ကိုနေ၀င်းမွေးနေ့ကို သွားဖြစ်ဖို့ ပထမဆုံးပြောလာတာက မိုးမခလှိုင်။ ပြီးတော့ သူငယ်ချင်း
ခင်ဆွေဝင်း။ ကိုယ် ဒီတိုင်းပြည်ထဲ မနေဖြစ်တာ အတော်ကြာသွားတဲ့အချိန်တွေအတွင်း fb
ကျေးဇူးနဲ့ သူငယ်ချင်းမိတ်ဆွေတွေတိုးခဲ့တယ်။ ကိုယ့်သူငယ်ချင်း သူ့သူငယ်ချင်းပတ်ချာလည်
တွေ ရင်းနှီးခင်မင်ဖြစ်ကြတဲ့အထဲမှာ Khin One Fan Club ကို အကြောင်းပြုပြီး ခင်မင်သွားခဲ့တဲ့
မိတ်ဆွေတွေက တော်တော်ကို ခိုင်မာပြီး ရင်းနှီးမှုဒီဂရီမြင့်မားတယ်လို့ ခံစားခဲ့ရပါတယ်။ အဲဒီ
အထဲမှာ မိုးမခလှိုင်လဲပါတာပေါ့။ လင်းထွေးသော်+၀င်းမြင့်ဇော်၊ ဒေးဗစ်ဂျီးနဲ့ကိုကျော်ဦးတို့က
တကယ့်အမာခံ မိတ်ရင်းဆွေရင်းတွေဖြစ်ခဲ့ရဲ့။ ထားပါတော့။
ကိုနေ၀င်းနဲ့ကိုယ်နဲ့ လူချင်းရင်းနှီးခွင့် နှစ်ပေါင်းများစွာ လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် အရင်းဆုံး
သူငယ်ချင်း အနုပညာဖန်တီးဖက် K မြိုး၊ ကိုအောင်ဝင်းက အစ မင်းကျော်ခိုင်တို့ နောက်ဆုံး
ထိန်လင်းတို့အထိ ကိုနေ၀င်းနဲ့လက်ပွန်းတတီးရှိခဲ့တာ ကိုယ်ကိုယ်တိုင်ကလည်း လူပျိုပေါက်
အရွယ်ကတည်းက ကိုနေ၀င်းရဲ့ ‘မောင်ငိုမယ်မိုးသည်းထဲမှာကွယ်’ (စိုးပိုင်သီဆို) က အစပြုပြီး
တေမင်း ဆိုတဲ့ နံမယ်နဲ့ ကိုနေ၀င်းကိုယ်တိုင် မန္တလေးမှာ သီဆိုအသံသွင်းခဲ့တဲ့ စီးရီးခွေအပေါ်
လေးစားနှစ်ခြိုက်မှုက အစပြုပြီး မောင့်လပြည့်ဝန်း လို့ လက်ဖျားခါလောက်တဲ့ သီချင်းတွေရဲ့
ဖန်တီးရှင် ကိုနေ၀င်းကို ကိုယ့်စိတ်ထဲ နှလုံးသားထဲက တသားထဲ ရင်းနှီးခင်မင်လို့နေမိခဲ့ပါရဲ့။
ကိုနေ၀င်းရဲ့ အနီးကပ်ဆုံးဘော်ဒါ ကိုရဲ (ကိုရဲလွင်) ဆိုရင်လဲ ကိုအောင်ဝင်းကို အကြောင်းပြုပြီး
၁၉၉၀ စွန်းစ ကာလတွေကတည်းက ထိတွေ့ရင်းနှီးခဲ့၊ နားလည်ခင်မင်မှုအား မြင့်မားခဲ့ပြီးသား
ဖြစ်ခဲ့ပါရဲ့။ ဒါကြောင့်ပဲ ဒီမွေးနေ့ပွဲကို ၂ခါပြန်မစဉ်းစားပဲ ‘အေး.. လိုက်မယ်’ လို့ မိုးမခလှိုင်ကို
ရော၊ ခင်ဆွေဝင်းကိုရော မဆိုင်းမတွ အကြောင်းပြန်ခဲ့ပါတယ်။ ပြီးတော့ ဝေးခေါင်ပါ ဒီပွဲသွားဖို့
အတွဲလိုက်ဖြစ်ခဲ့တယ်။ ထပ်ကြားရပြန်တာက ထိန်လင်းနဲ့မျိုးကြီးတို့လည်း လာမယ်ဆိုတော့
ဒီပွဲဟာ ကိုယ့်အတွက် ဘာမှ စိတ်စနောင့်စနင်းဖြစ်နေစရာမဟုတ်တော့ပဲ ကိုနေ၀င်းနဲ့လူချင်း
မရင်းတာကလွဲလို့ ကိုယ့်စိတ်နွေးပူဖို့ရာ လုံလောက်တဲ့ အခင်းအကျင်းလို့ကိုယ်စိတ်ဒုံးဒုံးချခဲ့
မိပါရဲ့။
ကိုယ်တို့ချင်း တစ်ယောက်တစ်ယောက်လှမ်းချိတ်ရင်း ချိတ်ရင်းနဲ့၊ ပွဲစချိန်လို့ကြေညာထားတဲ့
ညနေ ၇ နာရီနီးနီးမှာ ခင်ဆွေဝင်းနဲ့ကိုယ်နဲ့တက္ကစီတစ်စီးပေါ် ဝေးခေါင်နဲ့မိုးမခက မနီးမဝေး
လက်ဖက်ရည်ဆိုင်ကနေ ခြေလျင်လျှောက်လို့ ၀ိုင်ကေကေအိုဆိုင်နားမှာ ဆုံမိကြတယ်။ ဒါနဲ့
အတူတူပဲ ဆိုင်ထဲဝင် အစောဆုံးရောက်တဲ့ ဧည့်သည်စာရင်းပေါက်တော့တာပါပဲ။ သိပ်မကြာခင်
ကလေးမှာပဲ ပရိသတ်အများစုထက်စောပြီး ကိုနေ၀င်း ရောက်လာပါရဲ့။ ကိုယ်လည်း လေးစား
ချစ်ခင်စိတ်နဲ့ ကိုနေ၀င်းကို လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်ဖြစ်တယ်။ အရင်က မသိတဲ့
ကိုနေ၀င်းရဲ့အခိုင်အမာ ပရိသတ်တစ်ချို့နဲ့လဲ သိကျွမ်းခွင့်ရခဲ့ပါရဲ့။ တကယ်တမ်း ကိုယ်တို့
အုပ်စုကလေး တိုင်ပင်လာခဲ့ကြတာက ကိုယ့်ဟာကိုယ် သပ်သပ်ဝိုင်းကလေးနဲ့ထိုင်ဖို့ပါ။ ဆိုလို
တာက ကိုနေ၀င်းပွဲမှာ လာမည့်ဧည့်သည်နဲ့တည်ခင်းဧည့်ခံမှုနဲ့ ချိန်သားကိုက်လုပ်ထားရင် အား
နာစရာမဖြစ်အောင်ဆိုတဲ့သဘောပါပဲ။ ဒါပေမယ့် ကိုမောင်ဝင်းရော ကိုပီတာရောက အားလုံးနဲ့
အတူတူဝိုင်းထိုင်ဖို့ ရင်းနှီးလှိုက်လှဲစွာဖိတ်ခေါ်တာမို့ ရွှေပွဲလာဧည့်ပရိသတ်ထဲက တစ်ယောက်
ဖြစ်ခဲ့ရပေါ့။
ဒီပွဲကို လာမယ်လို့စိတ်ကပြဌာန်းပြီးကတည်းက ငါ သီချင်းတစ်ပုဒ်တော့ ဆိုခွင့်ရအောင် ကြိုးစား
မယ်လို့ သန္နိဌာန်ချဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ဒီဇင်ဘာ၊ ကိုယ် ရန်ကုန်ကို ခဏရောက်နေတုန်းက
Khin One Fan Club member တစ်ဦးဖြစ်သူဗညားဦးက တက္ကသိုလ်အဆောင်တစ်ဝိုက် သီချင်း
သွားဆိုကြမယ်ဆိုပြီး တက်ကြွစွာစီစဉ်ခဲ့ဖူးပါတယ်။ ကိုခင်ဝမ်း သီချင်းတွေ ဆိုကြမယ်ပေါ့လေ။
သားထွေး ကိုလဲ ပြောပြီးပြီပေါ့။ နောက် ကိုရဲလွင်ကိုလဲ ရီကွက်စ်လုပ်ပြီး ပါအောင်ခေါ်မယ်ပေါ့။
ဒါပေမယ့် အစီအစဉ်အထမမြောက်ခဲ့ပဲ ကိုယ့်ရဲ့ သီချင်းဆိုချင်စိတ်ကလေးသာ မြုံပြီး စိတ်ထဲ
ကြိတ်ခဲခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ ပန်းရဲ့လမ်းအဖွဲ့နဲ့ တွေ့ဆုံရင်းနှီး ပွဲတစ်ပွဲမှာ ကိုယ့်
သူငယ်ချင်းအဖွဲ့တွေ သီချင်းဆိုကြ ကိုနေ၀င်းတို့ ကိုရဲတို့နဲ့ ဓါတ်ပုံရိုက်ပြီး fb မှာ တင်ကြနဲ့
တိုင်းပြည် ပြင်ပရောက်နေတဲ့ ကိုယ့်ကို တကယ်မရိုးမရွဖြစ်စေခဲ့တာ ကောင်းကောင်းကြီး
မှတ်မိနေပါသေးတယ်။ ဒါတွေရဲ့ စေ့ဆော်မှုက ဒီပွဲမှာ ကိုယ့်ကို သီချင်းဆိုဖြစ်အောင်ဆိုဖို့
ဆုံးဖြတ်ချက်ချမိစေတယ်ထင်ပါရဲ့။ တကယ်တော့လဲ ကိုနေ၀င်းတို့ ကိုရဲလွင်တို့နဲ့ သီချင်း
ဆိုဖူးဖို့ဆိုတာ ကိုယ့်အတွက် တကယ်ကို ရတောင့်ရခဲကြုံကြိုက်မှုတစ်ခုပဲလေ။ ကိုယ်
ဘယ်လို လက်လွတ်ခံနိုင်ပါ့မလဲ။
ဒီလိုနဲ့ပဲ ကိုနေ၀င်း ပရိသတ်တွေ မိတ်ရင်းဆွေရင်းတွေနဲ့ ခန်းမဟာ တဖြည်းဖြည်းပြည့်လု
ပြည့်ခင်ဖြစ်လာတယ်။ ကိုယ်တို့လဲ အချင်းချင်းစကားတွေ ပြောလိုက် ဓါတ်ပုံတွေရိုက်လိုက်
fb မှာတင်လိုက်၊ ဟိုး စင်္ကာပူက ဒေးဗစ်တို့ ကျော်ဦးတို့ လင်းထွေးသော်တို့ကို မရိုးမရွဖြစ်
အောင်လုပ်လိုက်နဲ့ပဲ ပေါ့ပါးပျော်ရွှင်နေမိကြတယ်။ ပြီးတော့ ကိုယ့်မှာ ပါတာလေးနဲ့ပဲ အနွေး
ဓါတ်ယူရတယ်။ ဟိုးအတွင်းဖက်ဝိုင်းမှာ ဘလက်တွေလား၊ ဘလူးတွေလားမသိ ၀ိုင်းထောင်
နေကြပေမယ့် ကိုယ်က ပါလေရာငပိချက် လုပ်ချင်သူတစ်ယောက်မဟုတ်လေတော့ ကုပ်ကုပ်
ကလေးပဲ ရှိတာလေးနဲ့ မျှတ အောင်သောက်နေတုန်း ထိန်လင်းကိုယ့်ဘေး ဗြုန်းဆို လာထိုင်
တော့ ကိုယ်ဒီနေ့တော့ သီချင်းဆိုချင်တယ် မင်းကြံဆောင်ပေးပေတော့လို့ သူ့ကို အမှာစကား
ထားမိပါတယ်။ မျိုးကြီးလာရင် ဂစ်တာကိုင်မယ် ဒါဆို ထိန်လင်းကကိုယ့်ကို ပွဲတောင်းရင် ကိုယ်
ဆိုရပြီပေါ့။ အဲ့သလို ဆင်လိုက်တာပါ။ ဒါ ကိုယ့်ရဲ့ တကယ့်မူရင်းစိတ်နဲ့ဆန့်ကျင်တဲ့ လုပ်ရပ်ပါပဲ။
အဲသလို ခွင်ဆင်ရတာမျိုး ကိုယ်အလွန်မုန်းပါတယ်။ ဒါပေမယ့် ဒီပွဲမှာ သီချင်းတပုဒ် လောက်တော့
ဆိုဖြစ်အောင် ဆိုမယ်ဆိုတဲ့ ဇောစိတ်ကတိုက်တွန်းတာကြောင့် အဲဒီလို လုပ်မိတာပါ။
အကျွေးအမွေးအစီအစဉ် မပြီးတတ် ပြီးတတ်မှာပဲ ကိုနေ၀င်း၊ ကိုရဲတို့ရဲ့ အဖွဲ့တွေ ဂစ်တာ
ကောက်လွယ်ကြ အသံတစ်ချက်နှစ်ချက်စမ်းပြီး မြိုင်မြိုင်ကြီး တီးကြဆိုကြပါပြီ။ ကိုယ်ကတော့
ကိုယ့်နေရာမှာပဲ ကိုယ် အသောက်အစားကို လက်စသပ်ဖို့ကြိုးစားရင်း ရင်တွေ တဒိုင်းဒိုင်း
ခုန်နေခဲ့ပါရဲ့။ အားလုံးကိုကျော်ဖြတ်ရမယ် သီချင်းမှာတော့ ဘယ်လိုမှ မအောင့်အည်းနိုင်တော့ပဲ
ကိုနေ၀င်း၊ ကိုရဲလွင်တို့နဲ့အတူတွဲပြီး ၀င်ဆိုမိပါတော့တယ်။ ကိုယ့်ကို မသိတဲ့သူတွေကတော့
ဒီလူစိမ်းဟာ ဘာပေါက်မြောက်ပြီးတော့ လာဝင်ရောနေတယ်မသိဘူးလို့ ထင်ကြမှာပါပဲ။
ကိုယ် အဲ့သလို အထင်ခံရမှာစိုးတဲ့စိတ်ကိုကျော်ဖြတ်ပစ်လိုက်တယ်။ အဲဒါပြီးတော့ ကိုယ့်နေရာ
မှာပဲ ကိုယ်ပြန်ထိုင်ပြီးနေလိုက်ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ အားရကျေနပ်မသွားသေး
ပါဘူး။ မျိုးကြီးတို့ တီးကြဆိုကြတဲ့အခါကျတော့ တချို့ သီချင်းတွေ ကိုယ်မရဘူး၊ လိုက်မဆိုနိုင်
ခဲ့ဘူး။ ပြီးတော့ အခြေအနေက ထိန်လင်းလဲ ကိုယ့်ကို ပွဲမထုတ်သာဘူးဆိုတာ ရိပ်မိလိုက်တော့
အားမနာနိုင် မထိန်းမသိမ်းနိုင်တဲ့ ချင်ခြင်းဆန္ဒတွေနဲ့ ကိုရဲကိုပဲ ကပ်ပြီး ပူဆာလိုက်ရတယ်။
လူကြားသူကြားမှာ အရှက်ကွဲမှာလည်းတဖက်ကစိုးရသေးတာမို့ကိုယ်သေချာ ရတဲ့သီချင်းမျိုး
ဆိုမှဖြစ်မယ်လို့တွက်မိတာကတစ်ကြောင်း၊ သီချင်းစာသားနဲ့ပတ်သက်ပြီး ကိုရဲလွင်နဲ့ လေးလေး
နက်နက်ပြောခဲ့ဖူးတာလဲဖြစ်တဲ့ နဒီမင်္ဂလာ သီချင်းကို ဆိုမယ်လို့ ပြောဖြစ်တယ်။ ကိုရဲကတော့
အင်မတန်လေးစားစရာကောင်းတဲ့ စကားလေး ပြောပါတယ်။ ကိုနေ၀င်း မွေးနေ့မို့သူရေးတာ
မဟုတ်တဲ့သီချင်းဆိုဖို့ရာ ခွင့်တောင်းလိုက်ပါအုန်း ဆိုတဲ့ သဘောထားလေးပါ။ ကိုယ်လဲ မဆိုင်း
မတွပဲ ကိုနေ၀င်းကို ခွင့်ပန်လိုက်ပါတယ်။ ကိုနေ၀င်းရဲ့ခွင့်ပြုချက်ရတာနဲ့ ကိုရဲက Intro ၀င်ပါ
တော့တယ်။ ကိုယ်လဲ သီချင်းထဲ ဒရွတ်တိုက်မျောပါသွားပါတော့တယ်။ ဘာမှကို မမြင်နိုင်တော့
လောက်အောင် ကြည်နူးပီတိစိတ်တွေပြည့်လျှမ်းလို့နေပါတော့တယ်။ တကယ်ကို အကျေနပ်ကြီး
လည်းကျေနပ်မိပါရဲ့။ အနှစ်နှစ်အလလက မြိုသိပ်ခဲ့ရတဲ့ ဆန္ဒချင်ခြင်းပြည့်ဝသွားမှုဟာ ဘယ်လို
စကားလုံးနဲ့ဖော်ပြလို့မှ ရနိုင်ကောင်းမယ် မထင်မိပါဘူး။
အဲဒီညက အရှိန်မသပ်နိုင်ပုံများ မိုးမခလှိုင်၊ ခင်ဆွေဝင်း၊ ဝေးခေါင်နဲ့ကိုယ်တို့ ညီအစ်ကို
မောင်နှမတစ်စု မနီးမဝေးက KTV ၀င်ပြီး ဟဲ လိုက်ကြသေးတယ်။ ၁၉၈၀(?) လောက်တုန်းက
တက္ကသိုလ် ပန်းချီခန်းမှာ သူငယ်ချင်းတွေစုပြီး သောက်နေကြတုန်း ည ၁၀ နာရီလောက်
ကိုနေ၀င်းနဲ့သူ့အဖော် ၂ယောက် ကိုနေ၀င်းရဲ့ဂစ်တာ (ပန်းချီခန်းကို မင်းကျော်ခိုင်ယူလာ
တာလားမသိ) ပြန်လာယူတာလေး သူတို့ကို ပြန်ပြောပြဖြစ်တယ်။ အဲ့ဒါ ကိုနေ၀င်းကို ကိုယ့်
ဘ၀မှာ ပထမဆုံး မြင်ဖူးတာပဲ။ ဘယ်တော့မှ မမေ့ပျောက်နိုင်တဲ့ ပုံရိပ်တစ်ခုလဲ ဖြစ်ပါတယ်။
ခင်အောင်အေး
၃ အောက်တိုဘာ ၂၀၁၃ သမိန်ဗရမ်းလမ်း၊ တာမွေ ၀၃း၃၅ နာရီ