ပို့လွှတ်လိုက်တဲ့ဆီကို စေးပျစ်နေတဲ့ ငြိမ်ခဲမှုတွေရဲ့ အမှောက်အမှားများ
အိတ်တွေထဲ ချောကလက်တောင့်များနဲ့ မာလကာပင်ပေါ်မှာ ကလေးဘဝ
တုန်းက သူ့ဆန်းစစ်ချက်များသည် ရွှေပိုးကောင်နှယ် စိမ်းရင့်ခြင်းပုလဲရောင်
တောက်တောက် ဦးဏှောက်ကို မသိမသာ ကြိတ်၍ပံ့ပိုးခြင်းများ အဖြစ်သနစ်
နဲ့အတူ အပျော်စီး Cruise သင်္ဘောကြီးနဲ့ ခရီးထွက်မယ်ပေါ့ အမြောက်တွေ
ပစ်ဖောက်ပြီးတော့ ကြိုဆိုမယ်ပေါ့ လမ်းဘေး အသုပ်ဆိုင်ကလေးရဲ့ခွေးခြေ
ပေါ် ဒူးတင်ပေါင်တင် အကြွေစေ့တွေ တချွင်ချွင် ၁၉၆၀ များ၊ အတွေ့အကြုံ
နုနုနယ်နယ် မအူမလည် ၁၉၇၀ များ၊ ခုနှစ်သက္ကရာဇ်တွေအပေါ် အကြင်နာ
တရားကင်းခဲ့တယ် ပျောက်ဆုံးခြင်း သီတာခုနစ်တန် ရေမြင့်ပေမယ့် ကြာက
တော့ မတင့်တယ်နိုင်ခဲ့ ပိုးဖလံမို့ တိုးလိုက်တဲ့မီးကလဲ မီးခိုးမဆုံး မိုးမဆုံးပဲ၊
ခု ‘ဟ ချလောင်း’ ဆိုပြီး တင်ပြည့်ကျပ်ပြည့် ရချင်နေတဲ့ မှော်အတတ်ပညာ
ကတောင် လက်မြှောက်အရှုံးပေး ထွက်ပြေးရမယ့် လာဗင်ဒါ၊ သီချင်းကို
ဂီတတေးသွားမပါပဲ ခပ်လှမ်းလှမ်း မှာလည်း သံလွင်ပင်တန်းနဲ့ လာဗင်ဒါ၊
ကြောက်စိတ်တွေ ၀င်လာပြီ ဆိုရင်တော့ လာဗင်ဒါ၊ ဗိုလ်ချုပ် မောင်အေး
၏ ညီမ ဖြစ်သူ လာဗင်ဒါ၊ ကောင်းဆိုးနှစ်တန် လောကဓံ ဆိုပဲ မှိုင်းမ,မယ့်
သူက ဘယ်သူပါလိမ့် အဲဒီ voice မှာပဲ ကပ်ညိနေတော့တယ် ခေါင်းအုန်းထဲ
ငှက်တစ်ကောင်ပျံဝင်သွား အိပ်မက်ယုတ္တိပေါ့ ကဗျာဆရာ ဂျိုးဇက်ဖ်ဘရော့ဒ်
စကီးလည်း ပြောခဲ့ဖူးတာ ရှိပါတယ် center ဗဟိုကို ပြန်လည်စိစစ်၊ ခွာထုတ်
လွှာထုတ်၊ ဖျင်ချပြီး center ရဲ့အဓိပ္ပါယ်ကို ပြန်ရှာတာလဲ ရှိပါတယ် ပြီးတော့
သူမနဲ့ပတ်သက်ပြီး ကျွန်တော် ဘယ်လိုမှ မေ့မရတဲ့ အဖြစ်အပျက်ကတော့
ဒီဇင်ဘာ ၁၁ ရက် အင်းဒီးစ် တောင်တန်းပေါ်ရောက်တာ ညပေါင်း ၆၀ ရှိတဲ့
ညနေဖက်မှာပါ Tesco ဖက်ကို ဘီယာလေးဘာလေးဝယ်မယ်ဆိုပြီး ခြေကျင်
လျှောက်လာတုန်းကပါ အမည်မသိ လမ်းဘေးက ပန်းဝါ၀ါတွေပေါ့။ ။
ခင်အောင်အေး
၅၊ အောက်တိုဘာ ၂၀၁၂ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၁၄း၁၄ နာရီ