကို လှောင်ပြောင်နေခြင်းလို့ ကိုယ်ခံစားနေရတယ်။
ဒါကိုလည်း ကိုယ် တွန့်လိပ်ကွေးကောက်စွာ ခံယူရရှိနေတဲ့ ဖိစီးမှုတွေထဲ
ထည့်ပေါင်းပြီး ရေတွက်ရလိမ့်မယ် ထင်ပါရဲ့။

၅။
ကုန်လွန်သွားခဲ့ပြီးတဲ့ ရက်အနည်းငယ်ကို ပြန်ကြည့်မယ်ဆိုရင် နေ့နေ့ညည
ရုံးတရုံးရဲ့ အခန်းတခုထဲမှာရှိနေခဲ့တယ်။ ရုံးမှာ တပ်ဆင်ထားတဲ့ လေအေးပေး
စက်ကြောင့် နေ့မှာ ညမှာ အပူဒါဏ်ကနေ ရှောင်လွှဲနိုင်ခဲ့သလို၊ ရက်ဒ်လင့်ခ်
ဝိုင်ဖိုင်လည်း သုံးလို့ရနေတာကြောင့် ကိုယ်ရော စိတ်ပါ အတော်ကလေးကို
သက်သောင့်သက်သာရှိတဲ့အနေအထားလို့ ဆိုရမှာပဲဖြစ်ပါရဲ့။ ပြီးတော့
စာအုပ်စင်၂ ခုပေါ်က အင်္ဂလိပ်နဲ့မြန်မာ စာအုပ်တွေ။ အဲဒီ စာအုပ်တွေထဲ
ကိုယ်ပြန်ဖတ်ချင်နေတဲ့ စာအုပ်အတော်များများ ပါတယ်။ ဒီလိုပြည့်စုံလွန်းတဲ့
နေရာတခုမှာ စိတ်ကြိုက်လွပ်လွပ်လပ်လပ် စာရေးခွင့်ရတယ်ဆိုတာ နည်းတဲ့
အခွင့်အရေးလား။ ကွန်ပြူတာကို အချိန်ပြည့် ဖွင့်ထားပါရဲ့။ စာမျက်နှာ အလွတ်
တခုပေါ်မှာ ကာလ်ဆာကို အသင့်ချထားပါရဲ့။ စာကတော့ တလုံးမှထွက်မလာ
ခဲ့ပါဘူး။ ဖတ်ချင်တဲ့ စာအုပ်တအုပ်ယူတယ်။ သုံးလေးမျက်နှာလောက်ဖတ်တယ်။
ဟိုကျော်ဒီကျော်လုပ်တယ်။ နောက်တအုပ်ထပ်ယူတယ်။ ဟိုလှန်ဒီလှန်ဖတ်တယ်။
ပျင်းလာတယ်။ ခုနက စာအုပ်ဘေးမှာ ချထားပြီး ခနခွေလှဲတယ်။ မှေးကနဲ
အိပ်ပျော်သွားတယ်။ ပြန်ထတယ်။ လက်ကိုင်ဖုန်းမျက်နှာပြင်ပေါ် ဟိုပွတ်ဒီပွတ်
လုပ်တယ်။ ပြန်ပိတ်ထားလိုက်တယ်။ ရေအိမ်ဝင်တယ်။ ရေသောက်တယ်။
စာအုပ်စင်ရှေ့သွားတယ်။ ဟိုစာအုပ်ဆွဲထုတ်လိုက်၊ နည်းနည်းမြည်းလိုက်၊
ပြန်ထိုးထည့်လိုက်၊ နောက်တအုပ် ဆွဲယူလိုက်။ကျပမ်းတွေ့တဲ့ စာမျက်နှာကို
ဖတ်လိုက်၊ စိတ်တိုင်းမကျလိုက် ပြန်ချလိုက်။ နောက်တော့ စိတ်ကိုဆွဲဆောင်မှု
ရှိလောက်မယ် ထင်တဲ့ စာအုပ် ၃-၄ အုပ် အထပ်လိုက် ယူလာပြီး အခန်းထဲ
ပြန်ဝင်ခဲ့တယ်။ ဆိုဖာပေါ် လှဲလျောင်းပြီး ဖတ်တယ်။ ဘာအရသာမှ မရှိဘူး။
စားပွဲပေါ်က နောက်တအုပ်နဲ့ လဲဖတ်တယ်။ ခဏလေးနဲ့ငြီးငွေ့သွားပြန်ရော။
ရော်… ခက်ကပြီ။

၆။
တနေ့တုန်းက မင်းနဲ့ဖုန်းပြောဖြစ်တော့ ကိုယ်ပြောခဲ့ပါတယ်။ စာမရေးဖြစ်တာ
ရယ် ကိုယ့်စိတ်အခြေအနေတွေေ၀၀ါးနေမှုရယ်။ အဲဒီတုန်းက ပြောခဲ့တာတွေ
သိပ်မပြည့်စုံဘူးလို့ ဆိုရမယ်။ ပြီးတော့ ဒုတ်ဒုတ်ထိပြုတ်ကျနေချိန်မှာ မင်းနဲ့
အသံလှိုင်းကနေတဆင့် စကားပြောရတာ၊ မင်းရဲ့ ရယ်သံလွင်လွင်ကလေးကို
ကြားခွင့်ရတာဟာ ကိုယ့်အတွက်တော့ ‘ကမ္ဘာဦးလူတို့ နေနဲ့လ ကို စ တွေ့ရ
သည့်ပမာ’ ဆိုတဲ့ ရှေးအဖွဲ့အနွဲ့လေးတခု ကိုးကားပြီး တင်စားချင်စိတ်ပေါက်
စရာပါပဲ။ ကိုယ် မင်းကို တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
ဒီရက်ပိုင်းတွေရဲ့ ကိုယ့်ကိုယ်ကို ရွေးနှုတ်ယူခြင်းမှာ မင်းရဲ့ ပြန်လည်စောင်းငဲ့
ကြည့် ခံရခြင်းဟာ အခရာ ပါပဲ။ နေ့အပူကို အံတုရင်း စာရေးဘို့ စာဖတ်ဘို့
ကြိုးစားရုန်းကန်နေရတဲ့၊ စိတ်နဲ့ စိတ် အလိုမကျခြင်းဖြစ်စဉ်ကြီးရဲ့ စီးပိုးခြင်းခံ
နေရသူတယောက်၊ အင်မတန်မှကို ကြိုက်နှစ်သက်တဲ့ စာဖတ်ခြင်းအလုပ်နဲ့
တောင်မှ ကိုယ့်ကိုယ်ကို ဆယ်မ လို့ မရနိုင်သူ တယောက်။ အဲဒီ လူသား
တယောက်ရဲ့ အူကြောင်ကြောင်နိုင်လွန်းပြီး ဘာအကြောင်းပြချက်နဲ့မှ မဆီ
လျော်တဲ့ ‘ဘ၀ထဲ နေမှုထိုင်မှုခက်ခဲနေခြင်းဖြစ်စဉ်’ ထဲကို မင်း ၀င်ရောက်လာပြီး
အသံကလေးနဲ့ ကုစားသွားတာကို ကိုယ်က ဘယ့်ကလောက် အသိအမှတ်ပြု
ကျေးဇူးတင်နေမိတယ်ဆိုတာကိုလဲ ပြောခွင့်ရချင်သေးတယ်လေ။ ခုလောက်
ဆိုရင်တော့ ဒီရက်ပိုင်းတွေထဲ ကိုယ့်ဖြတ်သန်းမှု ဂရပ်ဖ် အတက်အကျကို
မင်း ရိပ်စားမိလောက်ပါပြီ။ မသိသင့်တာ တချို့လဲ သိလိုက်ရပြီဆိုတော့ မင်း
ကြိတ်ရယ်နေမလား။ ဟွန်း.. လို့ ဘာရယ် မဝေခွဲနိုင်တဲ့ အာမေဋိတ်တခုကို
မင်းပြုလိမ့်လေမလား။

အသက်နဲ့အမျှပါ ဘီအာရ် …

မင်းရဲ့ –

အန်-ဆက်ဒ်
၂၆ မတ်ခ်ျ ၂၀၁၆ ပုဇွန်တောင်၊ ရန်ကုန် ၁၁း၀၅ နာရီ

Posted in Uncategorized | Leave a comment

ကျိန်စာ

FB_IMG_1458865368984

 

 

 

 

 

 

 

 

ကဗျာကို
အပျော်ပဲကြံခဲ့တာ

လေးနက်မှုနဲ့
မှောင်မည်း ခက်ခဲခြင်း

ပြီးတော့
ပြန်မရုန်းထွက်နိုင်တော့ခြင်း

သေအောင်ပါမယ့်
ဒဏ်ရာ။ ။

Posted in Uncategorized | Leave a comment

နတ်သမီး

ကုန်းတတန်၊ ရေတတန်၊ လှေတတန်
လေယာဉ်ပျံလဲ ကြုံသလို တက်စီးရသေးတယ်
ရေဒီယိုမှာ မိုးလေ၀သ သတင်းက မင်းနဲ့နီးစပ်ဘို့
ပိုဆိုးသွားတယ် ကြက်ဥကို မွှေခေါက်ပြီး ကြော်လိုက်
သေးတယ် ပုံနှိပ်မဂ္ဂဇင်းတွေ အကြောင်းတော့ မပြော
ပါနဲ့တော့ကွာ ဧည့်သည်တွေက လိမ္မာရေးခြား ရှိရှာကြ
ပါတယ် ဒေါ်လာ အစုတ်အပြဲကိစ္စနဲ့ကို အနုပညာမြောက်
နေခဲ့ပြီ မနေ့က မင်းကိုယ်တိုင်တောင်မှ အိပ်ဆေးသောက်
အိပ်ရတယ် ဆို! လိမ္မော်သီးကို ပန်းသီးလို့ လိမ်ရောင်းလို့
ရတာ ကမ္ဘာပေါ်မှာ အဲဒီ စုံတွဲ တတွဲပဲ ရှိမယ်ထင်ပါရဲ့ ကိုယ်
ကလည်း တုံးတယ် ထူအ, လွန်းတယ် မင့် ညွှန်တံကို ခါးကြား
ထိုးပြီး အူကြောင်ကြောင်အကွက်တွေ ထ လုပ်မိတယ် ကဲပါ
နတ်သမီးရယ် အားလုံးကို သင်ပုန်းခြေလိုက်စမ်းပါကွာ ရေကူး
ကန်မှာ မင့်ကို တွေ့ချင်တယ် အချွန်တွေ အတက်တွေနဲ့တော့
မလုပ်နဲ့ ၂စ လောက်ချည်ထားရင်တော်ပြီပေါ့ကွာ မှုတ်ဘူးလား။

၁၉ ဖေဖော်ဝါရီ ၂၀၁၆ ဖရာ့ပရာဒင်န် ဘန်ကောက် ၀၀း၁၅ နာရီ

IMG_3757aaaaaaaaaaaa

Posted in Uncategorized | Leave a comment

(ပျော်ရွှင်မှုဆိုတာ အနီရောင်နှင်းဆီတွေကို မထင်မှတ်ပဲ တွေ့လိုက်ရတဲ့အချိန်)

940976_1546053079050169_1900289010290326178_n

ကွဲပြားခြားနားတဲ့ “ည” တွေပါဖေဖေါ်ဝါရီလဆိုရင်တော့ နှစ်ဆယ့်ရှစ်ပုလင်း မျက်လှည့်
ဆရာတယောက်လိုပဲ သေသပ်ပိရိပြီးပညာသားပါလွန်း လမ်းထောင့်တနေရာမှာ အ၀တ်ဖြူ
နဲ့လူတစ်စု နေမထွက်ဘူး၊ ကောင်းကင်က မီးခိုးရောင်ဖျော့ဖျော့ အလွမ်းတွေနဲ့နှင်းဆီပန်း
တွေအကြောင်း မှန်းချက်နဲ့ နှမ်းထွက်လွဲရပြန်တယ် ဆားဓါတ်ပါတဲ့ သဲမှုန်တွေကြောင့်
ကင်မရာ ပျက်စီးနိုင်တယ် တဲ့ ဘာလီက ကော်ဖီခါးခါးတစ်ခွက်ပဲ ငွေမင်ရောင် အနားသတ်နဲ့
တိမ်လိပ်တွေ အလူမီနီယံ ခုံတန်းရှည် စုစုပေါင်း ၁၂၈ ခု ရွဲ့စောင်းနေတဲ့ အနီရောင်မီးသတ်ဗူး
တခု ဂဠုန် ကြေးရုပ်တုကြီးရှိတယ် အပြင်ဖက်ကိုလှမ်းကြည့်ရင်းက စိတ်လှုပ်ရှားမှုဟာ ဂျက်ကက်ရဲ့အတွင်းဖက်ခြမ်းမှာရှိတယ် မျက်နှာကို ပေါင်ဒါရိုက်နေတဲ့ အမျိုးသမီး ရှိတယ်
ကင်မရာခလုပ်ကို နှိပ်လိုက်တယ် အသာ ဖိညှပ်ပြီး နေသားတကျ ရှိနှင့်နေပြီး အသာအယာ
ဝိုင်းရံပြီး အဲဒီ မနက်သုံးနာရီပတ်ဝန်းကျင်မှာ ဆိုက်ရောက် ခန်းမဆောင် (၃) မာဖလာ အညို
ကွက် အင်ဂျင်စက်သံ တညပြီးတည တရုတ်ဘာသာစကား လူရဲ့ကိုယ်ခန္ဒာနဲ့ မျှော်လင့်ချက်
တစုံတရာ ဂါဝန်အဖြူ ရောင်နီလာအံ့ဆဲဆဲမနက်ခင်း ခဏနေတော့ ယိုးဒယားဆိုင်လေးတစ်ဆိုင်
သူတို့ဆိုနေတဲ့ Casablanca သီချင်း ကူတာနဲ့နူဆာဒူဝါ သစ်ရွက်တွေလည် စိမ်းလက်တောက်ပ
ညက ဒါမှမဟုတ် မနက်စောစော မတ်နေတဲ့ချောက်ကမ်းပါးအစွန်းလေး(ခက်တဲ့ မျောက်တွေပဲ)
ခါးစည်းကြိုး အ၀ါရောင်လေး လမ်းဘေး သစ်သီးဆိုင်လေး ကျွန်မရဲ့ အရိပ်တစွန်းတစ ဒါပေမယ့်
ခိုင်ခံ့တဲ့ ခြံစည်းရိုး ဒါပေမယ့် ကျွန်မ မေ့လျော့နေခဲ့တယ် မှီတွယ် လိပ်ပြာဥယျာဉ် လေတွေက
လည်း တိုက်လိုက်တာဆိုတာ ၁၂ သြဂက်စ် ၂၀၁၅ Ulu ဆိုတာက ထိပ်ဖျား၊ Watu ဆိုတာက
တော့ ကျောက်တုံး ပျော်ရွှင်မှုဆိုတာ အနီရောင်နှင်းဆီတွေကို မထင်မှတ်ပဲတွေ့လိုက်ရတဲ့အချိန်။

၁၁ ဇန္န၀ါရီ ၂၀၁၅ ပင်န်မြန်မာရုံးခန်း၊ ပုစွန်တောင် ၂၁း၁၂ နာရီ

Posted in Uncategorized | Leave a comment