ကိုယ့်မှာဖြင့် ကဗျာတွေကို သွေးရူးသွေးတမ်းရေးနေမိသည်။ သေမိန့်ကျပြီးသား၊ လူ့ဘ၀ထဲမှာ
နေခွင့်ရက်ကျန်သိပ်နည်းနေတဲ့ ဂိတ်ဆုံးရောဂါသည် လူမမာတစ်ယောက်လို။
အားလပ်နေခြင်း၊ အထီးကျန်ခြင်း(ဆိုပါတော့)၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား တစ်ယောက်ဖြစ်ခြင်းကလည်း
ခုလို ကဗျာတွေ တရစပ်ရေးဖြစ်ဖို့ တွန်းအားပေးနေသလိုပင်။ ကဗျာ မရေးလို့ ဘာလုပ်နေရမလဲ..။
သစ်ပင်တွေ ပြေးစိုက်ရမလား၊ သီချင်းတွေ အော်ဆိုနေရမလား၊ အများကောင်းကျိုး ဆောင်ရွက်ဖို့၊
တိုင်းပြည်အတွက် တစ်ခုခုလုပ်ဖို့၊ သားတူညီများ ကောင်းစားရေး ဆောင်ရွက်ဖို့၊ ကိုယ်သည်အလွန်
ပဲ ဆွံ့အ, နေခဲ့သည်။ ကိုယ်မလုပ်ချင်၊ မလုပ်တတ်၊ လုပ်နိုင်စွမ်းမရှိ၊ အရည်အသွေးမရှိ၊ နောက်ဆုံးမှာ
တိုင်းပြည်ကိုလဲ မချစ်၊ လူမျိုးကိုလဲ မချစ်၊ ကိုယ့်အမျိုးလဲ ကိုယ်မချစ်၊ ဘယ်သူ့ကိုမှ မချစ်၊ ခွေးလေး
ကြောင်လေးတွေကိုလည်းမချစ်၊ ကိုယ့်ကိုယ်ကိုပဲ ကိုယ်ချစ်တဲ့ နမနောက်ပိတ်ခွေးတစ်ကောင်လို့ပဲ
ကိုယ့်ကိုယ်ကိုမြင်ယောင်နေတော့သည်။ ဘိန်းစား ဘိန်းမှိန်းသလို ကဗျာနဲ့ပဲ မှိန်းနေချင်သည်။
ကျေးဇူးပြု၍..၊ ဒီလိုလေးပဲ နေပါရစေ။ ကဗျာတွေပဲဖတ် ကဗျာတွေပဲ ရေးနေပါရစေ။ ကဗျာချစ်သူ
ကြီး၊ ကဗျာမြတ်နိုးသူကြီး၊ ကဗျာကို ကိုးကွယ်သူကြီး အစရှိသဖြင့် ဒီလိုတော့ ကင်ပွန်းမတပ်စေချင်
ပါ။ ခင်ဗျားတို့ နေ့စဉ်ရုံးသွားကြ၊ မိသားစုအရေးပြာယာခပ်ကြ၊ Dinner ထွက်စားလိုက်ကြ၊ (ဒါမှ
မဟုတ်) လွှတ်တော်ထဲ လန်းလန်းလန်းလန်း၊ စာစောင် ဂျာနယ်တွေထဲ ဟိုတို့ ဒီခတ်၊ လူစုပြီးဆန္ဒပြ၊
အဲသလို တခုမဟုတ်တခု ကိုယ်ယုံကြည်ရာ ဒါမှမဟုတ် မလွှဲမရှောင်သာ လုပ်နေသလိုမျိုးပေါ့ဗျာ။
ကိုယ့်မှာတော့ ယုံကြည်တယ်လဲ မဟုတ် မယုံကြည်ဘူးလဲ မဟုတ်။ ကိုယ့်အဖို့ စိတ်အားစိုက်လို့
အရဆုံး ကိုယ့်ကို အဆွဲဆောင်ဆုံး ကိုယ်လဲ အလုပ်တတ်ဆုံး အလုပ်တခုကို လယ်သမားတစ်ဦး
နွားစာစဉ်းသလို တဂျုတ်ဂျုတ်နဲ့ အသိစိတ် ကပ်တစ်ဝက် ပြတ်တစ်ဝက်နဲ့ လုပ်နေမိတော့တာပါ။
ဒါ ကိုယ်နဲ့ကဗျာရေးခြင်းအလုပ်နဲ့ ဆက်စပ်ပါတ်သက်ပုံပါပဲ။ ကဗျာထဲ ကိုယ်နစ်ကျွံဝင်နေပုံပဲပေါ့။
ကဗျာက ငယ်ချစ်ဦး ဘာညာနဲ့ ပြောကြတယ်။ လှပါတယ်၊ ပြောပုံလေးက။ ကိုယ်နဲ့ကျ ငယ်ပေါင်း
လို့ပြောရမလား။ အဲလိုပဲ ပြောချင်တယ်။ အချစ်ဦးဆိုတာ ဦးတာပဲ ရှိတာ၊ ပေါင်းချင်မှလည်းပေါင်း
ရမယ်။ ပေါင်းဖြစ်တောင်မှ ငယ်တုန်းကလို/လောက် ချစ်ချင်မှလည်းချစ်တော့မယ်။ ကိုယ်နဲ့ကဗျာ
ကတော့ ငယ်ပေါင်းတွေ၊ ငယ်ပေါင်းဆို ဘယ်လောက်ငယ်တုန်းကတည်းကလဲ။ အိုး လူမှန်းသိစ
ကတည်းကပေါ့။ ဖိုးလမင်းရေ ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါဟေ..။ အမေ့ ဆိုညည်းသံလေး
က စ တာပေါ့။ အမေက ကိုယ့်ကို ထမင်းခွံ့လို့၊ ကိုယ်က ကဗျာတွေ ဘာတွေ ဘယ်သိအုန်းမှာလဲ။
သာယာသံလို့တော့ ခံစားချင်လည်း ခံစားနေခဲ့လိမ့်မယ်။ ပြီးတော့ ကလေး အသိလေးနဲ့ ထမင်း
တလုပ်နဲ့ နောက်ထမင်းတစ်လုပ်ကြားမှာ ဒါလေး ဆိုလိုက်မှ စားမယ်ဆိုပြီး ပါးစပ်ကို စေ့ထားရင်
လည်း စေ့ထားခဲ့မယ်။ အမေက ပြုံးပြီးတော့ ဖိုးလမင်းကြီးရေ.. ဆိုပြီး မရိုးနိုင်တဲ့ ကဗျာစလေးကို
ပဲ အထပ်ထပ်ဆိုရင်း သားကို ထမင်းခွံ့နေခဲ့လိမ့်မယ်။ ဒါ ကဗျာနဲ့ကိုယ်နဲ့ စ ပြီးထိတွေ့တဲ့အချိန်။
နောက်တော့လဲ ၀ ၀ကလေး ၀ိုင်းဝိုင်းရေး၊ က ကန်စွန်းပင် ရေမှာရွှင် ပေါ့လေ။ လင်္ကာလေးတွေ
ဆိုရပြီပေါ့။ ဖိုးသာထူး ဖိုးသာထူး အလွန်ဝ တဲ့ ဖိုးသာထူး။ ဖိုးသာထူး ၀မ်းပူပူ ဖိုးဝကြီးနဲ့တူ၊ တူပါ
သကွယ့် မယုံငြား ဒီမှာ ကြည့်ပါလား..။ တွေ ဆက်လာပြီ။ ဆိုလို့ ရွတ်လို့လဲ ကောင်း ကဗျာလေး
ရဲ့ဟာသ ဓါတ်ကလေးကိုလည်း ကြည်နူးခံစားတတ်ပြီ ထင်ပါရဲ့။ အဲဒီကနေ ဟိုဖက်ကမ်းက မီး
ထိန်ထိန် ဒီဖက်ကမ်းက မီးထိန်ထိန်။ ဆီမီးထိန်ထိန်ထွန်းပါလို့ မလွန်းတို့အိမ်..။ ဘာ ညာနဲ့
ကဗျာစ တွေက၊ ကဗျာရဲ့ညွတ်နူးဖွယ်တွေက ကိုယ့်ရင်ထဲကို တစ်စိမ့်စိမ့်တိုးဝင်လာခဲ့ရဲ့။ ဒါကြောင့်
ပြောပါတယ်၊ ကဗျာနဲ့ကိုယ်နဲ့က ငယ်ပေါင်းပါလို့။ ဖွားဖက်တော်လို့တောင် ပြောလို့ရသေးတယ်။
ကိုယ် မွေးစပေါက်ကလေးမှာကို အမေက ကိုယ့်ကိုရွက်ချီပြီး အိုအေ့အေ့ အို.. လို့ အာလုပ်သံနဲ့
ချော့သိပ်ခဲ့မှာကိုး။ ဒါ ကဗျာရဲ့ရှေ့တော်ပြေးပဲ မဟုတ်လား။
မူလတန်းမှာ သင်ခဲ့တဲ့ စာတွေတော့ မေ့သလောက်ရှိကုန်ပြီ။ ကဗျာတိုကဗျာစလေးတွေကိုတော့
ခုထိ နှုတ်တက်ရွရွ ရနေတုန်းပဲ။ နှစ်ပေါင်း ၅၀ ရဲ့ဟိုဖက်ကကပေမယ့် တချို့ကိစ္စတွေက ရင်ထဲ
စွဲနေတာ။ ကျောင်းတကယ် စတက်တာက မော်လမြိုင် Amas့ha High School မှာ။ စာလုံးပေါင်းမှန်
မှန်တော့မသိဘူး။ အမားရှား ဟိုက်စကူးလ်။ အဲ့လိုပဲ အသံထွက်ကို မှတ်မိတာ။ ‘Twinkle twinkle
little star, How I wonder what you are..’ ပေါ့လေ။ အော်ဆိုခဲ့ရမယ်။ မာသာကြီးတွေ စစ္စတာ
ကြီးတွေက ရှေ့ကနေ ဆိုပြလို့။ လည်ပင်းမှာ ဖဲပြားလေးတပ်ထားတဲ့ ကျောင်းယူနီဖောင်းနဲ့ ကိုယ်
က၊ ဘ၀င်စိတ်ကလေးနဲ့ အများထက်ကဲ ပြီး ကိုယ့်အသံလေးပေါ်ထွက် ကျော်ထွက်အောင် အော်
ဆိုလို့။ One, two, Buckle my shoe; Three, four, Open the door; တွေ ဘာတွေ အလွတ်ကျက်
ရ၊ အတန်းရှေ့မှာ ပြန်ဆိုပြရနဲ့၊ ကိုယ့်ဟာကိုယ် ကဗျာတွေ သင်ယူမိနေမှန်းမသိပဲ သင်ယူခဲ့တာ
မဟုတ်ဘူးလား။ ဒါဟာ ကိုယ်နဲ့ကဗျာနဲ့ ငယ်ပေါင်းဆိုတာ မှန်ကန်ကြောင်း သက်သေပြနေတာပဲ
လေ လို့ ကိုယ်က ထပ်ဆိုလိုက်၊ ပြောလိုက်ချင်မိတော့တယ်။ ဒီလိုနဲ့ မိသားစု တကွဲတပြားဖြစ်ဖို့
အကြောင်းဖန်လာတော့ ကိုယ်တို့မောင်နှမနှစ်ယောက်ဟာ မြောင်းမြက ကြီးဒေါ်ကြီးတွေဆီမှာ
၁ နှစ်သွားနေရတယ်။ ရိုးကူးမူလတန်းကျောင်းမှာ ကိုယ်က ၂ တန်း၊ မမက ၃တန်းတက်ရမှာ၊
စာတော်လို့ဆိုပြီး လပိုင်းအတွင်း ၄ တန်းကိုခုန်တက်သွားတယ်။ မြောင်းမြ ငယ်ဘ၀ဟာ ကိုယ့်
အတွက် မမေ့နိုင်စရာ ပုံရိပ်တွေထဲက တခုပဲ။ ဖေဖေနဲ့မေမေ ပြသနာတွေဖြစ် ကွဲကြကွာကြဖို့
ပဋိပက္ခတွေဖြစ်နေချိန်၊ ကိုယ်တို့ မောင်နှမ ၂ယောက်က မျက်စေ့မမြင်တဲ့ အဘ ရဲ့ သင်္ချာသင်
ပေးချိန် အလီကျက်မှတ်ချိန်တွေနဲ့ မနက်စောစော ခြံထဲက ရေတွင်းမှာ မျက်နှာသစ်ရင်း ဂွေးချို
သီးလိုက်ကောက်၊ ပန်းခူး ပန်းသီခဲ့ရတာလေးတွေ။ မောင်နှမနှစ်ယောက် လွယ်အိတ်ကိုယ်စီနဲ့
နတ်စင်လမ်းကနေ ဟိုး ရိုးကူးကျောင်းထိ ခြေလျင်ကျောင်းတက်ခဲ့ရတာတွေ။ ဆရာမ ဒေါ်ခင်ထား
ရဲ့ အချစ်တော်ဖြစ်ရတာ။ ကညင်ပင်အောက်မှာ မောင်နှမနှစ်ယောက် ဆော့ကစားကြတဲ့ ဇာတ်ကွက်
ပါတဲ့ စာတပုဒ်သင်ရင်း စကားပြောခန်းမှာ မာမာလွင်ဆိုတဲ့ ကုလားဆင်မလေးနဲ့အပြန်အလှန်
ထ ပြောရတာ၊ သူငယ်ချင်းတွေက ကိုယ့်ကို သူနဲ့စ ကြ၊ နောက်ကြတာ၊ ပြီးတော့ မာမာလွင်နဲ့
ကိုယ်နဲ့ ပထမနေရာကို အမြဲလုခဲ့ကြတာ..။ အိုး မမေ့နိုင်စရာ အတိတ်ရဲ့အရိပ်ဇာတ်ဝင်ခန်းတွေ
ပါလား။ ကိုယ့်ဘေးမှာ ကပ်ထိုင်တဲ့ မြင့်ဦးတစ်ယောက် သူ့ဦးလေး ဆပ်ကပ်ပွဲ မြောင်းမြမှာလာ
ရုံသွင်းတော့ တခန်းနှစ်ခန်း ၀င်ပါရင်းက ဆပ်ကပ်ထဲ အပြီးပါသွားတာလေးက ကိုယ့်အတွက်
ထရက်ဂျက်ဒီလေး တခုလို ခံစားခဲ့ရတာလည်း ခုထိမမေ့ဘူး။
နောက်ထပ် ၂ နှစ်တာကာလကတော့ ကိုယ့်အတွက် အိပ်မက်ဆန်တဲ့ ရုပ်ရှင်ဇာတ်ကွက်တခု
လိုကာလတွေပေါ့။ ညမှောင်မည်းကြီး ရိုးမတောင်ပေါ် ဆွဲဆွဲငင်ငင် ကားစက်သံနဲ့၊ လရောင်
က တချက်တချက် ဘတ်စ်ကားအိုကြီးရဲ့ပြတင်းကတဆင့် ပေါ်လိုက် ပျောက်လိုက်။ ကိုယ်
က မေမေ့ရင်ခွင်ထဲ ခေါင်းထိုးစိုက်လို့ ငိုက်တချက် နိုးတချက်။ မမက ကိုယ့်ကိုယ်ပေါ်မှီလဲ
ကျပြီး အိပ်ပျော်နေတဲ့မြင်ကွင်းလေး။ ကျောက်ဖြူ – ငလပွေ့ဆိပ် တာလမ်းဘေး၊ တောင်
ရင်းရွာဝင်လှည်းလမ်းကြောင်းနံဘေး။ ကြက်ခြံနဲ့ဓနိမိုးထရံကာ နှစ်ပင်သုံးခန်းအိမ်ကလေး။
ခေါင်းရင်းဖက် အဆောင်တစ်ခုထပ်ထုတ်ထားတဲ့အခန်းမှာက အဘောင် နေတယ်။ နောက်
ဦးလေးတို့မိသားစု ထပ်ရောက်လာတော့ ထပ်တိုးချဲ့ရပြန်တယ်။ သီဟိုဠ်ပင်တွေနဲ့ ကညင်
မြင့်မြင့်မတ်မတ်ကြီးတွေ။ ကိုယ်တို့ခြံကနေ ၃-၄ ခြံလိုက်ကျော်လိုက်ရင် ချောင်းဖြတ်တံတား
လေး တစ်ခုရှိတယ်။ ကိုယ်တို့ ရေကူးရာ၊ ငါးမြားရာ ဘူမိနက်သန်ပေါ့လေ။ အဲဒီ ချောင်းရိုး
အတိုင်း ငါးစမ်းရင်း တောင်ရင်းရွာအထိလဲ ရောက်သွားဖူးတယ်။ ချောင်းကလေးက ပတ်ခွေ
စီးသွားရင်း တောင်ရင်းရွာကိုလည်း ဖြတ်သွားတာကိုး။ ရွာက ကိုယ်တို့ ကြက်ခြံကနေ လှည်း
လမ်းကြောင်းအတိုင်း ခြေလျင်လျှောက်သွားရင်တော့ လူကြီးခြေလှမ်းနဲ့ မိနစ် ၂၀လောက်
လျှောက်ရမယ် ထင်ပါရဲ့။ ကိုယ်တို့အိမ်ခြံကနေ မြောက်ဖက်ကို တက်သွားရင်တော့ ကျောက်
ဖြူ ကောလိပ်ကျောင်းအဆောက်အဦရှိတယ်။ ဘာဖြစ်လို့လဲတော့မသိဘူး ကျောင်းတွေပိတ်
ထားတာ မှတ်မိတယ်။ ကျောင်းမှာ စစ်တပ်တစ်တပ် စခန်းချထားတယ်။ ကောလိပ်ကျောင်း
ဖက် မရောက်ခင်မှာ မြယာပင်တွေနဲ့ ကျူထရံတွေ ကျိုးပဲ့ ပြုတ်ကွာနေတဲ့ ၂ခန်းတွဲ အိမ်
ဟောင်းတွေရှိတယ်။ ဘာကြောင့် ဘယ်အတွက်နဲ့ ဆောက်ထားပြီး လူမနေတော့ပဲ ပစ်ထား
သလဲဆိုတာတော့ ကိုယ်လဲ မသိဘူး။ ကိုယ်နဲ့ညီဝမ်းကွဲလေးနဲ့ အဲဒီဖက် သွားသွားဆော့
တာပဲ မှတ်မိတော့တယ်။ ကိုယ်တို့ မောင်နှမ ဟိုး ကျောက်ဖြူမြို့ထဲက စံပြကျောင်း(ပညာ
ရေးလေ့ကျင့်ရေးကျောင်းပေါ့လေ။ ရန်ကုန် TTC လိုပေါ့) ကို နေ့တိုင်းခြေလျင်ကျောင်း
တက်ရတယ်။ တစ်ခါတစ်လေ ငလပွေ့ဖက်က ပြန်လာတဲ့ ကုန်ကားလိုမျိုး၊ ဈေးကားလိုမျိုး
တစ်စီးစီးက ကြုံလို့ခေါ်တင်သွားတဲ့အခါဆိုရင်တော့ သက်သောင့်သက်သာ ကျောင်းကို
ရောက်သွားပါရဲ့။ ဒါပေမယ့်လည်း ကိုယ်ကတော့ ခြေလျင်သွားရင်း လမ်းမှာ ဆော့သွားရ
ကစားသွားရတာလေး လည်း မက်သေးတာဆိုတော့၊ ပင်ပမ်းတယ်လို့ကို မထင်ခဲ့ပါဘူး။
အမေနဲ့ကျောက်ဖြူမှာ ၁ နှစ်ခွဲလောက်နေခဲ့ရတဲ့ ကာလတိုလေးဟာလည်း ကိုယ့်အတွက်
တော့ ရှည်လျားသလောက် ဇာတ်ကွက်ဇာတ်လမ်းစုံ အဖြစ်အပျက်စုံကို ထည့်သွင်းရိုက်ကူး
ပြထားတဲ့ ရုပ်ရှင်ကားတစ်ကားလိုပါပဲ။
ဒီငယ်ဘ၀ ပုံရိပ်တွေကို ပြန်ပြောနေမိတာက ကိုယ်ဟာဒီပုံရိပ်တွေကို သေရာပါမယ့်ဒဏ်ရာ
လို ထုတ်ပိုက်နေမိလို့ပါပဲ။ ပြီးတော့ ဒီခံစားချက်တွေဟာ ကိုယ့်ကဗျာတွေထဲကို သိသိသာ
သာရော မသိမသာပါ အရိပ်ထိုးနေခဲ့တာမို့လဲ ပြောနေမိတာပါ။ ကိုယ် ၁၀ တန်းကျောင်းသား
ဘ၀လောက်ကကြည့်ခဲ့ဖူးတဲ့ The Castle of Sand (1974)ဆိုတဲ့ ဂျပန်ရုပ်ရှင်ကားလေး
သွားသတိရမိတယ်။ သူ့ရဲ့ Concert မှာ ဖျော်ဖြေဖို့ (သူက Classical Music Conductor)
တေးသွား တပုဒ်ရေးနေတာ၊ အဲ့ဒီမှာ သူ့ငယ်ဘ၀ မြင်ကွင်းတွေ မြင်ယောင်ပြီး အဲ့ဒီ နာကျင်
ခံခက်တဲ့ အဖြစ်အပျက်တွေရဲ့အရောင်တွေ၊ အသံတွေ၊ အရုပ်တွေကို ဂီတအဖြစ် အသွင်
ပြောင်းပစ်လိုက်တာကို ရိုက်ပြထားတာ။ သိပ်ကောင်းတာပဲ။ ၂ ခါလား ၃ ခါလား မသိကြည့်
ဖြစ်တယ်။ ခုထိ တချို့အခန်းတွေ မျက်စေ့ထဲ မြင်ယောင်နေဆဲပဲ။ ကိုယ်လည်း အဲ့လိုပဲပေါ့
လေ။ ၁၉၆၅ မှာထင်ပါရဲ့ အဖေ တာဝန်ကျနေတဲ့ စစ်တွေမြို့ကို အလည်သွားရင်း၊ အဖေ့
ကို သွားချောင်းကြည့်တာ၊ သူက ကိုယ့်ကို မမှတ်မိပဲ မျက်နှာလွှဲသွားတော့ (ကိုယ်ရောက်
နေတယ်ဆိုတာလဲ သူမသိ၊ မမျှော်လင့်တာလဲဖြစ်မှာပေါ့လေ) ကိုယ့်မှာ ရှိုက်ကြီးတငင် ငို
ပြီး အမေ့အစ်မကြီးအိမ်ကိုပြန်လာ၊ ကြီးကြီးက အဖေ့ရုံးက အထက်အရာရှိဆီဖုံးဆက်ပြော၊
ပါပါလို့ခေါ်တဲ့ အဲဒီ အဖေ့အထက်အရာရှိက ကိုယ့်ကိုလာခေါ်၊ အဖေ့ကိုဖုံးဆက်ပြီး ဆူပူ။
အဖေက ကိုယ့်ကို ချက်ခြင်းပဲ သူ့ BSA ဆိုင်ကယ်နဲ့လာခေါ်ရာကနေ အမေ့ဆီ ပြန်မလွှတ်
တော့ပဲ ခေါ်ထားလိုက်တာ ကိုယ့်ကျောင်းသား ဘ၀ တစ်လျှောက်လုံးလိုလိုပါပဲ။ အဲ့ဒီကနေ
ရန်ကုန်ရောက် ရန်ကုန်ငယ်ဘ၀ကို ၄၆ လမ်းမှာ ဖြတ်သန်း၊ စိန်ပေါလ် (အထက ၆ဗိုလ်) နဲ့
ဗိုလ်တစ်ထောင် ၅ ကျောင်းတွေမှာ အလယ်တန်း အထက်တန်းကျောင်းသား ဘ၀တွေကို
ဖြတ်သန်းခဲ့ရပါတယ်။ ၁၉၆၆ ကနေ ၁၉၇၅ ပေါ့လေ။ တကယ်ဆို ၇၃ မှာ ဆယ်တန်းအောင်
ရမှာ။ ၇တန်း တစ်ခါကျ၊ ဆယ်တန်း B list နဲ့တစ်ခါ ထစ်လိုက်တာ ၁၉၇၅ မှပဲ ဆယ်တန်းကို
ကျွတ်တော့တာ။ ဒါကလဲပဲ ခင်အောင်အေး ဆိုတဲ့ ကလောင်အမည်ကိုယူပြီး ကိုယ့်ကို ကဗျာ
ဆရာဖြစ်လာစေမယ့် အဲ့ဒီ မိန်းကလေးနဲ့ ဆုံဖို့ ဖန်လာတဲ့ ဇာတ်ရဲ့အစ, ပဲပေါ့လေ။
(ဆက်ပါဦးမယ်)