picture by thi mar win
အနှေးကြွေကျနေတဲ့
သစ်ရွက်တွေရဲ့အရှိန်ကို
စိတ်နဲ့ချိန်ဆတိုင်းထွာကြည့်နေမိတယ်
နောက်ကိုလှန်ဖီးထားတဲ့
ဆံပင်ရဲ့ပိပြားသေသပ်မှုကို
ချစ်စိတ်ဝင်ခဲ့လေသလား
အရိပ်တွေကတလွှာချင်း
အလွမ်းတွေကတမှုန်ချင်း
တမ်းတမှုကို တမ်းတခြင်းဟာ
ကျိုးပျက်နေတဲ့
တံတားကလေးတစ်စင်းပါတဲ့ ညနေခင်းလို
အလင်းထဲ စိမ့်ဝင်လာနေဆဲ
အမှောင်အစအနတွေ
ပေါ့ပါးမှုဟာ
တောအုပ်ကလေးရဲ့အနားစပ်မှာ မှေးစင်းလို့
‘မောင် ရေ..’
ငှက်ကလေးတစ်ကောင်ရဲ့ အသံလား
တသွင်သွင် ချောင်းကလေးရဲ့
အဆက်မပြတ်စီးနေတဲ့အသံလား
ကြေကွဲခြင်းတွေဟာ
အပိုင်းပိုင်းအပြတ်ပြတ်
လွင့်ကွာထွက်သွားကြတယ်
မတွေ့နိုင်တော့တဲ့ ခြေရာများ
သည်းအူပြတ်မျှ ထိခိုက်ခံစားရမှုများ
မြက်ကလေး တပင်ချင်းမျှကိုပင် အသေးစိတ်မြင်နေရ
ယွင်းပျက်ခဲ့တဲ့
အချိန်းအချက်နေ့ရဲ့ အငွေ့ပျံသွားမှုမှာ
တင်ပါးပေါ်အထိဝဲကျနေတဲ့ မင့်ဆံပင်အဖျားစလေးများ
အငွေ့မသေသေးတဲ့ ကော်ဖီခွက်
အစိမ်းရောင်နှင်းတွေ
လေးတွဲ့အိဆင်းကျနေခဲ့တယ်
လက်ဖ၀ါးတွေရဲ့ပူနွေးအထိအတွေ့
‘မောင်ရေ..’
အတောမသတ်ကွင်းပြင်ကြီး
မနက်ဖန်ထိ
ဆက်မပါလာနိုင်တော့မယ့် အသက်ရှူသံအချို့
မက်မက်စက်စက်စွဲလန်းခဲ့မှုဟာ
အရေပြားအောက်ထဲထိ
ထိုးဖောက်စိမ့်ဝင်သွားခဲ့တယ်
သေရာပါမယ့်
နောက်ဆုံးအကြည့်တစ်ချက်
သို့မဟုတ်/ချောက်ကမ်းပါး။ ။
ခင်အောင်အေး
၁၉ ဇန္န၀ါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၁၉း၄၇ နာရီ