ဘ၀မှာ
ဘယ်နှစ်ခါဆုတောင်းခဲ့ဖူးပါလိမ့်
ပြန်ရေတွက်လို့မရတော့ဘူး၊
သေးသေးတွေရော
ကြီးကြီးတွေရော
ပေါ့ပေါ့ပါးပါးရော
အလေးအနက်ရော
ပြီးပြီးရောရော
သေလုမျောပါးရော
တစ်ခါတောင်းပြီး
မေ့မေ့ပျောက်ပျောက်ရော
လနဲ့နှစ်နဲ့ချီပြီးတော့ရော
ယုံကြည်စိတ်နှစ်လျက်ရော
အင်း ပြည့်လိုပြည့်ငြားပေါ့ရော
တကယ်ပြည့်သွားတာရော
ဘယ်တော့မှမပြည့်တာရော
မုန်းသူတစ်ယောက်ကြောင့်ရော
ချစ်သူတစ်ယောက်ကြောင့်ရော
ကိုယ့်တကိုယ်တည်းအတွက်ရော
အများသူငါတို့အတွက်ရော
သူများစီရင်ပြီးသားရော
ကိုယ့်ဟာကိုယ်စီရင်ပြီးတော့ရော၊
မနေ့တစ်နေ့ကတော့
ထူးဆန်းတယ်ပဲ ပြောမလား
ရူးနှမ်းတယ်ပဲ ပြောမလား
ကိုယ့်ဒဇောင်းလက်ပတ်ပင်လေးအတွက်
ပူတိပူပန်စိတ်နဲ့ ဆုတောင်းမိတယ်
နေရောင်ခြည် အလုံအလောက် ရနိုင်ပါစေ
ရေပြတ်လပ်တဲ့အခါတွေမှာ ကြံ့ကြံ့ခံနိုင်ပါစေ
ကိုယ်မကြာခင် ခရီးထွက်ရပြန်အုန်းမယ်။ ။
ခင်အောင်အေး
၃၁ ဇန္န၀ါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၁၉း၅၇ နာရီ