ဆောင်းဦးရာသီ ထိုဒေသ၌ ကျက်စားဖြတ်သန်းနေမယ့်ငှက်

Image

အရေခွံလဲမယ့်မြွေလို ငြိမ်သက်
ချောင်းကြည့်ပေါက်တွေဟာ ဟိုးမိုင်များစွာကိုလှမ်းမမြင်ရဘူး
‘ချစ်သူရေ..’ တမ်းတဖို့ဟာ အမည်နာမလွဲချော်မှုများထဲ ငုံ့ကိုင်းကျ
အဝေးအနီးဟာ ပဲ့တင်ရိုက်ကာ နီးလိုက်ဝေးလိုက်နဲ့
မင်းရှေ့ကို မေပယ်လ်ရွက်တစ်ရွက် တွန်းပို့လိုက်တယ်။

စာအုပ်တွေထဲမှာ အလွမ်းတွေချည့်ပဲ
ချည်ထားတဲ့ကြိုးတွေရဲ့ ပြုတ်ပြေထွက်လိုခြင်းတင်းအား
ကောင်းကင်မှာ လေယာဉ်ပျံသွားတာတွေ့ရင် အလိုလို အံကြိတ်မိ
တိမ်က ပြာတာလား ကောင်းကင်ကပြာတာလား မကွဲပြားတော့ဘူး
ဝရံတာမှာ ကျောက်ချထားတဲ့ ဘ၀သင်္ဘောအို တစ်စင်းပါ။

မင်းကို သတိရတဲ့အခါ မဆေးရသေးတဲ့ ကော်ဖီခွက်တွေတိုးလာခဲ့
ဒါဟာ သီချင်းတပုဒ်ဆိုရင် အသက်ထွက်ကာနီးမှ မနားတမ်းဖွင့်ရမယ့် တေးပဲ
နေ့တွေဟာ ချပ်ပြားကြီးလို ငါ့ကိုတိုးတိုက်သွားကြပြီး ညတွေကတော့
ပြူးကြောင်နေတဲ့ မျက်လုံး တစ်စုံကိုပဲ ဖွဲ့ဆိုနိုင်တော့မယ်တဲ့
တအိအိလေးတွဲ့ကျလာနေတဲ့ မသဲကွဲခြင်း နက်ပြာရောင်ထဲမှာနစ်လို့။

အစိမ်းရောင် ကက်တလောက်တွေထဲမှာ
ဘယ်အချိန်ပြုံးရမယ်ဆိုတဲ့ အစီအစဉ်ကိုမတွေ့ဘူးကွယ်
အံဆွဲတွေထဲမှာ ငံ့လင့်ခြင်းနိမိတ်ပုံတွေ ဒင်းကြမ်းပြည့်သိပ်
အချိုးအစားမကျနတဲ့ ထိန်းသိမ်းခြင်း အမည်ရ ပေါ့ထရိတ်ပုံတူ
ဖန်ခွက်ထဲ ရေခဲသေးသေး ၃ တုံးလောက်နဲ့ နောင်တ ၂ပက်။

တစ်ခါမှ မဖြတ်သန်းဖူးသေးတဲ့ ဆောင်းရာသီထဲ ခြေသလုံးမြုပ်ခန့်
နှင်းစက် နှင်းမှုန်တွေရဲ့ ကလူကြည်စယ်မှုမှာ မြူတူးကြည်နူးနေမလား
ဒါဟာ စာလုံးပေါင်းတွေ အထပ်ထပ်စစ်ရင်း အဓိပ္ပါယ်ပြုန်းသွားတဲ့ ကဗျာတပုဒ်
ပျံသန်းခြင်းမှာ ဘ၀ကို ပုံအပ်ထားရင်း သမုဒ္ဒရာကိုဖြတ်နေပြီပေါ့လေ
ဒီမှာတော့ ကိုယ်လက်မအီမသာဖြစ်ရုံနဲ့တင် လဲပြိုကျလုလု ။ ။

 

 

Advertisements
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s