အဖေ့အသုဘ (အပိုင်း- ၁)

ယခုလို မနက်စောစောစီးစီး မိုးမျှပင်လျင် မလင်းသေးသည့်အချိန်မှာ အဖေ့အသုဘ အကြောင်း စာထိုင်ရေးနေခြင်းမှာ မင်္ဂလာရှိသလား မရှိဘူးလား ကျနော် မပြောတတ်ပါ။ အဖေက ရေးခိုင်းလို့ ဒါမှမဟုတ် ရေးခိုင်းသလိုဖြစ်သွားလို့ ဒီစာကို ထိုင်ရေးနေမိခြင်းဖြစ်ပါသည်။ အဖေ့အသုဘ ပင် ဖြစ်နေပြီမို့ အဖေက မင့်ကို ဘယ်လိုခိုင်းသလဲဟု ဆက်မေးလာလျင်တော့ အိပ်မက်ထဲက တဆင့်ခိုင်းတာဟုပင် ယုံယုံ မယုံယုံဖြေရပါတော့မည်။ တကယ်တော့ အဘယ်သူသည် ဖခင်တစ်ယောက်ကိုအကြောင်းမဲ့ အသုဘလုပ်၍ စာတပုဒ်ဆင်ကာ ရေးချင်မည်နည်း။ အဖေက တကယ်သေသွားခဲ့ပြီး အဖေ့အသုဘကို ကိုယ်တိုင်ချခဲ့သဖြင့်သာ အဖေ့အသုဘ ဟု ကျနော် ခေါင်းစဉ်တပ်ကာ စာရေးနေခြင်းဖြစ်ပါသည်။ အဖေသည် ပြီးခဲ့သည့်လ (ဧပြီလ) ၁၁ ရက်နေ့က ကွယ်လွန်သွားခဲ့ပါသည်။

အဖေသည်ကျနော့်လက်ပေါ်မှာ ကွယ်လွန်သွားခဲ့ခြင်းတော့ မဟုတ်ပါပေ။ အဖေ မျက်စေ့မှိတ်သွားပြီး (တကယ်က အဖေ့မျက်လုံးတွေကို သူက အသာအယာ စေ့ပိတ်ပေးခဲ့သည်ဟု အစ်မ ပြန်ပြော၍ သိခဲ့ရ) အကြမ်းဖျင်း၃ နာရီသာသာခန့်ကြာမှသာ ဆေးရုံသို့ ကျနော်ရောက်သွားခြင်းဖြစ်ပါသည်။ အဖေ့ ဘော်ဒီပင် မရှိတော့ပါ။ (အဖေ့အလောင်းဟု ပြောရမှာ ရွံ့နေခဲ့ပြီးမှ ဆေးရုံဝန်ထမ်းအချို့ ပြောဆိုသည့်အသုံးအနှုန်းကို ဖျတ်ကနဲ သတိရကာ အဖေ့ဘော်ဒီ ဟု အဆင်ပြေသွားပါသည်) ငါက နင် ချက်ခြင်းရောက်လာမယ် ထင်တာ။ အဖေ့ကိုကြည့်ရတာ ပေါ့ဟု အစ်မဖြစ်သူက ဆီးပြောပါသည်။ ဘာကို ကြည့်ရမှာလဲ ဟူသော ဖျတ်ကနဲဆင်ခြေအတွေးကို တွေးဖြစ်အောင် တွေးလိုက်မိပါသေးသည်။ ဒါနှင့်ပင် ဆေးရုံခန်းမှာရှိနေသည့်ပစ္စည်းပစ္စယများကို သိမ်းဆည်းကာ (ပစ္စည်းအတော် များများကို စွန့်လှူထားပစ်ခဲ့ကာ) အဖေ လူ့လောကမှထွက်ခွာသွားရာ၊ အသက်နှင့်ခန္ဓာကိုယ် အိုးစားကွဲရာနေရာကလေးမှ ကျနော်တို့ မောင်နှမ၊ မိသားတစ်စု ကျောခိုင်းထွက်ခွာခဲ့ကြပါသည်။

ကားပေါ်မှာ အစ်မရဲ့ ပြောပြချက်အရ အစီအစဉ်ကို သိရသည်မှာ သင်္ကြန်တွင်းအခါကြီးဖြစ်၍ နေ့ချင်းကိစ္စပြီးအောင် စီစဉ်ထားကြောင်း၊သတင်းမေးလာသူများကို အိမ်မှာပဲ ဧည့်ခံမည်ဖြစ်ကြောင်း၊ နေ့လည် ၃ နာရီမှာ အဖေ့ကို ရေဝေးသုသန်မှာ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း။ အသုဘပို့သူများအနေဖြင့် အိမ်မှသော်၎င်း၊ ယခု အဖေ့ဘော်ဒီရှိရာ ဆေးရုံမှ၎င်း လိုက်ပါ ပို့ဆောင်ရန်ပြင်ဆင်ထားကြောင်း၊ ရေဝေးသုသာန်မှ နိဗ္ဗာန်ယာဉ်သည် ၁ နာရီခွဲခန့်တွင် ဤဆေးရုံသို့ရောက်လာကာ ကြွင်းကျန်ရစ်သော အဖေ့ ရုပ်ကလပ်ကို လာရောက်ဆောင်ယူကာ ရေဝေးသုသာန်သို့ ပို့ပေးမည်ဖြစ်ကြောင်း တို့ပင်ဖြစ်ပါသည်။ အစ်မက စီကာပတ်ကုံးပြောပြနေခြင်းဖြစ်၏။ အစ်မသည် ငိုထားပုံမရပါ။ ကျနော်လည်း မငိုမိသေးပါ။ အဖေ့ကို မချစ်ကြ၍တော့မဟုတ်ပါ။ ချစ်ခြင်း၊ မချစ်ခြင်းမှာ သေသည့်အခိုက် ငိုခြင်း မငိုခြင်းနဲ့ တိုင်းတာလို့ ရ စကောင်းသည်ဟု မယူဆပါ။ ဒီနေရာမှာ စကားကြားဖြတ်၍ ကိုခင်ဝမ်းက သူ့မိသားစုကို သူသေလျင် မငိုကြနဲ့ဟု သေသေချာချာ ဆုံးမသွန်သင်သွားသည်ဟု ကြားဖူးပါသည်။ တစ်ခေါက်တလေ အမှတ်တမဲ့ မှာကြားသွားတာမျိုး မဟုတ်ပဲ၊ မသေခင် စိတ်ကူးပေါက်ရာ ပြောသွားတာမျိုးမဟုတ်ပဲ၊ နားလည် သဘောပေါက် လက်ခံအောင် ခိုင်မာသောအကြောင်းပြချက်နှင့်တကွ ပြောဆိုမှာကြားသွားခဲ့သည်ဟု ဆိုပါသည်။ ယခု ကျနော်မငိုမိတာကတော့ ကိုခင်ဝမ်းကို ချစ်ခင်လေးစားသဖြင့် သူ့ အယူအဆတစ်ခုကို လက်ခံသဖြင့် ဒါမှမဟုတ် အဖေ့ကို သေသည်အထိ လက်ပွန်းတတီး အပင်ပန်းခံ အနွံအတာခံကာ ပြုစုကုသခြင်း ချေးသေးက အစ မရွံမရှာ ဝေယျာဝစ္စများ နှစ်နဲ့ချီ၍ လုပ်ကိုင်ပေးခဲ့သော အစ်မဖြစ်သူ ကိုယ်တိုင် မငိုသဖြင့် မဟုတ်ခဲ့ပါ။ ဒါဖြင့် ကပ်သီးကပ်သပ် မေးခွန်းဖြစ်တဲ့ မင်းက အဖေ့ ကို မချစ်လို့ပေါ့ဟု မေးလာလျင်တော့ ဒီလိုတော့လည်း မဟုတ်ပါဘူးဟု နှုတ်ကဖြေရင်း ငါ အဖေ့ကို ချစ် ရောချစ်လို့လားဟု စိတ်ထဲက ကိုယ့်ကိုယ်ကို ပြန်မေးမိမည်ပင်။ သေချာတာတစ်ခုကတော့ အများသူငါ ပြောနေ ရေးနေကြသလို မိဘကို ဘယ်လိုချစ်တာ ဘယ်လိုယုယကြင်နာစွာပြုစုတာ မိဘနဲ့ ဘယ်လို လက်ပွန်းတတီးချစ်ခင်ရင်းနှီးစွာ ဆိုတာတွေဟာ ကျနော်နှင့် မိုင်ပေါင်းအနန္တဝေးနေခဲ့သည့် သို့မဟုတ် ဝေးနေဖို့အကြောင်းဖန်ခဲ့သည့် အရာတွေပဲဖြစ်သည်ဆိုခြင်းပင်။

သို့နှင့်ပင် အဖေ မကွယ်လွန်မီ နှစ်အနည်းငယ်လောက် နေသွားသော အစ်မတို့အိမ်၊ လမ်းမတော်သံဈေး ကွန်ဒိုသို့ရောက်ရော ဟုဆိုကြပါစို့။ အိမ်မှာ ကျန်ရစ်ခဲ့သော အစ်မခင်ပွန်းဖက်က တူမတွေနဲ့ အစ်မရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေက ချက်ခြင်းပဲ ဖျာတွေခင်း၊ ဆေးရုံကပြန်လာသူတွေအတွက် စားဖို့သောက်ဖို့ စီစဉ်နဲ့ပျာယာခတ်လှုပ်ရှားသွားကြပါသည်။ ကျနော်နဲ့ ဇနီးဟောင်းဖက်က ယောက္ဖ တို့ကို အတွင်း ဧည့်ခန်းမှာ အစ်မဖြစ်သူက နေရာချပေးသည်။ ရောက်နှင့်နေသူ တစ်ဦးက အဖေ့ကိစ္စ၀ိစ္စနဲ့ ပတ်သက်တာတွေကို အသေးစိတ် ဘယ်လို ဘယ်ညာ ပြောနေတာ တွေ့ရတော့ အဖေရဲ့နာရေး
ကိစ္စအ၀၀ ကို အသေးစိတ်တာဝန်ယူ စီစဉ်နေတဲ့သူဖြစ်ရမည်ဟု အတတ်သိလိုက်ပါသည်။ အဲဒီ လူကို ကျနော် တစ်ခါမှ မမြင်ဖူးပါ။ သိလည်း မသိပါ။ သို့သော် အစ်မက သူ့ကို နင်တွေ ငါတွေနဲ့ပြောနေပုံအရ လူရင်းပဲဖြစ်ရမည်ဟု ခန့်မှန်းနိုင်ပါသည်။ (နောင် အစ်မကပြောပြ၍ အဖေ့ဌာနမှ ဒုညွှန်ချုပ်တာဝန် ယူသွားဖူးသူ လူကြီးတစ်ဦးရဲ့တူ၊ သူကိုယ်တိုင်လည်း ဌာနမှာလုပ်သွားဖူး၍ အစ်မနဲ့ရင်းနှီးသူဖြစ်နေ) သူကလည်း ကျနော့်ကို ဘယ်သူများလည်းဟု မသိမသာ အကဲခတ်နေပုံရပါသည်။ အဖေ၏သားအရင်း တစ်ယောက်အနေဖြင့် အဖေ့အသုဘ ကျင်းပရာ အစ်မအရင်းခေါက်ခေါက်ရဲ့အိမ်ဂေဟာမှာ ဆွေမတော် မျိုးမစပ်တစ်ယောက်က ဒီလူ ဘယ်သူလဲ လို့ အကြည့်ခံရတာ ဘယ်လိုကြီးမှန်းလဲတော့ မသိပေမယ့် ဒါ တကယ်ကိုဖြစ်ပျက်ခဲ့ခြင်းပါ။အစ်မနဲ့သော်လည်းကောင်း အဖေနဲ့သော်လည်းကောင်း အခြားသော ဆွေတော်အပေါင်း မျိုးတော်ရှစ်သောင်းနဲ့ပါ အနေဝေးခဲ့ခြင်းက ဒီအဖြစ်မျိုး ကြုံလာစေဖို့ မူလဘူတ အကြောင်းရင်းခံပင် ဖြစ်ချေသည်မဟုတ်ပါလော။

အဖေ၏ နောက်ဆုံးအချိန်တွေမှာ ပက်လက်လှဲလျောင်းရင်း သူ ဘယ်လိုအာရုံနဲ့နေသွားခဲ့မယ် မသိတတ်နိုင်တဲ့ တစ်ယောက်အိပ်သစ်သားကုတင်ကလေးကို အစ်မရဲ့ခင်ပွန်းဖက်က တူမတွေ ဖြုတ်သိမ်းဖို့လုပ်တော့ ကျနော် ၀င်ကူလုပ်ပေးရသည်။ ဒါ အဖေ့ဝေယျာဝစ္စနှင့်ပတ်သက်၍ လက်ချိုးရေတွက်လို့
ရတဲ့ ကိုယ့်လုပ်ဆောင်မှုတွေထဲက တစ်ခုသာပင်။ ကျနော်သည် သားသမီးဝတ် ပျက်ကွက်ချို့ယွင်းခဲ့သူ ဖြစ်ပါ၏။ ဘယ်လို ဘယ်အကြောင်းပြချက်တွေနဲ့မှ ဆင်ခြေကန်လို့မရအောင် ထင်ရှားသိသာလှသည့် ၀တ္တရား ပျက်ကွက်သူပင်။ အဖေကျနော့်အပေါ် စိမ်းပြတ်တာ၊ မာမာထန်ထန်ဆက်ဆံတာ၊ စကားဟ ဟ မျှပင် မပြောတာအစရှိတာတွေနဲ့ လိုက်၍ယှဉ်ထောက်သည့်တိုင်အောင် ကျနော့်ဝတ္တရားပျက်မှုသည် ငယ်၊ သေး၊ ကျုံ့ဝင်မသွားနိုင်ပဲ ပေါ်လွင်မြဲ ပေါ်လွင်နေပေဦးမည်။ ကုတင်ဖြုတ်သိမ်းပြီးတော့ ဘီရိုငယ်လေး တစ်လုံးပေါ်မှာ အဖေ့ဓါတ်ပုံအကြီး တစ်ပုံနဲ့ရေနွေးကြမ်းခွက် (အခြားမမှတ်မိတာ ရှိကောင်းရှိဦးမည်) များ တင်ထားလိုက်ကြပါသည်။ အသုဘအိမ်တစ်အိမ်ရဲ့ အမှတ်သညာ ပြည့်စုံသွားပါချေ၏။ အမွှေးတိုင်တော့မထွန်းပါ။ အစ်မ က မထွန်းရဘူးဆိုတယ်တဲ့။ တရုတ်ထုံးစံကို ပယ်လိုက်ခြင်းပင်။ အမှန်တော့ ကျနော်တို့အဖေရဲ့အဖေ အဖိုးက တရုတ်စစ်စစ်ကြီးဖြစ်သလို၊ အစ်မ၏ခင်ပွန်းကလည်း တရုတ်အစစ်နီးပါးဖြစ်ပါသည်။ သို့သော် ကျနော်တို့က တရုတ်ထုံးစံ မလိုက်ဖြစ်ပဲ ကိုယ့်ကိုယ်ကို တရုတ်သွေးပါတယ်ဆိုတာတောင် မေ့တေ့တေ့ဖြစ်နေကြပြီဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် တရုတ်ဆန်တာ မဆန်တာဘေးချိတ် အမွှေးတိုင်နံ့တမွှန်မွှန်မဖြစ်တာနဲ့တင် ကျနော်နဲ့ဘယ်တုန်းကမှ အစေးမကပ်တဲ့ အစ်မရဲ့ဆုံးဖြတ်ချက်ကို ဒီနေရာမှာတော့ အူလှိုက်သည်းလှိုက်သဘောတူမိပါသည်။ ပြောရလျင် ရေဝေးသုသန်မှာ မီးသဂြိုဟ်ချိန် မတိုင်ခင် အသုဘရှုလာသူတွေကို ခေတ္တခဏ ဧည့်ခံချိန်မှာတောင်မှ အဖေ့ဓါတ်ပုံနားမှာ သူသူငါငါ ထုံးစံလိုလုပ်နေကျ အမွှေးတိုင်မီးခိုးတလူလူကို အစ်မရဲ့တစ်ချက်လွှတ် အမိန့်ကောင်းမှုကြောင့် မမြင်မတွေ့ခဲ့ရပါချေ။

ဤသို့ဖြင့် အဖေ့အသုဘ နာရီချိန်တွေမှာ အူကြောင်ကြောင်ဖြင့် ဟိုနားထိုင်လိုက် ဒီနားရွှေ့လိုက်လုပ်ကာ၊ လာတဲ့ အမျိုးအဆွေတွေထဲက ကိုယ့်ကို နှုတ်ဆက်သူတွေကို ပြန်နှုတ်ဆက်၊ မသိချင်ယောင် ဆောင်သူတွေကိုလဲ ဆောင်ခွင့်ရအောင် ကူညီပြီး အသာနေပေးကာဖြင့်၎င်း၊ မိဘ၊ ဆွေမျိုး၊ အသိုင်း
အ၀ိုင်းကြားမှာ သိုးမည်းတစ်ကောင်ပီပီ၊ အနေကျုံ့စွာဖြင့်၎င်း၊ အချိန်တွေကိုဖြတ်သန်းနေခဲ့ပါချေ၏။ ဤကြားထဲတွင် အဖေ မရှိတော့ပါလား၊ ပြီးခဲ့တဲ့ နာရီပိုင်းက အဖေ လူ့လောကကြီးကို စွန့်ခွာသွားခဲ့တာပါလား ဆိုသည့်အတွေးနှင့် ဆေးရုံတင်ရသည်မှစ၍ ကွယ်လွန်သည့်အချိန်ထိ စုစုပေါင်း ရက်သတ္တ ၂ ပါတ်နီးပါးလောက် အရေးပေါ်ကုသခန်းထဲမှာ နှလုံးခုန်စက်တွေ အောက်ဆီဂျင်ပိုက်တွေ ဆေးပုလင်းတွေ ပိုက်မျိုးစုံတန်းလန်းနှင့် လူ့ဘ၀ နောက်ဆုံးနေ့ရက်များမှ ချိုင့်ခွက်ဝင်နေသည့် အဖေ့မျက်နှာကိုပါ ပူးတွဲ၍ မြင်ယောင်နေမိပါသည်။ တရားသံဝေဂယူရမည်ဟူသော အသိမှာ ဘ၀တဏှာတွေ ထူထူထဲထဲကြီး ကပ်စွဲနေသည့် ကျနော့်ကို အဘယ်မှာလျင် ထိုးဖောက်နိုင်ချေမည်နည်း။ စိတ်တွေက ထုံကျင်နေုပြီး ခံစားနေရတာလဲ မဟုတ်၊ ဘာခံစားချက်မှမရှိတာလဲ မဟုတ်တဲ့ အသိရခက်ခဲသော စိတ်ဝေဒနာတမျိုး ဟုတော့ သိနေရပါသည်။ ညီမလေးတွေရောက်လာပြီး တစ်ခွန်းနှစ်ခွန်းနှုတ်ဆက်ကာ ဘုန်းကြီးများကို ကပ်လှူရန် သင်္ဃန်းဝယ်ရမည်ဟုဆိုကာ ပြန်ထွက်သွားကြ၏။ အစ်မရဲ့သားကြီးက မသာမြေကျရေးကိစ္စ
အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်နေ၏။ ပြီးတော့ အချိန်ကိုက်လုပ်ရမယ့် သက်ပျောက်ဆွမ်း မြေကျဆွမ်း ကိစ္စများကို အချိန်မရသဖြင့် သီးသန့်လုပ်မနေနိုင်တော့ပဲ အိမ်ကို ဆွမ်းခံကြွမြဲ ကိုယ်တော်ကိုပဲ ဆွမ်းချိုင့်ကပ်တာ လုပ်ဖြစ်သည်။ ယင်းကိုယ်တော်ကပဲ လိုအပ်တာတွေ ရွတ်ဖတ် သရဇ္ဈွယ်ပေး၊ ရေစက်ချပေးပါသည်။ တကယ်ကို အကျဉ်းရုန်းအစီအစဉ်ပါပဲ။ အဖေ့ရဲ့ ဘာမဆိုဇာမချဲ့ချင်တဲ့ လိုရင်းတိုရှင်းဝါဒနဲ့တော့ အကိုက်ပါပဲ။ တစ်သက်လုံးရိုးရိုးရှင်းရှင်းနေခဲ့သည့် အဖေရဲ့နောက်ဆုံး အချိန်တွေဟာ ‘ရိုးရိုးရှင်းရှင်းနာရေး’ လုပ်ဖြစ်ဖို့ အခါကြီးရက်ကြီးထဲ ဆိုက်ဆိုက်မြိုက်မြိုက် ၀င်ရောက်ခဲ့တာ သွေးရိုးသားရိုးမှ ဟုတ်ပါရဲ့လား၊ အဖေကိုယ်တိုင် ဒီရက်ကို ချိန်ဆ အောင့်ညှစ်ပြီးမှ လူ့လောကကြီးထဲက ထွက်ခွာသွားတာလားလို့တောင် အတွေးခေါင်ချင်စရာ တိုက်ဆိုင်မှုပဲဖြစ်ပါလေတော့သည်။ အဖေ့လက်သုံးစကားတွေထဲကတခုမှာ ‘ငါ သူများတွေကို အလုပ်ပိုရှုပ်အောင် ဘယ်တော့မှ ဒုက္ခမပေးချင်ဘူး’ ဆိုတာပဲဖြစ်ပါချေ၏။

သို့နှင့်ပင် လုပ်ဆောင်ရမယ့်တာဝန်တွေ မလစ်ဟင်းရအောင် ဘယ်သူဘာလုပ်ဆိုတဲ့ ဂျူတီဖန်ရှင် ချမှတ်ကြသည့်အခါ ကျနော်နှင့် အစ်ကိုဝမ်းကွဲ ကိုစိုးအောင်က အဖေ၏ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ပေါ်မှာ လွှမ်းဖို့အ၀တ်အစားတစ်စုံ ခေါင်းထဲ ထည့်တင် ပေးလိုက်ဖို့ ထမင်းထုတ်နှင့် အလောင်းပြင်ပြီး အသုဘ ချလာသည့်အခါ ရှေ့ကနေ ကိုင်ဆောင်ယူလာရမည့် ဓါတ်ပုံနှင့် အတူ အဖေ့ရုပ်ကလပ်ရှိရာ ဆေးရုံသို့ သွားဖို့ တာဝန်ယူဖြစ်ကြပါသည်။ ဒီကြားထဲတွင် ရက်လည်ဆွမ်းကြွေးကိစ္စ ဘယ်နေ့ဆိုတာ ဇယားပြတ်မှ နာရေးကြော်ငြာထည့်လို့ရမည်ဖြစ်သဖြင့် ရက်လည်ဆွမ်းရက်သတ်မှတ်နိုင်ရေး ဘုန်းကြီးကျောင်းသို့
ညီမလင်မယားနှင့်အတူ ပြေးရပါသေးသည်။ အမှန်မှာ ကျောင်းကလည်း သိပ်မဝေး၊ လိုရင်းလျှောက်ထားပြီး ပြန်လာရမည်ဟုအောင့်မေ့သဖြင့် လိုက်သွားခြင်းပါ။ ဟိုရောက်တော့ ဆွမ်းကြွေးတစ်ခုနဲ့တိုးနေသဖြင့် ရေစက်ချပြီးအောင် စောင့်လိုက်ရတော့ အချိန်က နည်းနည်းလင့်သွားပါ၏။ ကိုစိုးအောင်က ကျနော်ပျောက်သွားလို့ ဖုံးဆက်မေးသည်။ သို့နှင့် ပြန်ရောက်တော့ ဆွမ်းကြွေးရက်ကို ဆရာတော်က ၁၃ ရက်နေ့ ဟု သတ်မှတ်ပေးလိုက်ပြီဖြစ်သဖြင့် သတင်းစာထဲ ထည့်မည့်ကြော်ငြာကို အစ်မနှင့်အတူ ရေးကြပါသည်။ ရေးကြသည်ဟုသာဆိုရသည် သိပ်မရေးလိုက်ရပါချေ။ ဤနေရာတွင် အဖေ၏ စိတ်ရှင်းလင်းပြတ်သားပုံ စံနစ်တကျ ပြင်ဆင်တတ်ပုံတခုကို မမျှော်လင့်ပဲ သိလိုက်ရခိုက် အနည်းငယ်တောင် တွန့်သွားမိသည်။ သူ့နာရေး ကြော်ငြာကို သူကိုယ်တိုင် ကြိုပြီး Draft ရေးပေးခဲ့ Format ချရေးပေးထားခဲ့ခြင်းပါပဲ။ ကျနော်တို့ မောင်နှမတွေမှာ ဘယ်သူမှ ဘွဲ့၊ ရာထူးမထည့်ရ။ ဘကြီး ဘဒွေး ကြီးကြီး ဒေါ်ဒေါ်တွေဖြစ်တဲ့ သူ့ညီ အစ်ကို မောင်နှမတွေကိုလဲ ဘာဂုဏ်ပုဒ်မှ မထည့်ပဲ နာမည်နှင့် ဆိုင်ရာခင်ပွန်း၊ ဇနီးတွေရဲ့အမည်ကိုသာ ယှဉ်တွဲထည့်ထားခြင်းပင်။ ထူးခြားတာ ဆိုလို့ သားသမီးစာရင်းမှာ မွေးစားသမီးတစ်ယောက်အမည်နှင့် သူ့တတိယ ဇနီးဖက်က ပါလာသည့် သား၏ အမည်ကိုပါ ဖြည့်ထည့်ထားခြင်းပါပေ။ ဒါလဲ မှားသည်ဟု မဆိုသာပေ။ကျနော်တို့ မောင်နှမ ၆ ယောက်သည်ပင်လျင် သုံးယောက်စီ အဖေဖက်ကနဲ့အဖေ့ဒုတိယ ဇနီးဖက်က ပါလာခြင်းမဟုတ်ပေလော။ အဖေ၏ ဘာမဆို တရားမျှတစေလိုသည့် စိတ်ထားမှာပေါ်လွင်လှပေ၏။

ဤသို့ဖြင့် ဆေးရုံမှာ အဖေ့ရုပ်ကလပ်ကိုထုတ်ကာ ပြင်ဆင်ဖို့ သွားရန် အချိန်ကျပြီဖြစ်၍ ကျနော်တို့လူစု တူကလေးမောင်းသောကားဖြင့် ထွက်ခဲ့ကြပါသည်။ လက်ကိုင်ဖုံးများ ကျေးဇူးကြောင့် Timming ကိုက်ရတာ အဆင်ပြေပါသည်။ ရေဝေးမှ အလောင်းသယ်/နိဗ္ဗာန်ယာဉ်လဲ လမ်းတစ်ဝက် ရောက်နေပြီ ဟု အချိန်နှင့်တပြေးညီ သိနေရပါသည်။ ကျနော့်စိတ်များသည် နဝေတိမ်တောင်ဖြင့် ယောင်တိယောင်န ဖြစ်နေပါသည်။ ရက်အတန်ကြာ အဖေ့ကို တင်ထားခဲ့ရသော ဆေးရုံမှာ အဖေရှိနေခဲ့ခြင်းနှင့် အဖေမရှိတော့ခြင်း ၂ ခုသည် ဘာမျှ စည်းခြားခြင်းမရှိသလိုလို အတူတူပဲလိုလို ဘာမှထူးမသွားသလိုလို ဘာမှ လျော့နည်းပျောက်ရှခြင်းမရှိသလိုလိုေ၀၀ါးလို့နေ၏။ မကြာမီမှာပင် ဆေးရုံရှေ့သို့ရောက်ပြီး ရေဝေးမှ ကားလည်း တပြိုင်တည်းနီးပါး ဆိုက်ရောက်လာပါတော့သည်။ အချိန်ကို ကြည့်လိုက်ကြပြီး ဆေးရုံက မော်ကျုရီမှာ အလောင်းပြင်တာ မလုပ်တော့ပဲ၊ ရေဝေးကျမှလုပ်ဖို့ အားလုံးညီအစ်ကိုတစ်တွေ သဘောတူကြပါသည်။ ဒါနဲ့ အဖေ့ အလောင်းကို သွားထုတ် ယူလာဖို့ပြင်ကြခိုက် ကျနော်သည် ဆေးရုံအောက်ဆုံးထပ်မှ ရေအိမ်ရှိရာသို့ ပြေးရပါသည်။ မကြာခဏဆီးသွားလေ့ရှိသူဖြစ်၍ လမ်းခုလတ်မှာ ကိစ္စမများရအောင် ကြိုရှင်းထားခြင်းဖြစ်ပါသည်။ မော်တော်ကားနံဘေးကို ပြန်ရောက်တော့ အဖေ့ ရုပ်ကလပ်မှာ အလောင်းသယ်ယာဉ်ပေါ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပါ၏။ အဖေ လူ့ရွာလောကကို မျက်ကွယ်ပြုသွားပြီး ကတည်းက အဖေ့ရဲ့ အသက်ဝိဥာဉ်ကင်းမဲ့သွားတဲ့ခန္ဓာကို ယခုချိန်အထိ ကျနော်မြင်တွေ့ခွင့်မရသေး သို့မဟုတ် ရှောင်လို့လွတ်နေသေးတယ်ဟုပင်ပြောရမည်လား မသိတော့ပါ။

ဤသို့ဖြင့် အရှေ့က အဖေ့အလောင်းကို သယ်လာသည့်ကား သို့မဟုတ် နိဗ္ဗာန်ယာဉ် သွားနေသည့်နောက်မှ ခြောက်ကပ်ကပ်ဖြင့်လိုက်ပါလာရတော့သည်။ ကားပေါ်တွင် တူဖြစ်သူက ကားကိုမောင်းပြီး အသုဘစီစဉ်သည့် အဲဟိုလူရယ် (နာမည်သိပြီးသော်လည်း ယခုစာရေးတော့မေ့နေ) ကျနော် ရယ်၊ ယောက္ဖရယ်၊ ကိုစိုးအောင်ရယ် လေးယောက်သား လိုက်ပါလာကြသည်။ တချက်တချက်မှာ ရယ်စရာ မောစရာလေးများတောင်ပြောလို့။ တစ်လောကမှ အဖေ့ငယ်သူငယ်ချင်း ဦးကေ့ရုံ ဆုံးသွားတာ စကားစပ်မိကြသည်။ ဦးကေ့ယုံမှာ အဖေ့ ကလေးဘ၀ကပင် ငယ်သူငယ်ချင်းဖြစ်ပြီး အိပ်ယာထဲ တပြိုင်နက် လဲကြသည်အထိ အဆက်အသွယ်မပြတ် ထိစပ် နေခဲ့သူဖြစ်ပါသည်။ ကျနော်တို့ ငယ်ဘ၀ ပုံရိပ်တွေမှာ အများဆုံး ပါဝင်ခဲ့သူ အဓိက ဇာတ်ကောင်တစ်ယောက်လည်းဖြစ်ပါသည်။ ငယ်ဘ၀ပုံရိပ်လို့ ရေးမိသည့် အတိုင်းပင် ငယ်စဉ်ကဓါတ်ပုံအများစုမှာ သူရိုက်ပေးတာဖြစ်ပါ၏။ သူ့မှာ သေတ္တာပုံးကလေးထောင်ထားသည့် သဏ္ဍာန်အား ငုံ့ကြည့်ကာ ရိုက်ရသည့် ရှေးခေတ်က ကင်မရာတစ်လုံးရှိခဲ့ပြီး ယင်းကင်မရာ တလွယ်လွယ်နဲ့သူ့အသွင်အပြင်ကို ယနေ့တိုင်မြင်ယောင်နေမိပါသေးသည်။ ကျနော်က တိတ်ဆိတ်ခြင်းထဲ နစ်နေရတာ မခံနိုင်တဲ့အဆုံး ‘ဖေဖေက သိပ်ရှင်းတဲ့လူ၊ သေတာတောင်မှ ရှင်းရှင်းသေဖို့ဖြစ်လာတာ ကြည့်လေ အသုဘကားကလဲ ပြောင်ရှင်း၊ လွမ်းသူ့ပန်းခွေတစ်ခွေတောင်မပါ၊ မယ်သီလရင်တွေ ပရိတ်ရွတ်တဲ့ ရှေ့ပြေးကားမပါ၊ အသုဘ လိုက်ပို့တဲ့ ကားတန်းလဲမပါ၊ ဘယ်လောက်ရှင်းလဲ ဟု ပြောနေမိပါသည်။ လက်ကိုင်ဖုံးများကတဆင့် လမ်းမတော်အိမ်မှ ကားများလဲ ထွက်လာပြီဟု သိနေရပါသည်။ သည်လိုနှင့် မှန်မှန်မောင်းလာကြရင်း လမ်းတစ်လျှောက်မြင်ကွင်းများက ဘ၀တစ်လျှောက်ဖြတ်သန်းခဲ့ဘူးသည့် အဆိုးအကောင်း၊ ၀မ်းနည်း ၀မ်းသာ ဖြစ်ပျက်ခဲ့သမျှတွေထဲက ဇာတ်ဝင်ခန်းတချို့ဆီ အတွေးရောက်အောင် ဆွဲဆောင်နေပြန်ပါသည်။ ဒီအဖေကမွေးလို့ ဒီသား အနေနဲ့လူဖြစ်လာပြီး ဒီအဖေနဲ့ကင်းကွာ အဆက်ပြတ်စွာ လူ့ဘ၀ထဲနှစ်ပေါင်းများစွာကျင်လည်ခဲ့ရခြင်းကို သတိရမိသည့်အခိုက်မှာတော့ ငိုခြင်း မဟုတ်သည့် ရှိုက်ခြင်းအမှုကို ပြုလိုက်မိသည်ဟု ထင်မိပါ၏။ ကျနော်နှင့် အဖေသည် ယခု ပစ္စက္ခမှာ တော့နီးနီးလေးဖြစ်ကာ မတူသည့်ကားနှစ်စင်းပေါ်မှာ ရှေ့ဆင့်နောက်ဆင့်ခရီးတစ်ခုထဲကိုသွားနေကြပါ၏။ သို့သော် ကျနော်က နာမ်တရားရှိနေသေးသဖြင့် အရာရာသိနေ တွေးနေနိုင်ပြီး အဖေကတော့ နာမ်တရားကင်းမဲ့သည့် ကြွင်းကျန်ရစ်သောရုပ်ခန္ဓာသက်သက်အဖြစ်နှင့်ဘာကိုမျှမသိနိုင်တော့ပဲ မော်တော်
ကားတစ်စင်းပေါ်မှာ ပက်လက်အနေအထားဖြင့် လောကကို ခြေကန်လျက်သွားနေခြင်းသာ ဖြစ်ပေသည် မဟုတ်ပါလော။

မှတ်မိသလောက်တော့ မင်္ဂလာဒုံလေဆိပ်အ၀င်လမ်းဆုံမှ မြောက်ဥက္ကလာဖက်ဆင်းသည့်တံတားဖက် ဆင်းလာခဲ့ပြီးနောက် ကျန်ခရီးစဉ်အပိုင်းများကို မျောလွင့်နေသောစိတ်ဖြင့်ဖြတ်ခဲ့သည်ထင်၏။ ရေဝေးသင်္ခြိုင်းထဲ ၀င်လာတော့ ဖြတ်ကနဲအချိန်ကလေးအတွင်းမှာပင် ပြီးခဲ့သည့်လက ကွယ်လွန်သွားသည့် ယောက္ခမဖြစ်သူနှင့်တကွ ကိုခင်ဝမ်း၊ ကေမြိုး၊ တို့ရဲ့ နောက်ဆုံးခရီးပို့ဆောင်ခဲ့ပုံတွေကို အသီးသီး မြင်ယောင်မိလိုက်ပါ၏။ ခြစ်ခြစ်တောက်ပူသည့်နေရောင်အောက်မှာ မီးခိုးခေါင်းတိုင်ထိပ်မှာ မီးခိုးတွေ တလူလူဖြင့် မီးသင်္ဂြိုဟ်စက် ၂လုံးထိုးထိုးထောင်ထောင်ဖြင့် ရေဝေးသုဿန်မြင်ကွင်းက ဘွားကနဲ ပေါ်လာတော့သည်။ ရုံးခန်းနဲ့အနီးဆုံးမှာပဲ ကားကိုရပ်လိုက်ကာ အချိတ်အဆက်လုပ်ထားပြီးဖြစ်သည့် သက်ဆိုင်ရာဝန်ထမ်း (ဒေးဗစ်ချန်းထင်ပါရဲ့ သူ့nick name က) နဲ့လိုအပ်တာတွေ ပြောဆိုပြီး အဖေ့ အလောင်းပြင်ဆင်ဖို့အတွက် လိုအပ်တာတွေကို ပေးအပ်လိုက်ပါသည်။ ဓါတ်ပုံကိုမူ ကျနော်လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားဆဲ။ သကြန်အဖိတ်နေ့ဖြစ်နေပြီမို့ ယနေ့မှာ ကွယ်လွန်အနိစ္စ ရောက်ကြသည့် အသုဘ မှန်သမျှမှာ နေ့ချင်းစီစဉ်ကြရပုံဟန်တူပါသည်။ ရေဝေးသုသန် အသုဘ ခန်းမအားလုံးလိုလိုမှာ အသုဘအစီအစဉ်များတစ်ခုပြီး တခု ဆက်တိုက်ဆောင်ရွက်နေကြပါသည်။ ကျနော်တို့မှာ ယနေ့မနက်ကမှ ကွယ်လွန်သည့်အဖေ့အတွက် ဘယ်လိုမှ ခန်းမ မရနိုင်တော့ပါ။ မီးသင်္ဂြိုဟ်မည့်စက် အ၀င်ဝနား ကော်ရစ်ဒါမှာပဲ ပလပ်စတစ်ကုလားထိုင်များ ၅ လုံးတစ်တန်း ၁၀ တန်းခန့် စီစဉ်ပေးသဖြင့် အတန်ငယ် ကြည့်ပျော်ရှုေ ပျာ်ဖြစ်သွားရပါသည်။ ဘေးနံရံမှာ ကြွေပြားကပ် ဘောင်ကျယ်ကျယ်တစ်ခု ရှိနေသဖြင့် အဖေ့ဓါတ်ပုံကို ထောင်ထားဖို့ နေရာ ရသွားပါသည်။ ခဏနေတော့ ဘယ်သူဆောင်ယူလာမှန်းမသိသော ပန်းခြင်းတစ်ခု ရောက်လာပြီး အဖေ့ဓါတ်ပုံနှင့်ယှဉ်တွဲ ထားလိုက်တော့မှ အသုဘ အခန်းအနားပြင်ဆင်ထားဟန်ကလေး ပေါက်သွားပါတော့သည်။

IMG3148

(ဆက်ရန်)

Advertisements
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s