မုန်တိုင်းအမည်ရှိ အက်ဆေး (စကားပြေ လေ့ကျင့်ခဏ်း)

imagesdinner

မရောက်သေးသောခရီးမိုင်များသည် ရှည်လျားလှပေစွ။ ဘ၀သည် ခရီးလား။ နာရီသံတချက်ချက်၏
ထုံထိုင်းထိုင်း စေ့ဆော်မှုသည် နံရံပေါ်က ပြက္ခဒိန်ကို သွေးတိုးစမ်းနေသလို။ မနက်က သောက်ခဲ့တဲ့
ကော်ဖီခွက်မှာ ယင်ကောင် တစ်ကောင်နားနေသည်။ ဟိုတစ်ယောက်ဆီကို ဖုံးမဆက်ရသေးပါ။

မှတ်တိုင်များသည် သမိုင်း၏အထောက်အထားများလေလော။ ရွက်ခြောက်များ ရောက်လာလိုက်
ပြန်ပျောက်သွားလိုက်။ ထိုင်နေသော ကခြေသည်၏ (သိမ်မွေ့နူးညံ့စွာ) နိမ့်ချည်မြင့်ချည်ဖြစ်နေသော
ရင်အုံ။ ဖောထပ္ဗအာရုံ။ အပျက်သည် အဖြစ်၏နောက်မှ ကပ်လျက်။ အ၀ါရောင် ဂျုံခင်းသည် တောက်ပ
လျက်။ အဝေးမှ ခေါင်းလောင်းသံများသည် အနားမှာ တီးခတ်နေသလို နားများပင် အူ နေချေပြီတည်း။
အမှောင်၏ရနံ့ကို မခေါ်ငင်ခဲ့ပါပဲလျက် အိမ်ရှေ့ဝင်ပေါက်တံခါးမှာ အလင်းတစ်စသည် ခုန်ပေါက်လျက်။
မသိသော အရောင်များသည် မကြားဖူးသော ပုံရိပ်များကဲ့သို့ပင် ပဟေဠိများ ကျဲဖြန့်လျက်။ ပြန်မပြောပြ
တတ်သော ပုံပြင်များသည် သင်းပျံ့မွှေးကြိုင်လျက်။ ရေခဲတောင်ပေါ်မှာ နှင်းဆီပွင့်တစ်ပွင့်။ အပြုံးသည်
မာကျောတင်းတောင့်နေပေသည်။ ကိုယ်သည် စာတပုဒ်ကို ရေးသားလျက်ရှိပါသည်။ စာမရေးဖြစ်တာ
အတော့်ကို ကြာခဲ့ပြီ။

အမှားတစ်ရပ်ကို ကျူးလွန်လိုက်ခြင်းသည် စတီးဇွန်းတစ်ချောင်းကို ကွေးလိုက်သည်နှင့်တူ၏။ မိုးများ
ရွာသွန်းခဲ့ပြီးသည်မှာ ရက်သတ္တပတ်အနည်းငယ်ရှိသွားပြီ။ သွား နှုတ်ထားသော နေရာမှ သွားဖုံးသည်
ယားယံနေ၏။ မုချမလွဲမသွေ (မုချ မလွဲမသွေ) လွဲသွေတော့မှာ အသေအချာပဲ။ ဟု သိနေရသည်။ ဟု
ထုတ်မပြောချင်ပါ။ ဟု ပြောမိသည်။ ဟု ရေးလည်းရေးမိသည်။ စာရေးနေတုန်းမှာပဲ ကျောပေးထားတဲ့
ပြူတင်းမှန်တရုတ်ကပ်မှာ စာကလေး တစ်ကောင် ကျလိ ကျလိ လာလုပ်တယ်။ အလင်းရောင်ဟာ
အဲဒီ ပြူတင်းကနေ လျှောထိုးဝင်လာနေတာ။ နေဆိုတဲ့ ဓါတ်ငွေ့လုံးကြီး အဆက်မပြတ်တောက်လောင်
နေရာက စင်ထွက်လာတဲ့ အမှုန်တွေကို အလင်းလို့ ခေါ်တာတဲ့။ အထွေထွေသိပ္ပံ ဘာသာရပ်မှာ သင်
ခဲ့ရဘူးတာပါ။ မှားချင်လဲ မှားမယ်။ မှန်ချင်လဲ မှန်မယ်။ မဟုတ်ဘူးလေ သိပ္ပံသင်္ခန်းစာကတော့ မှားချင်မှ
မှားမှာပေါ့။ ကိုယ်ပြန်ပြောတာ မှားလား မှန်လား မသေချာတာကို ပြောချင်တာပါ။ တခါတခါမှာ ကိုယ်
ပြောချင်တာကို ကိုယ်ကျွမ်းကျင်တဲ့ မိခင်ဘာသာစကားနဲ့ပြောရင်းကကို လွဲချင်လွဲနေတော့တာပဲ။

ကိုယ် စာရေးသားသည့်အခါ တိုင်းသူပြည်သားများ ဒုက္ခအတိနှင့်ရင်ဆိုင်နေရကြောင်းကို ဖွဲ့နွဲ့ဖြစ်မည်
မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော ထိုသို့ဖွဲ့နွဲ့ရန် မကျွမ်းကျင်သောကြောင့်ဖြစ်ပါသည်။ ကိုယ် မကျွမ်း
ကျင်တဲ့အလုပ်ကို မလုပ်ရန် ကိုယ့်မာန်နတ်က ကိုယ့်ကို အမြဲ တောင်းဆို၏။ ကိုယ့်မှာ မာန်နတ်ရှိသည်။
ဂေါတမမှာလဲ ဘုရားမဖြစ်မီက မာန်နတ်ရှိသည်ဟု ဖတ်ဖူး ကြားဖူးပါသည်။ တူတူပဲလားတော့ မသိပါ။
ကိုယ့်မာန်နတ်ကို ကိုယ်က ထ-ပ-ဖ ဟု ချစ်စနိုးဖြင့် အမည်ပြောင်ပေးထားပါသည်။ မသိကိန်းအစဉ်တန်း
တစ်ခုကို အမည်(သို့မဟုတ် ကုတ်ဒ်) တခု ပေးထားသလိုမျိုးဟု မတတ်တတတ်နှင့် ဥပမာပေးလိုပါသည်။
ထ-ပ-ဖ သည် တခါခါမှာ အတော်လူဝါးဝ ပါသည် (သာဓု လူဝါးဝတယ် မှ စာလုံးပေါင်းယူ)။ သူသည်
ကိုယ်က ပြောသလိုလိုနှင့် ကိုယ့်ကိုယ်စား ၀င်၍ပြောတတ်ပါသည်။ ပေါ့ပေါ့ပါးပါး နောက်ပြောင်သည့်
ကိစ္စများ၌ မထောင်းသာသော်လည်း အလေးအနက်ကိစ္စ သို့မဟုတ် တဖက်လူက စန်းစန်းတင့် ဖြစ်နေ
သည့် အခါများ၌ အတော်ခွကျသည့်ကိစ္စပင်။ လူ့အရေပြားတွေကို တွဲသီချုပ်ထားတဲ့ ပြဇာတ်တစ်ပုဒ်
ကို ကြည့်နေရသလိုမျိုး လို့ ကိုယ် မတင်စားချင်ပါ။

ကိုယ်သည် စာရေးပျင်းသူပီပီ ငါ ရေးတာ အတော်များများ ရောက်သွားပြီလားဟု Microsoft Word
မီနျူးဘား အောက်ခြေမှ စာလုံးရေပြ အကွက်ကို ကြည့်မိရာ စာရိုက်နေတုန်းမှာပင် ၂၂၂ ဟု တွေ့ရပြီး
ရပ်လိုက်သည့်အခါ ၂၂၆ ဟု တွေ့ရပါသည်။ သိပ်မှန်လွန်း တိကျလွန်းခြင်းများသည် လူသား၏ ဖြစ်စေ
လိုသည့် ဘောင်အတိုင်းအတာထက် ကျော်လွန်ကာ ပြက်ရယ် ပြုသလိုပင် ခံစားရကြောင်းကို ဤနေရာ
၌ မှတ်တမ်းပြုပါ၏။ ဂျိမ်းဂျွက်စ်သော်လည်းကောင်း၊ ဗာဂျီးနီးယား ၀ုဖ် သော်လည်းကောင်း ထိုသို့ တခါ
မျှပင်လျှင် လုပ်ဖူးကြမည်ဟု ကိုယ် မထင်ပါ။ ကမ္ဘာပေါ်၌ ကမ္ဘာကျော်စာရေးဆရာကြီးတွေ များစွာရှိပါ
သည်။ ကိုယ်သိပ်မသိပါ။ ကိုယ် အင်္ဂလိပ်စာ မတတ်ကျွမ်းပါ။ သို့သော် ခုနက ပြောခဲ့သည့် စာရေးဆရာ
နှစ်ယောက်ကို သိပါသည်။ သူတို့၏ ၀တ္တုတိုများ စာကောင်းပေမွန်များကို ဗမာစာပေထဲသို့ ပြန်ဆိုထား
တာကို ဖတ်ဖူးသဖြင့် ဖြစ်ပါသည်။ ပြောရလျင် ယခုရက်ပိုင်းများမှာ ဗာဂျီးနီးယား ၀ုဖ် ၏ ၀တ္ထုတိုများကို
ဗမာ စာရေးဆရာအချို့ စုပေါင်းပြန်ဆိုထားသည့် စာအုပ်ကို ဖတ်လျက်တန်းလန်းဖြစ်ပါသည်။ သူတို့ရဲ့
စုပေါင်း ဘာသာပြန်ထားသည့် စာအုပ်မှာ ဗာဂျီးနီးယား ၀ုဖ် ကို ဗာဂျင်းနီးယား ၀ုဖ် ဟု စာလုံးပေါင်းထား
ပါသည်။ ကိုယ်က ထိုသို့ ပြောသဖြင့် ဗာဂျီးနီးယား ၀ုဖ် ဟု စာလုံးပေါင်းမှ မှန်သည်ဟု မယူဆ လိုက်စေ
ချင်ပါ။ ကိုယ်က ဗာဂျီးနီးယား ၀ုဖ် ဟု မှတ်မှတ်သားသား ဖြစ်နေခဲ့ပြီး၊ ယခုစာအုပ်မှာ ဗာဂျင်းနီးယား ၀ုဖ်
ဟု စာလုံးပေါင်းထားတာမို့ အနည်းငယ် မဆိုစလောက် စိတ်ထဲ ရှုပ်ထွေးရမှုကိုသာ ဖော်ပြလိုရင်းဖြစ်ပါ
သည်။ တကယ့် ပြောလိုရင်းမှာ ဂျိမ်းဂျွက်စ်သော်လည်းကောင်း၊ ဗာဂျီးနီးယား ၀ုဖ် သော်လည်းကောင်း
သူတို့ စာရေးသည့်အခါ ငါ စာလုံးရေ ဘယ်လောက် ရေးပြီးသွားပြီလဲ ဟု ချက်ခြင်း သိနိုင်ရန် မဖြစ်နိုင်
သို့မဟုတ် ယင်းသို့ စစ်ဆေးကြည့်ဖို့ စိတ်ကူးမိ၊ လုပ်မိကြလိမ့်မည်မထင်ကြောင်း ကိုယ့်ထင်မြင်ချက်
ကို လှစ်ဟ ပြခြင်းမျှသာဖြစ်ပါ၏။

ညသည်ယခုအခါ အလိုလိုက်ခံထားရသည့် အပျိုမလေး လို ရဲတင်းသွက်လက်စ ပြုလာချေပြီ။ အသံ
ပလံများသည် ဖြည့်စွက်ရမည့် ရွှေချည်မှုန်ကလေးများသဖွယ် တလက်လက်ဖြင့် ကောင်းကင်မှ ကျလာ
နေကြ၏။ မြစ်ကူးတံတားထိပ်တွင် သူမကို ရုတ်ခြည်းမြင်လိုက်ရသည်။ သူမ မျက်နှာမှာ အပြုံးအရယ်မဲ့
လျက်။ ညာဖက်မျက်လုံးပေါ်ကို ဖြတ်၍ ကျနေသော ဆံပင်နွယ်အချို့ကို ကိုယ်က စိတ်ရှုပ်မိရသေးသည်။
မြစ်ကူးတံတားပေါ်မှာ ဘာမျှမရှိချေ။ တံတားအောက်မှာ မြစ်ရေနောက်ကျိများသည် တသွင်သွင် စီးဆင်း
လျက်ရှိ၏။ မြစ်ရေကို တသွင်သွင်စီးသည်ဟု ရေးသားဖွဲ့နွဲ့ခဲ့သည်မှာ ကိုယ် အပါအ၀င် စာရေးသူ ပေါင်း
မည်မျှရှိခဲ့လိမ့်မည်နည်း။ ညစာမှာ သိပ် တခန်းတနားကြီး မဟုတ်လှပေ။ ပြောင်လက်သော ကြွေပန်းကန်
အရွယ်အစားအမျိုးမျိုး၊ တောက်လက်သော စတီးလ် ဇွန်း ခက်ရင်းနှင့် ဒါးများ။ ထို့နောက် ဖယောင်းတိုင်
မြင့်မြင့်ကြီးများ။ ပြီးတော့ ဘာ့ခ်ျ ရဲ့ ဆင်ဖိုနီတေးသွားများ။ ကတ္တီပါ ကားလိပ်ကြီးများကိုမူ မသိချင်ယောင်
ဆောင်လိုက်ရပေ၏။ ဘတ္တလာ စီစဉ်တည်ခင်းသည့် အတိုင်း ယူနီဖောင်း အကော့သားနှင့် ဘွိုင်များက
စားပွဲတစ်ခုနဲ့ တစ်ခုကြားမှာ လူးလာခေါက်တုံ့။ မျက်ရည်များသည် တသွင်သွင် စီးကျလျက်။ မြစ်သည်
ကောက်ကွေ့လျက်။ ညစာစားပွဲသည် တစ်စထက် တစ်စ ဆူညံလာလျက်။ မုန်တိုင်းကို မြင်ရပြီ။

၁၄ သြဂတ်စ် ၂၀၁၅ ကျောက်မြောင်း၊ ရန်ကုန် ၁၉း၅၆ နာရီ

Advertisements
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s