ငှက်ကလေးက
သူ မပျံတော့ဘူးတဲ့
သူ မပျံချင်တာတော့ မဟုတ်ဘူးတဲ့
သူ မပျံတတ်တော့တာလား မသိဘူးတဲ့
သူ မပျံတာ ပျံလို့မရလို့ပါတဲ့
သူ မပျံတာ အပြစ်ရှိလားတဲ့
သူ မပျံတာ သူမ သိသလားတဲ့
သူ မပျံပဲ နေရတာ မပျော်ဘူးတဲ့
သူ မပျံနိုင်တာဟာ စိတ်ပျက်စရာပဲတဲ့
သူ မပျံတတ်တော့တာဟာရှက်ရွံ့စရာပဲတဲ့
သူ မပျံပဲနေရခြင်းဟာ ပျင်းမုန်းစရာပဲတဲ့
သူ မပျံပဲနေရခြင်းဟာ အထီးကျန်မှုတဲ့
သူ မပျံချင်တော့တာလို့ သူမထင်မှာ စိုးမိသတဲ့
သူ မပျံမချင်း သူမ စောင့်နေလိမ့်မယ်ထင်တယ်တဲ့
သူ မပျံဝဲနိုင်ပဲ ဟောဒီသစ်ကိုင်းပေါ်မှာနားနေရတာဟာ တကယ်တော့
ကျိန်စာတစ်ခုပဲ။ မပျံနိုင်တဲ့ဘ၀မှာ တေးလည်း မသီချင်တော့ဘူးတဲ့။ ငှက်
တစ်ကောင်ဖြစ်ရက်နဲ့ ကောင်းကင်မှာမပျံဝဲနိုင်ခြင်းဟာ ဘယ့်ကလောက်
နေရထိုင်ရခက်တယ်ဆိုတာ ရင်ကိုခွဲပြီးပြလိုက်ချင်တယ်တဲ့။ ငှက်ကလေး
ဟာ ငေးတိငေးကြောင်နဲ့။ ငှက်ကလေးဟာ ငါ့လဲတွေ့ရော လန့်ယောင်ပြီး
ထ ပျံတယ်။ သူဟာ လေထဲ ၀ဲပျံသွားရမယ့်အစား ဒလိမ့်ကောက်ကွေးနဲ့..။
ခင်အောင်အေး
၁ ဖေဖော်ဝါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၁၆း၂၀ နာရီ