စီဖာ
မင်းအရိပ်ရဲ့နှုတ်ခမ်းသားလေးတွေကို
ငါ့ရဲ့ မြတ်နိုးမှုဇာနားကလေးတွေ တပ်ပေးထားချင်တယ်
စီဖာ
မင်းလည်မှာ အမြဲဆွဲထားတဲ့ ပုတီးကုန်းကလေးရဲ့ သီကြိုးဖြစ်ဖြစ်
မင်းကိုယ်ခန္ဓာမှာ ၀တ်ဆင်ထားမယ့်ဝတ်စုံရဲ့ကြယ်သီးလေးတလုံးဖြစ်ဖြစ်
ငါ ဖြစ်ချင်မိတယ်
စီဖာ
မြွေအလမ္ပါယ်ဆရာဟာ
သူ့ပြွေသံနဲ့ ပခြုပ်ထဲက မြွေကို သူလိုရာ ကကွက် အတိုင်း က ခိုင်းသလို
မင်းငါ့ကို ချုပ်ကိုင်စိုးမိုးပါ မင်းငါ့ကို ထင်သလိုဆော့ကစားပါ
စီဖာ
ငါ မသေချင်သေးဘူး
မင်း ကိုယ်သင်းနံ့လေးကို မင်းနားပူးကပ်ပြီး မရှူရှိုက်ဖူးသေးသမျှ
မင်း နားရွက်နောက်နားလေးကို ငါ့နှုတ်ခမ်းနဲ့ဖိကပ်ပြီး မနမ်းဖူးသေးသမျှ
မင်း ငါ့ကို စေ့စေ့ကြည့်ကာ ကြည်ရွှင်တဲ့ရယ်သံလွင်လွင်ကလေးနဲ့ပစ်ပေါက်တာ မခံရဖူးသေးသမျှ။ ။
(စီဖာ = ဂရိဒဏ္ဍာရီလာ ‘စီစီဖတ်’ အား အသံသာအောင်ပြောင်းထားသောအမည်)
ခင်အောင်အေး
၁၉၊ သြဂုတ်၊ ၂၀၁၁ ချေလ်တန်ဂရို့ဗ် လန်ဒန် ၀၈း၁၃ နာရီ