ခါတိုင်းလိုပဲ မောင်ဒေးနဲ့ထိုင်နေကျဆိုင်မှာထိုင်ပြီး ၁၀ နာရီလောက်မှာ မထချင်ပဲ ထခဲ့တယ်။
ဘန်ကောက်မြို့လည်ကနေ ကိုယ်နေတဲ့ အစွန်အဖျားကို ရောက်တဲ့ ဘတ်စ်ကား ၁၃၈ ကို စီး
လာခဲ့တယ်။ အ၀ိုင်းကြီးကိုပတ်ပြီး ပရတူနမ် ကုန်းကျော်တံတားက ဆင်းပြီးတာနဲ့ နှစ်ထပ်အမြန်
လမ်းအ၀င် တိုးဂိတ်ကိုရောက်ပြီပေါ့။ ပြီးရင်တော့ မိုးပျံတံတားကြီးတစ်လျှောက် မနားတမ်းမောင်း
သွားတော့မယ်။ မိုးမျှော်တိုက်တွေကို တရိပ်ရိပ်ဖြတ်ကျော်ခဲ့ပြီး တနေရာရောက်တဲ့အခါ တခြား
အမြန်လမ်းတွေဘေးကနေကွေ့ဝိုက်ပြီးလာပေါင်းကြတာမို့ မိုးပျံတံတားဟာ ပြန့်ကျယ်ကြီးဖြစ်
သွားတော့တယ်။ ဒါပြီးရင်ဘတ်စ်ကားဟာ ကျောက်ဖရားမြစ်ကိုဖြတ်တော့မယ်ဆိုတာ သိနေပြီ။
အဲဒီလိုဖြတ်ခိုက်မှာမြစ်ရဲ့ဘယ်ညာတစ်လျှောက်က မီးရောင်စုံတွေ အနှံ့လင်းနေတဲ့ မြင်ကွင်းကို
ဘယ်တော့မှ မငြီးငွေ့စတမ်းမြင်ရတယ်။ ကီလိုကောက်လို့ခေါ်တဲ့ ကားလိုင်းစုံတဲ့မှတ်တိုင်မှာ
ဆင်းပြီးတော့ ခရီးတိုဆွဲတဲ့ကားအသေးကို ပြောင်းစီးရတယ်။ ဂငယ်လိုကွေ့ဝိုက်နေတဲ့ မြစ်ကို
နောက်တကြိမ်ထပ်ဆုံရပြန်တယ်။ ခေါင်းပေါ်မှာ ကြီးမားခိုင်ခံ့တဲ့ ကြိုးဆိုင်းမြစ်ကူးတံတားကြီး
ကို ခံ့ထည်စွာတွေ့ရတယ်။ ကိုယ်နေတဲ့ မြစ်ဟိုဖက်ကမ်းကို ဖယ်ရီသင်္ဘောကလေးနဲ့ကူးရအုန်း
မယ်လေ။ ဘန်ကောက်မြို့တော်ကြီးရဲ့မြင်ကွင်းတွေလောက် မခမ်းနားတော့ပေမယ့် ကိုယ့်စံပျော်
ရာ မြို့စွန်မြို့ဖျားကလေးရဲ့ အငွေ့အသက်ကို ကိုယ်ချစ်တယ်။ ညဟာ အသက်ဓါတ်နဲ့ပြည့်ဝလို့။
၎ မတ်ခ်ျ ၂၀၁၇ ပင်န်မြန်မာ ၁၅း၄၃ နာရီ