ရေဝေးသုသန်တစ်ခုလုံးမှာ အချိန်လုပြီး ချရသည့် အသုဘများဖြင့် ပျားပန်းခတ်နေကြပါသည်။ လူတွေကို ကြည့်ရသည်မှာ ယောင်ယောင်ကန်းကန်းဖြင့် လျှောက်မိလျှောက်ရာ လျှောက်နေကြသူတွေလို မီးသင်္ဂြိုဟ်စက်နဲ့ အသုဘအခန်းအနားပြင်ဆင်ရာ ကော်ရစ်ဒါတစ်လျှောက် အစုံအဆန်ပြုနေကြပါသည်။ အကြမ်းဖျင်းအားဖြင့် လူစည်ကားသောနှင့် မစည်ကားသော၊ ပန်းခွေတွေ ပန်းခြင်းတွေ များသောနှင့် မများသော အသုဘ ၂ မျိုး၂စားတို့မှာ ဤမီးသင်္ဂြိုဟ်စက်ထဲသို့ အချိန်မီမ၀င်လျင် ဟိုဖက်ဘ၀ကို မရောက်တော့မှာ စိုးရသည့်အလား သုတ်သုတ် သုတ်သုတ်နှင့်အလုအယက်နီးပါး ကြိုးစားနေကြပုံနှင့် တူနေသယောင်ပင်။ ကျနော်သည် မတွေ့တာအလွန်ကြာပြီဖြစ်သော ဆွေမျိုးညာတိ တစ်ဝမ်းကွဲ နှစ်ဝမ်းကွဲ မောင်နှမများကို ကောင်းစွာမှတ်မိသည်လည်းရှိ၊ ဇဝေဇ၀ါဖြစ်သည်လည်းရှိ ဖြင့် တုံ့ပြန်နှုတ်ဆက်ရင်း စိတ်ထဲမှာတော့ ဟာလာဟင်းလင်းကြီးဖြစ်နေမိပါသည်။ လူ့လောကထဲမှာ င့ါအဖေ မရှိတော့ဘူး ဟူသည့် ဟာလှပ်မှုမျိုးမဟုတ်ပဲ အဘယ်အာရုံသည် ယခုနေအခါမှာ စိတ်နှင့် ကပ်ထားရမည်မသိသော ဟာလာဟင်းလင်းဖြစ်မှုမျိုးဖြစ်ပါ၏။ ‘တစ်နေ့ကျ ငါလည်း…’ဟူသည့် အတွေးမှာ အတွေးအခွံသက်သက်မျှသာဖြစ်ပြီး ရင်ထဲအသည်းထဲအထိ တိုးမ၀င်နိုင်ခဲ့ပါ။ တစ်ခါတစ်ခါတွင် မီးသင်္ဂြိုဟ်ရမည့်အလှည့်သည် မရောက်နိုင်တော့ပဲ ဒီအတိုင်းကြီး Pause နှိပ်ထားသလို ရပ်တံ့နေတော့မှာလားဟုပင် ထင်ယောင်မြင်ယောင်လာခဲ့ပါသည်။ ကော်ရစ်ဒါ တဖက်အဆုံး ရေခဲတိုက်မှ အလောင်းများ အသုဘများသည် မနားတမ်း တသုတ်ပြီး တသုတ် ထွက်လာနေဆဲဖြစ်ပါ၏။ ကြေးစည်ထု သံမှာ တစ်ခုနောက်မှတစ်ခု ရှေ့နှင့်နောက် ဆက်လို့နေပါသည်။ စီကနဲအော်ဟစ် ငိုယိုသံများ၊ လဲပြိုကျသွားသူကို ၀ိုင်းထိန်းကာ ကားပေါ်ပွေ့တင်ရသည့်မြင်ကွင်းများ၊ ကိုယ်လိုက်ပို့သည့် မသာ ကိုရှာမတွေ့၍ ဟိုမေး သည်စမ်းလုပ်နေကြသူများဖြင့် သုသာန်မှာ တစပြင် ဆိုသော စကားနှင့်မလိုက်ဖက်ပဲ ရှိနေချေ၏။
အစ်မဖြစ်သူက ‘နင် အဖေ့ဓါတ်ပုံကိုင်ပြီး ရှေ့ကထွက်၊ မီးသင်္ဂြီုဟ်ကာနီးမှာ အဖေ တရားနာဖို့ အိမ်လိုက်ခဲ့ပါလို့ပြောပြီး အဖေ့ကိုယ်ပေါ်ကပစ္စည်းတစ်ခုခု ယူခဲ့၊ နင် လုံးဝ စကားမပြောနဲ့နော်’ ဟု ကပ်ပြောသွားပါသည်။ ကျနော်သည် ‘နင် လုံးဝစကားမပြောနဲ့နော်’ ဟူသော စကား အပေါ် တမျိုးကြီး ခံစားမိပါသည်။ အဖေနှင့်ကျနော် တစ်သက်လုံးမှာပြောခဲ့သောစကားများကို စုပေါင်းပြီး ဆက်တိုက်နားထောင်လျင် ၂၄ နာရီစာ တောင် ပြည့်ပါ့မည်လားဟု သံသယ ဖြစ်နေမိပါသည်။ တကယ်တမ်းဆိုရလျင် အဖေနဲ့ကျနော် တစ်ခါဘူးမျှ နှစ်ယောက်ထဲ စကားလက်ဆုံမကျဖူးပါ။ ကျနော် မွေးသည်မှ ယခုအဖေကွယ်လွန်သည့်တိုင်ဖြစ်ပါသည်။ အဖေ ဇရာထောင်း၍ ဘုံးဘုံးလဲသည့်အခါ အန်တီ့အိမ်မှ အစ်မအိမ်သို့ရောက်လာခဲ့သည်။ ထိုမှစ၍ ကျနော်သည် အဖေ့ကို စကား လက်ဆုံကျဖို့ ကြိုးစားကြည့်ခဲ့ပါသည်။ အဖေနှင့်ကျနော်ကြားမှာ ပြောစရာစကားမရှိပါ။ အဘယ်အကြောင်းအရာ Subject ကို တည်၍ ပြောရမှန်းကို တွေးမရပါ။ ဒီလိုနှင့်ပင် ‘အဖေ ကျနော်လာတယ်’ ‘အေး အေး..’ ‘အဖေ ကျနော်ပြန်လိုက်အုန်းမယ်’ ‘အေးအေး..’ တွေနှင့် ကျနော်နဲ့အဖေရဲ့ စကားပြောခန်းဟာ အစနဲ့အဆုံးသံသရာလည်ခဲ့ရပါသည်။ အဖေဆေးရုံပေါ် ICU ခန်းထဲရောက်သည့် အချိန်မှာတော့ နှာခေါင်းမှာ အောက်ဆီဂျင်ပိုက်တန်းလန်းနှင့် ပါးစပ်မှာ အစာသွင်းပိုက်နှင့် မေးသိုင်းကြိုးတွေနှင့် ချိုင့်ခွက်ဝင်နေသည့် အဖေ့မျက်နှာမှာ ကျနော့်ကို စကားပြောချင်သည့် အရိပ်လက္ခဏာတွေတွေ့ရပေမယ့် အဖေမပြောနိုင်တော့ပါ။ ကျနော့်မှာလဲ အဘယ်စကားသည် အဖေ့အတွက် နားထဲဝင်မလဲ စိတ်အေးသက်သာရာရမလဲဟု ဥနှောက်ခြောက်ခမန်း စဉ်းစားရင်းနှင့်ပင် ရီဝေသော အမျိုးအမည်မဝေခွဲတတ်သော အကြည့်များဖြင့်သာ အဖေ့ကို ကြည့်ရင်း ICU အခန်းထဲက ထွက်လာရစမြဲဖြစ်ခဲ့ရပါ၏။ အတွေးစ ကိုဖြတ်ကာ ဘယ်တုန်းက ထုတ်ယူလာမှန်း မသိပဲ ကိုယ့်ရှေ့ရောက်လာသည့် အဖေ့အသုဘစင်ကို ယောင်ကမ်းကတမ်းဖြင့် ထ ကြည့်မိရင်း၊ ယူသွားရမည့် ပစ္စည်းတစ်ခုခု ဆိုတာကိုမျက်လုံးဝေ့ကာ ရှာဖွေကြည့်နေစဉ် ၀န်ထမ်းတစ်ဦးထံမှ တစ်ဆင့် တစ်စုံတစ်ယောက်က အနည်းငယ်နွမ်းနေသည့် နှင်းဆီပန်းတစ်ပွင့် လာပေးပါသည်။ အိမ်ယူသွားဖို့ကိစ္စ အတွက်ရည်ရွယ်မှန်း ချက်ခြင်းပင် သဘောပေါက်လိုက်ပြီး၊ ဘယ်က ယူလာမှန်းမသိ သည့် ယင်း နှင်းဆီပန်းကိုမယူလိုသဖြင့် အဖေ့ဓါတ်ပုံနားကပန်းခြင်းထဲက နှင်းဆီတစ်ပွင့်ကိုဖြုတ်ယူကာ အဖေ့ရင်ပတ်ပေါ်တင်လိုက်ပါသည်။
ညီအစ်ကို မောင်နှမတစ်တွေ အဖေ့အလောင်းကို ကန်တော့ကြပါသည်။ ကျနော် မကန်တော့ဖြစ်ပါ။ တစ်ယောက်ယောက်က လက်ထဲကို ဓါတ်ပုံလာထည့်ပေးပါသည်။ စိတ်ဝိဥာဉ် နာမ်တရား လုံးဝမရှိတော့သည့် အဖေ့ခန္ဓာအတ္တဘောကြီးကို နာမ်တရားရှိသေးလျက် စိတ်ဝိဥာဉ်ထုံအ နေသည့် နောက် အတ္တဘောတခုဖြစ်သည့် ကျနော်က ဦးဆောင်လျက် မီးသင်္ဂြိုဟ်စက်ကြီးထဲသို့ သွင်းယူလာခဲ့ကြပါသည်။ ‘အော် — ငါ အဖေ့အသုဘကို လိုက်ပို့ရုံတင်မက ဦးဆောင် သင်္ဂြိုဟ်သူ ဖြစ်နေရပါလား’ ဟူသော မတွေးချင်သည့်အတွေးကို တွေးဖြစ်အောင် တွေးမိလိုက်ပါသည်။ မတွေးချင်သော အတွေးဟု ပြောရသည်မှာ ဤသို့ဖြစ်ပါ၏။ လွန်ခဲ့သော အနှစ် ၃၀ ကျော်ခန့်က အဖေ့အိမ်မှထွက်သွားပြီး အမေနဲ့သွားနေစဉ်မှာ အဖေက ရုံးမှာ ကျနော့်ကို ခေါ်တွေ့ရင်း ပြောခဲ့သောစကားတစ်ခွန်းရှိခဲ့ပါသည်။ ဆိုင်းမဆင့် ဗုံမပါ၊ အင်ထရိုမ၀င် ပဲ တိုက်ရိုက်ပြောသော စကားဖြစ်ပါသည်။ “အေး.. မင်းကိုငါ ခေါ်ရတဲ့အကြောင်းရင်းက မင်းသေရင် ငါ့ကို အကြောင်း မကြားနဲ့၊ ငါ သေရင်လဲ မင်းမလာနဲ့ ဒါပဲ သွားတော့..” ဟူ၍ ဖြစ်ပါသည်။ ထိုစဉ်တုန်းက အဖေ စိတ်ဆိုးမာန်ဆိုးဖြင့် သတိလက်လွတ်ပြောခဲ့ခြင်းမျှသာဖြစ်ပါ၏။ တကယ်လည်း နှစ်အတန်ကြာ အဖေ့အိမ်နှင့် အဆက်ပြတ်သွားကာ နောင် အိမ်ထောင်ကျခါမှ အ၀င်အထွက် ပြန်လုပ်ဖြစ်ခြင်း ဖြစ်သော်လည်း အဖေနဲ့တွေ့ဆုံခြင်းက မူကား တစ်နှစ်နေလို့ ၁ ခေါက် ဒါမှမဟုတ် ၂ ခေါက်မျှ ဖြစ်ခဲ့သည်မှာ ဘ၀တနံတလျားလုံးပင်ဖြစ်ပေတော့သည်။
သို့နှင့် အဖေ့အလောင်းကို မီးသင်္ဂြိုဟ်စက်ကြီးထဲ ထည့်မည်ပြုသောအခါ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြရင်း ကျနော်ကပဲ ခေါင်းငဲ့အချက်ပြရသည့် တာဝန်ကို ယူလိုက်ရပေသည်။ တစ်သက်လုံး အဖေနှင့်လက်ပွန်းတတီးမနေဖြစ်ခဲ့သူ၊ အဖေ့ကို စိတ်ချမ်းမြေ့အောင်တစ်ခုကလေးမျှ လုပ်မပေးခဲ့ဖူးသူက အဖေ့ခန္ဓာကို မီးမြှိုက်ရမည့်နေရာကျမှ မီးထဲ ထိုးထည့်ဖို့ အချက်ပေးသည့် တာဝန်ယူရသူဖြစ်ရသတဲ့။ အလွန် တော်တည့်မှန်ကန် နေရာကျလှသည့် ကံကြမ္မာရဲ့အခင်းအကျင်းပေတကား။ လျင်မြန်သွက်လက်လှသည့် စန္နလများရဲ့ လှုပ်ရှားမှု မစခင်ကလေးမှာပင် ကျနော်သည် အဖေ့ကို နောက်ဆုံးစကား ပြောလိုက်ရပါသည်။ ‘အဖေ.. တရားနာဖို့ အိမ်ကို လိုက်ခဲ့ပါ’ ဟု နှုတ်မှပြောရင်း ခုနကကိုယ်တိုင် ထည့်လိုက်သည့် နှင်းဆီပန်းကလေးအား အဖေ့ရင်ပတ်ပေါ်မှ ကောက်ယူလိုက်ပါသည်။ မာကျောသည့် သံထည်များ ပွတ်တိုက်သံ၊ သံတံခါးကြီးများ ဖွင့်ပိတ်သံ၊ မီးအားကိုမြှင့်လိုက်သည့် တရှူးရှူးတရှဲရှဲအသံများကြားမှပင် အဖေ့ရုပ်အလောင်းသည် မီးပုံကြီးထဲသို့ တိုးဝင်သွားချေပြီ။ အဖေ ပူမည်လား။ အဖေသည် သူ့ရုပ်အလောင်းကိုသူ ၀ိဥာဉ်ဘ၀ကနေ ငုံ့ကြည့်နေမည်လား။ အဖေ ကျနော့်ကို မျက်ထောင့်နီဖြင့် ကြည့်ရင်း ကျနော့်နောက်က လိုက်လာမည်လား။ အဖေ လူ့လောကထဲ သက်ရှိထင်ရှားရှိခဲ့စဉ်တုန်းက မပြောဖြစ်သောစကားများကို မထွက်သောအသံဖြင့် ကျနော့်အား ပြောနေမည်လား။ ကျနော် စကားပြောလို့မရဘူး ဖေဖေ။ ကျနော် စကားပြောချင်တာပေါ့။ ကျနော် စကားပြောလိုက်ရင် အဖေက ကျနော့်နောက် ဆက်ပြီး လိုက်လို့မရတော့ပဲ ကျန်ရစ်ခဲ့မှာတဲ့။ ဒါဆို အဖေ တရားမနာရတော့ဘူးပေါ့။ အဖေ မကျွတ်မလွတ်တော့ဘူးပေါ့။ ဒါကြောင့် ကျနော် စကားမပြောတာပါ ဖေဖေ။ မထွက်နိုင်သော မျက်ရည်များသည် မျက်ဝန်းအိမ်မှာ ခဲမာနေပြီလားမသိ။ ကျနော် ဘာမျှမမြင်ရတော့ပါ။ ဘယ်သူတွေမှန်းမသိသူတွေက မီးသင်္ဂြိုဟ်စက် တံခါးပွင့်သည်နှင့် ဖေးမ ခေါ်ဆောင်သွားခြင်းဖြင့် ကျနော် ကားပေါ်ပြန်ရောက် လာခဲ့ပါသည်။
ကျန်သည့် အကြောင်းချင်းရာများမှာ များစွာထူးခြားခြင်းမရှိတော့ပါ။ အဖြစ်အပျက်တစ်ခုလုံးသည် ခံစားချက်မဲ့နေသည့် ရုပ်ခန္ဓာဖြင့် အဖေ့ဓါတ်ပုံနှင့်နှင်းဆီပန်းပွင့်ကိုင်လျက်သားဖြင့်ပင် လမ်းမတော် သံဈေးကွန်ဒိုရှိ အစ်မ၏ တိုက်ခန်းသို့ပြန်ရောက်ခြင်းမျှသာပင်။ ပန်းအိုးတစ်လုံးတောင်း၍ (ပန်းအိုးမှာ အဆင်သင့်မရနိုင်ပဲရှိသည်တွင် ဖန်ခွက်အရှည်တစ်ခုနှင့်ပင်) အဖေပူးကပ်ပြီး လိုက်လာမည်ဖြစ်သော နှင်းဆီပွင့်ကို ဘီရိုငယ်လေးပေါ်တွင် အဖေ့ဓါတ်ပုံနှင့်အတူ နေရာချထားလိုက်ပါ၏။ နောက်တစ်ရက်ခြားဖြစ်သည့်ဧပြီ ၁၃ နေ့တွင် တရားနာချိန်အမှီ မနက် ငါးနာရီသာသာခန့် အစ်မတို့အိမ်သို့ တစ်ခေါက် ထပ်ရောက်ခဲ့ပါသေးသည်။ ဒါသည်ပင် အဖေနှင့်ပတ်သက်၍ နီးနီးစပ်စပ် ဆောင်ရွက်ရမည့် အရာတစ်ခုကို အချိန်ပေးဖြစ်ခဲ့သည့် နောက်ဆုံးကိစ္စပင် ဖြစ်ပေမည်လား မသိပေ။ အဖေ့ လလည်ဆွမ်းကြွေးကို မေလ ၁၃ ရက်တွင် ဆောင်ရွက်မည် သိလျက်နှင့် ကျနော်သည် မေလ ၉ ရက်နေ့မှာ ဘန်ကောက်သို့ပြန်ခဲ့ပါသည်။ ဘန်ကောက်ရောက်ပြီး ရက်အတန်ကြာသည်အထိ ယခင်အခေါက်များကနဲ့ မတူပဲ ယောင်တီးယောင်နဖြစ်နေမိသည်။ ရာသီဥတု အထူးပူပြင်းခြင်းကလည်း စိတ်ကို အလွန် အကဲဆတ်စေပါသည်။ ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းဆိုသလို လျှပ်စစ်မီး အဖြတ်ခံထားရခြင်းကလဲ စိတ်ကို အတော်ဖရိုဖရဲဖြစ်စေခဲ့ပါသည်။ ကျနော်သည် ဟိုးရှေးယခင် နှစ်များစွာကတည်းက အတိုင်းပင် (အဖေ သေဆုံးကွယ်လွန်ခဲ့ပြီဆိုတာကို မေ့လျော့လျက်) နေမိနေရာ ငေးမိငေးရာ ငေးနေငူနေရင်း ရက်သတ္တပါတ် အနည်းငယ်ကုန်ဆုံးစေခဲ့ပါသည်။ လွန်ခဲ့သော ၃ ရက်ခန့်ကမူ ကျနော်သည် အိပ်ပျော်သွားခဲ့ရာ နိုးလာသည့်အခါ အဖေ့ကို လူနာကုတင်ပေါ်တွင် ပိုက်တွေ၊ စက်တွေ တန်းလန်းနှင့်တွေ့ပါသည်။ ချိုင့်ခွက်ဝင်နေသည့်မျက်နှာမှာ မျက်လုံးများက အရောင်မှေးမှိန်နေပြီး အသက်ကြိုးစား ရှူနေသည်လော တခုခု လှမ်းပြောနေသည်လော မရေရာသည့် ပါးစပ်ကို ဟ လျက်သားတွေ့ရပါသည်။ အဖေ့လူနာကုတင်မှာ ဆေးရုံခန်းထဲတွင် မဟုတ်ပဲ ကျနော်အိမ်ထောင်ကျပြီး သားသမီး ၃ ယောက်နှင့် တောင်ဥက္ကလာ ၅ ရပ်ကွက်မှာ နေခဲ့ဖူးသည့် အိမ်မှာဖြစ်နေပါသည်။ ကျနော်က အောက်ထပ်သို့ဆင်းသည့် လှေကားမှဆင်းရင်း လေးငါးထစ်ခန့် ရောက်နေသည့် အခိုက်အတံ့ကလေးမှာ ဖြစ်ပါသည်။ နားထဲမှာ အဖေ့အသံလိုလို ပလုံးပထွေးနှင့်ခပ်သဲ့သဲ့ကြားရပါသည်။ ကျနော် သူ့ကိုလှည့်ကြည့်ခိုက်မှာပင် ကျနော် အိပ်ယာမှတကယ်နိုးလာခဲ့ပါသည်။ ချွေးတွေ တစ်ကိုယ်လုံး ရွှဲနစ်လျက်ဖြင့်ဖြစ်ပါသည်။ ကျနော်သည် တခြားဘာမျှမလုပ်နိုင်ပဲ ကွန်ပြူတာကို မြန်မြန် ဖွင့်ကာ အဖေ့အသုဘ ဟု စာလုံးငါးလုံး ချရေးလိုက်ပါသည်။ ဒါနှင့်ပင် ဒီစာစုကို ကျနော်ရေးဖြစ်ခဲ့ပါသည်။ ကျနော်ပြောခဲ့သလိုပင် အဖေက ခိုင်း၍ သို့မဟုတ် ခိုင်းသလိုလို ခံစားရသဖြင့် ရေးမိခြင်းဖြစ်ပါသည်။ ကျနော်သည် ဤ စာစုနှင့်အတူ အထောက်အကူဖြစ်မည့် အဖေ့ နောက်ဆုံးအချိန်များ၏ ပုံရိပ်အချို့ကို အတူတွဲ၍ တင်ပြလိုပါသော်လည်း မတင်ပြနိုင်ခဲ့ပါ။ အဖေကွယ်လွန်ကာနီး ဆေးရုံပေါ်မှာအသက်လုနေရစဉ်အချိန်နှင့် အဖေ့အသက်ဝိဥာဉ်မဲ့နေသည့် ရုပ်အလောင်းပြင်ထားသည့်အချိန်တို့တွင် မှတ်တမ်းတင် ဓါတ်ပုံရိုက်ထားဦးမှ ဟုစိတ်ဖြစ်ပေါ်တိုင်း အို- မရိုက်တော့ပါဘူးလေ ဆိုသည့် တားဆီးသည့် အမှောင့် အဖျက် အတွေးက အမြဲတမ်း အနိုင်ရကာ တပုံမျှ မရိုက်ဖြစ်ခဲ့ပါ။ အဖေ့ နာရေးမှန်းသိသာရန် အဖေ့ နာမည်နှင့်အသက်ကို လက်ရေးအသော့ရေး၍ နံရံမှာ ကပ်ထားသော စာရွက်နှင့် အဖေနှင့်အတူ မီးသင်္ဂြိုဟ်စက်ထဲသို့ တစ်ရက်ထဲ ၀င်ကြရမည့် ကံတူအကျိုးပေးများရဲ့စာရင်းရှည်ကြီး (အသုဘ ပေါင်း ၃၀ ကျော်မယ်ထင်တယ်) ကိုတော့ ဘာရယ်မဟုတ် ရိုက်ယူထားခဲ့မိပါ၏။ တစ်သက်လုံး စကားလက်ဆုံမျှ ပင်လျင်မကျခဲ့ဘူးသည့် အဖေ၏ ကွယ်လွန်ပြီးသည့်နောက် အိပ်မက်မှ တစ်ဆင့် ခိုင်းစေမှုကိုမူ အဘယ်သို့လျင် ကျနော်လွန်ဆန်နိုင်ပါမည်နည်း။ ။
ခင်အောင်အေး
၂၄ မေ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၈း၁၀ နာရီ
စာကြွင်း။ ။ အဖေ ကောင်းရာသုဂတိ ရောက်ပါစေ ဟု ကျနော် ဆုတောင်းမပေးတော့ပါ အဘယ် ကြောင့်ဆိုသော် အဖေသည် သူသွားကိုသွားရမည့် ဘုံဘ၀ကို ရောက်နှင့်နေပြီး ဖြစ်လို့ပင်တည်း။ ပြီးတော့ ဘယ်ဘုံ ဘယ်ဘ၀ကို သွားရ ရောက်ရမည်ဆိုသည်မှာ ဆုတောင်းပေးလို့ ရသည့်ကိစ္စမဟုတ်ဟု ကျနော် ခံယူပါသည်။ ပြီးတော့ ပို၍အရေးကြီးသည်မှာ အဖေသည် စကားအပိုပြောသည်ကို လုံးဝကြိုက်နှစ်သက်သူ တစ်ယောက်မဟုတ်၍ပင်။
တယောက်ယောက်က လက်ထဲကို ဓာတ်ပုံလာထည့်ပေးပါသည် ။ အိပ်မက်မှတစ်ဆင့် ဒီစာစု …