ကျမတို့ နစ်မြုပ်ခဲ့ကြပြီးပြီ
ကိရိယာတွေက ဘယ်လိုပဲပြောပြော ဒါ သမိုင်းပဲ
ပြီးတော့ ဒါဟာ ပိုမိုစေးပြစ်ထူပိန်းလာ လေးတွဲ့လာနေတယ်
ကျမတို့အဖို့ အင်တွဲရည်တွေကို သောက်ကြရလိမ့်။
မှုန်ဝါးဝေသီခြင်းဟာ မြဲမြံတဲ့ ဖြစ်စဉ်တခု
အဲသလောက်နှစ်တွေ ပွထလာခဲ့ရတာ ကံကြမ္မာအညံ့တွေလား
ရက်စက်ခြင်းကို ဒီထက် အမည်ပြင်းထန်တာနဲ့ အစားထိုးချင်တယ်
ကျမတို့အဖို့ အင်တွဲရည်တွေကို သောက်ကြရလိမ့်။
အားအင်ကုန်ခမ်းသမျှ အသိဥာဏ်ဆင်းရဲနုံ့နဲ့လာနေခြင်း
သစ်တောတွေ ပြုန်းသွားသလို မျိုးဆက်တွေပြုန်းသွားတယ်
အပေါစားပစ္စည်းတွေ ပေါများလာသလို လူ့အန္ဓတွေပေါများလာနေတယ်
ကျမတို့အဖို့ အင်တွဲရည်တွေကို သောက်ကြရလိမ့်။
ဂုဏ်ပြုအပ်သည်တို့အား တေးဆိုဖို့ ဆွံ့အ နေတဲ့ ညသီကရီများ
တကိုယ်ရည်ချင်း အက်ကွဲ ပြုတ်ထွက် လွင့်စင်ခြင်းများ
သိန်းနဲ့သန်းနဲ့ချီတဲ့ စာအုပ်တွေပေါ် စာလုံးအက္ခရာတွေနဲ့ ဖွဲ့သီထားရုံမျှသာ
ကျမတို့အဖို့ အင်တွဲရည်တွေကို သောက်ကြရလိမ့်။
အလင်းရောင်ဟာ ထင်ရှားလာလိုက် မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်လိုက်
ဝရုန်းသုန်းကား အဖြစ်အပျက်ကြီးတစ်ခုလုံးက မီးမောင်းထိုးပြထားသလို
အရိပ်အယောင်တွေဟာ တကယ်အရှိတွေနဲ့ ဒွေးရောယှက်တင်ဖြစ်သွားကြတယ်
ကျမတို့အဖို့ အင်တွဲရည်တွေကို သောက်ကြရလိမ့်။
ကျမတို့ နစ်မြုပ်ခဲ့ကြပြီးပြီ
ကျမတို့ နစ်မြုပ်ခဲ့ကြပြီးပြီ
ကျမတို့အဖို့ အင်တွဲရည်တွေကို သောက်ကြရလိမ့်
ကျမတို့အဖို့ အင်တွဲရည်တွေကို သောက်ကြရလိမ့်။ ။
ခင်အောင်အေး
၃၁၊ ဇန်နဝါရီ၊ ၂၀၁၁ ဘန်ကောက် ၁၉း၃၉ နာရီ