ကိုယ်သည် တော်တော်မိုက်မဲသော လူတစ်ယောက်ဖြစ်ပါသည်။ လူတစ်ယောက်ဖြစ်သည်ဟု
ပြောရခြင်းမှာလူဖြစ်၍သာ ယခုလို စာရေးသားခြင်းအမှုဖြင့် မိမိခံစားချက် (ခေတ္တခဏအားဖြင့်
ခံစားချက်ဟုသာ သုံးနှုန်းပါရစေဦး) ကို တစုံတစ်ယောက်အား ထုတ်ဖော်တတ်သည့် အမူအကျင့်
ကိုက လူဖြစ်နေကြောင်း မငြင်းနိုင်အောင် သက်သေခံနေသဖြင့်သာ ယခု ကဲ့သို့သုံးနှုန်း ဖော်ပြ
ဖြစ်ခြင်းဖြစ်ပါသည်။ ဤသို့သာ မဟုတ်ခဲ့လျင်ကိုယ့်ကိုယ်ကို လူဟု ပြောဆို ခေါ်ဝေါ် သုံးစွဲဖို့ကို
ပင်လျင် အသည်းအသန် စဉ်းစားဆုံးဖြတ်ရမည့် သဘောဖြစ်ပါချေ၏။
ကောင်းပြီ။ မိုက်မဲသော ဟူသည့် ဂုဏ်ပုဒ်ကို ပြောရဦးမည်။ အရသာ ရှိရှိပြောရမည်ဖြစ်၍ ကိုယ်
သည် စိတ်ကလေး ရွှင်ပြသွားပြီးလျင် ကိုယ့်မိုက်မဲမှုများအားလုံးကို ဘ၀တစ်သက်တာမျှလုံး ကြုံ
တွေ့ခဲ့ရသမျှ အဖြစ်အပျက်များ အားလုံးထဲ၌လှန်လှော မွှေနှောက် စဉ်းစားမိသွားပါတော့သည်။
တော်တော်များပါသည်။ ဘယ်အဖြစ် ဘယ်အပျက်ကို ဦးစားပေး ဖော်ပြရမှန်းမသိလောက်အောင်ပင်
ကိုယ်သည် အသိဥာဏ်နည်းသည့်မိုက်မဲသည့် အလုပ်များကို မြိန်ရည်ယှက်ရည် လုပ်ဆောင်ခဲ့သူ
တစ်ယောက်ဖြစ်ပါချေ၏။ အသိဥာဏ်ဆိုသည်မှာ အဘယ်နည်း။ မိတ်ဆွေတို့ ကောင်းစွာသိပါသည်။
အဘယ်ကြောင့်ဆိုသော် ယခု စာကို ဖတ်ရှုနေသူအဆွေသည် ကိုယ့်ထက်ပိုမို၍ စာကောင်းပေမွန်
များ ဖတ်ထားဖူးသူ တစ်ယောက်ဖြစ်လိမ့်မည်ဟု ကိုယ်က မိုက်မဲစွာ ယုံကြည်မိသူ တစ်ဦး ဖြစ်ပါလေ
သတတ်။ မိုက်မဲခြင်း ဟူသည်မှာ အလွန်လွယ်ကူသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီးလျင် မိုက်မဲသည်ဟု
ဝန်ခံလောက်သည့် ဂုဏ်ပုဒ်ဖြစ်လာမည့် လုပ်ငန်းစဉ်မျိုးလုပ်ဖြစ်ဖို့ ဆိုသည်မှာ ပို၍ပင် မိုက်မဲ ဥာဏ်
နည်းမှသာဖြစ်နိုင်မည်ဟု ကိုယ်က ဆိုချင်ပါသည်။
လက်တွေ့ပစ္စုပ္ပန်တည့်တည့်၌ မိုက်မဲမှုအကြောင်းပြောရသည်မှာ နည်းနည်းတော့ ခွကျပါသည်။
ကိုယ်တို့သည် ခွကျသော ခေတ်ကြီးများ အတွင်းဝယ် ကြီးပြင်းလာခဲ့ကြသူများပီပီ ဘာကိုမှ ပြတ်ပြတ်
သားသားပြောဖြစ်ဆိုဖြစ်ဖို့ အရည်အချင်းများ ပြည့်ဝ မလာခဲ့ကြပါ။ ကင်ပုန်းချဉ်ခြုံများနှင့် ယဉ်ပါးဖူးသူ
ဖြစ်ပါလျင် သည်အကြောင်းပြောဆိုဖို့ကိစ္စမှာ အတော်အတန်အောင်မြင်ကောင်း အောင်မြင်နိုင်သည့်
ကိစ္စဖြစ်ပါသည်။ ကိုယ်တို့သည် ကိစ္စများကို “ကိစ္စ” ဟု သာ သုံးစွဲ ခေါ်ဝေါ်သွားကြပါမည်။ affairs,
Issue စသည်ဖြင့် ပြောဆိုသုံးနှုန်းခြင်းမျိုးကို ရှောင်ကြဉ်ကြပါမည်။ ဤသည်မှာလဲ မိုက်မဲမှုနှင့် ဆက်စပ်
ပတ်သက်သော သဘောတရားတခု ဖြစ်ပါသည်။ အမှန်က မိုက်မဲမှုနှင့်ဆက်စပ်ပတ်သက်သောကိစ္စဟု
ပြောမိတော့မလို ဖြစ်သွားခဲ့ပါသည်။တကယ်တမ်းတွင်မတော့ မိုက်မဲမှုက သပ်သပ်၊ affairs, Issue
ဆိုသော ကိစ္စရပ်များက သပ်သပ်ဖြစ်ပါ၏။ ကိစ္စများကို ကိစ္စဟု ပြောဆိုသုံးနှုန်းမှသာလျင် ကိစ္စများ
သည် ထင်ရှားပေါ်လွင်စွာဖြင့် လူ့လောက အတွင်း၌ တင့်တောင်း တင့်တယ် ဖြစ်လာနိုင်မည်ဟု
ကိုယ်က မိုက်မဲစွာ ယုံကြည်လိုက်ပါသေးသည်။
ယခုချိန်ထိ ရေးလာခဲ့သော စာသားများ၌ ကိုယ်၏ (ကိုယ့်ရဲ့) မိုက်မဲမှု သရုပ်သကန် တစ်စိတ်တစ်ပိုင်း
မျှပင်လျင် ထိရောက်သေချာစွာ ဖော်ပြနိုင်ခြင်း မရှိခဲ့သေးပါ။ တစ်ခုတော့ ဖြေသာပါသည်။ ယခုချိန်ထိ
ရေးခဲ့မိသမျှစကားလုံး၊ စကားစု၊ စာပိုဒ်များမှာ လူ့လောကအတွက် တစ်စုံတရာအကျိုးဖြစ်ထွန်းနိုင်ချေ
မရှိသလောက်နည်းပါးခြင်းကပင်လျင် ကိုယ်၏(ကိုယ့်ရဲ့) မိုက်မဲမှုဒီဂရီကို အမြွက်မျှပြောပြပြီးဖြစ်နေသည့်
အဖြစ်ကိုကြံဖန်၍ ဂုဏ်ယူစရာ (၀ါ) အပြောနဲ့အဟောနဲ့ညီသားပဲဟူသော ဂုဏ်ဒြဗ်ကိုအလိုလိုရပြီးသား
ဖြစ်စေသည့်အရာသာလျင်ဖြစ်ချေသည် မဟုတ်တုံလော။ မိုက်မဲမှုဟူသည်မှာ စာပေဆိုင်ရာနိုဘယ်လ်ဆု
ရသည့်ကိစ္စမျိုး လောက်ထိ စိတ်အာရုံကိုစေစား၍ အပတ်တကုပ် ကြိုးစားအားထုတ်ကာ ကျားကုတ်ကျားခဲ
လေ့ကျင့် လုပ်ဆောင်ရမည့်ကိစ္စမျိုး ဟူလောက်အောင်အထိတော့ ကိုယ် မယုံကြည်မိပါ။ လူတိုင်း အလွယ်
တကူ မိုက်မဲ၍ရသည်သာပင်။
သို့ဆိုလျင် ကိုယ့်အဖို့ရာ မိုက်မဲမှု တစ်ခု ပြုလုပ်လိုက်ဖို့ရာ အဘယ်ကြောင့် အခြားသူများထက် ပိုမို
ခက်ခဲရပါမည်နည်း။ ကိုယ်ကိုယ်၌က အသေးစားမိုက်မဲမှုတစ်ခုဟု ယူဆထားသည့် စာရေးသည့်အလုပ်
ကို လုပ်နေမိသည့် ယခုလောလောဆည် ပစ္စုပ္ပန်တည့်တည့်မှာပင်လျင် ကိုယ်သည် အထိုက်အလျောက်
အောင်မြင်သောမိုက်မဲသူတစ်ယောက်ဖြစ်နေခြင်းမှာ ကိုယ့်အသက်ရှူမှုကိုကိုယ် ပြန်လည်၍စိတ်ချလက်ချ
ဖြစ်နေသည့်လူသားတစ်ယောက်ဖြစ်ကြောင်း သေချာနေခြင်းကြောင့်ပင် မဟုတ်တုံလော။
တကယ်တမ်း ပြန်စဉ်းစားတော့လဲ များရာစုသောလူသားထုကြီးသည် စာဖတ်သည်ဖြစ်စေ မဖတ်သည်
ဖြစ်စေ(တစ်နည်း) စာဖတ်သည့် အလေ့အထ ခိုင်မြဲနစ်စွဲသည်ဖြစ်စေ မခိုင်မြဲမနစ်စွဲသည်ဖြစ်စေ၊ မိုက်မဲ
သည့်လုပ်ရပ်ဟု များရာစုသော အခြားသူများက၊ လူ့အဖွဲ့အစည်းက၊ ဘာသာရေးတုပ်နှောင်မှုများက၊
သတ်မှတ်ထားသည်ဟု ထင်ရသော မိုက်မဲသည်ဆိုသည့် ကိစ္စရပ်များ၌ စိုးစဉ်းငယ်မျှပင်လျင်ဖြစ်စေ
ပါဝင် ပါတ်သက်ယှက်နွှယ်မှု ပြုလိုကြမည်မဟုတ်ပါချေ။ ကိုယ့်မိုက်မဲမှုများထဲက တချို့မှာ စာဖတ်ခြင်း
ကိစ္စကို သရော်မော်ကား ပြောဆိုလိုသည့် စရိုက်သဘာဝတစ်မျိုးလည်း ပါဝင်ပါချေ၏။ မိုက်မဲခြင်းနှင့်
လိမ္မာပါးနပ်ခြင်းတို့မှာ ဘ၀ရဲ့နေ့နဲ့ညတွေလိုပင် ကိုယ်လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ
ကိုယ်ကြိုက်သည်ဖြစ်စေ မကြိုက်စေဖြစ်စေ ရောစပ်နွှယ်ယှက် ပတ်သက်နေလိမ့်မည်မှာ အသေအချာ
ဖြစ်နေခြင်းကြောင့်ပင်တည်း။ ကိုယ်ပြောတာ နည်းနည်းရှုပ်ထွေးသွားမည်လား မပြောတတ်ပါ။ ကိုယ်က
တကယ်တော့ မိုက်မဲခြင်းအကြောင်းကိုသော်လည်းကောင်း လိမ္မာပါးနပ်ခြင်းအကြောင်း ကိုသော် လည်း
ကောင်း ဌာန်ကရိုင်းကျကျ ပြောဆိုတတ်သူ တစ်ယောက်မဟုတ်တာ တော်တော်ခက်ပါသည်။
လက်ခုပ်တီးသံများထွက်ပေါ်လာပါသည်။ ကိုယ်ရေးသည့်စာကို နှစ်သက်သဘောကျကြသည့်အတွက်
တီးလိုက်သည့် လက်ခုပ်သံများ မဟုတ်ပါ။ ဤစာရေးနေရင်း မညည်းငွေ့အောင်ဖွင့်ထားသော ထိုင်းရုပ်မြင်
သံကြားအစီအစဉ်တစ်ခုမှ ထွက်ပေါ်လာသောလက်ခုပ်သံများဖြစ်ပါသည်။ မှန်းစမ်း..ဘာကြောင့် လက်ခုပ်
တီးကြတာပါလိမ့်။ကိုယ်ယခုစာကို ဆက်မရေးချင်လောက်အောင် စိတ်ပျက်လက်ပျက်ဖြစ်လောက်သော အကြောင်းတရားတချို့ကို ကျော်လွန်၍ ဆက်ရေးဖြစ်ပါသည်။ တီဗွီထဲက လက်ခုပ်တီးသံများမှာ ကိုယ့်ကို
အားပေးသံများ မဟုတ်ပါ။ ကိုယ့်ကို အသိအမှတ်ပြုချီးမြှင့်သော လက်ခုပ်သံများမဟုတ်ပါ။ သို့သော်
ကိုယ်သည် မိုက်မဲသောသူ တစ်ယောက် ဧကန် ဖြစ်သည်နှင့်အညီ အထက်အဆိုပါ လက်ခုပ်သံများကို
ကိုယ့်ကို အားပေးသည့်လက်ခုပ်သံများအလားလှည့်စား၍ ခံယူလိုက်မိပါသည်။ အမှားတစ်ရပ်ကို ကျူးလွန်
မိပါချေပြီ။ အဘယ်သို့ ပြန်လည်၍ ရုန်းထွက်ရပါမည်နည်း။
ချက်ခြင်းပင် ကိုယ်သည် တစ်ယောက်တည်းကြိတ်၍ ပြုံးမိလိုက်ပါ၏။ ကိုယ်ပြောလိုက်သည့်လေသံမှာ
တခါဘူးမျှ အမှားတခုခုကို မလုပ်ဖူးသူတစ်ယောက်၊ မတော်တဆ အမှားတခုလုပ်မိသဖြင့် ကြောက်လန့်
တကြား ညည်းညူလိုက်ပုံနှင့်တူသွား၍ဖြစ်ပါသည်။ ကိုယ့်မိုက်မဲမှုတွေထဲက အခြားတခုမှာ ကဗျာများ
ရေးသားခြင်း ဖြစ်ပါသည်။ ကိုယ်သည် ထို ကဗျာဆိုသောအရာကို ဘယ်အတွက်ကြောင့်မှ ရေးနေခြင်
းမဟုတ်ပါ။ မရေးရမနေနိုင်ခြင်းကြောင့် တနည်းအားဖြင့်ဆိုရသော် လူတွေ ပြောပြောနေသည့် ‘ဒီလူက
ဝဋ်ကြီးလိုက်တာ..’ ဆိုသည့် သနားဂရုနာစိတ်နှင့် အမြင်ကပ်စိတ် ရောထွေး၍ မှတ်ချက်ချနည်းမျိုးနှင့်
ကိုက်ညီ ထိုက်တန်သည့်အနေမျိုးနှင့်သာ ရေးနေမိခြင်းဖြစ်ပါသည်။ စောစောက စကားကို ပြန်ကောက်
ရသော်၊ ကိုယ်သည် အမှားကင်းစင်သောလူတစ်ယောက် မဟုတ်ရုံမျှမက မှားပြီးရင်း မှား မှားနေသော
မိုက်မဲသူတစ်ယောက်ဖြစ်ကြောင်း သက်သေပြဖို့ဖြစ်ပါသည်။ တကြိမ်သောအခါက ကိုယ့်ရေးသည့်
ကဗျာတပုဒ်တွင် –
ငါက
နောင်တတွေနဲ့ ပွတ်သီးပွတ်သပ်နေချင်သူ တစ်ယောက်ပေါ့
အိမ်မွေးကြောင်ကလေးတွေကို ချော့မြူကြသလိုမျိုးလေ။
ဟု ထည့်ရေးခဲ့ပါသည်။ ကြည့်ပါလေလော့ မိတ်ဆွေ၊ နောင်တနှင့်များ ပွတ်သီးပွတ်သပ်ပင် နေလိုက်
ချင်ပါသေးသတဲ့။ ဘယ့်ကလောက်မိုက်မဲလိုက်ပါလေသလဲ။ သို့သော် တစ်ခုတော့ရှိပါသည်။ မိုက်မဲခြင်း
မှာ ကောင်းကွက်ကလေးတွေလဲ ရှိပါသည်။ ကြက်ကန်း ဆန်အိုးတိုးတတ်တာမျိုးဖြစ်ပါသည်။ မိုက်မဲသူကို
ဟီးရိုး ဟု ထင်တတ်သူများလဲ လောကတွင် ရှိသေးသဖြင့် တစ်ခါတစ်ခါတွင် ကိုယ်သည် မထင်မှတ်သော
လူအချို့၏ အထင်ကြီးလေးစား အားကျခြင်းကိုလည်း ခံရတတ်ပါသေးသည်။ နောက် အလွန်အသိဥာဏ်
နှင့်ပြည့်စုံသော သဘောထားပြည့်ဝသော လူတချို့၏ မနာလိုဝန်တိုခြင်းကိုလည်း ခံယူရပါသေးသည်။
ဒါကတော့ ကိုယ့် အကျိုးပေးပဲဖြစ်ပါချေသည်။ကိုယ်သည် အဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ကိုယ့်အပေါ်
ဆိုးခြင်းကောင်းခြင်း အမြင်များကို စိတ်ဝင်စားလှသည်တော့မဟုတ်ပါ။ တစ်ခါတစ်ခါတွင် မမြင်ရသော
ကံတရားရဲ့လှည့်စားမှုများကြောင့် အထက်ပါ အချက်အလက်များကို အလိုလို သိခွင့်ရခဲ့ခြင်းသာဖြစ်ပါ၏။
ပျင်းစရာကောင်းခြင်းသည် တေးတကြော်ကြော်ဖြင့် ကိုယ့်အခန်းလေးထဲ သို့ဝင်လာပါချေပြီ။ ကိုယ်စာရေး
နေသည်ကို လူမိုက် လူ့အန္ဓတစ်ယောက် အလုပ်မဟုတ်တာ လုပ်နေသည့် အကြည့်မျိုးဖြင့်လှမ်းကြည့်ပါ
သည်။ ခဏအတွင်းမှာပင် ပျင်းစရာကောင်းခြင်းသည် အခိုးအငွေ့များကို အခန်းလေးထဲသို့မှုတ်ထုတ်ပါ
တော့သည်။ ကိုယ်သည် သူ့အခိုးအငွေ့များကို ရှူမိမည်စိုးသဖြင့် အသက်အောင့်ထားရပါသည်။ အ၀တ်
လှမ်းစင်ပေါ်က အ၀တ်များပေါ်တွင် ပျင်းခိုး ပျင်းငွေ့များသည် တအိအိစိမ့်ပျံ့ဝင်နေလျက်ရှိသည်ကို တွေ့
နေရပါသည်။ ကိုယ်သည် အကြာကြီး ဆက်လက်၍ အသက်မရှူပဲ မနေနိုင်တော့သဖြင့် သက်ပြင်းခိုးရှိုက်
သလို မျှင်း၍ အသက်ရှူမိပါသည်။ အပျင်းဓါတ်များသည် ကိုယ့်နှာခေါင်းထဲမှတဆင့် အာခေါင်မှာ တမျိုး
တမည်ဖြစ်သွားပြီး အဆုပ်ထဲသို့ပျံ့နှံ့ဝင်ရောက်သွားပါချေပြီ။ ကိုယ်သည်အထူးတလည်ပျင်းရိလာပြီးလျင်
စာကို ဆက်ရေးချင်စိတ်မရှိတော့သလို ဖြစ်လာပါသည်။ လက်ချောင်းကလေးများမှာလဲ ပျင်းရိစိတ်၏ နှိုး
ဆော်သိမ်းသွင်းခြင်းကြောင့် လှုပ်ရှားမှုနှေးကွေး လာနေပြီဖြစ်ပါ၏။ ကိုယ်ရေးနေသောဤစာများသည်
ပင်လျင် စာဖတ်သူအဆွေ့အား ပျင်းရိစေလိမ့်မည်ဟု ကိုယ်သိနေရပြီဖြစ်ပါသည်။ ကိုယ့်ရဲ့မိုက်မဲမှုများ
အကြောင်းပြောဖို့ ယနေ့အဆင်ပြေတော့မည်မဟုတ်ပါ။ ပသို့ဆိုစေကိုယ်သည်မိုက်မဲသူတစ်ယောက်
ဖြစ်ကြောင်းကိုတော့ နိဒါန်း၊ စာကိုယ်၊ နိဂုံး ဟူသည့် စာတပုဒ်မှာ မရှိမဖြစ်ပါရှိရမည့် အင်္ဂါရပ်ကိုမျှပင်
လျင် ပြည့်ဝ, အောင် မရေးသားနိုင်သည့် ကိုယ့်အဖြစ်က သက်သေခံနေပြီ မဟုတ်ပေလော။
ခင်အောင်အေး
၂၉၊ နိုဝင်ဘာ၊ ၂၀၁၁ ဖရာ့ပရာဒင်န် ဘန်ကောက် ၁၂း၄၀ နာရီ