ခုလို မိုးသားတွေက အနာဂါတ်ကို မှောင်ကျနေစေတာမျိုး
အရိပ်တွေက အရိပ်တွေပေါ် ထပ်ဆင့်မိုးလို့ ထူထဲပိန်းပိတ်နေတာမျိုး
ကံကြမ္မာရဲ့မှော်ဆန်မှုစေးပျစ်အရည်ထဲ လူးလိမ့်နေရတာမျိုး
အဲ့ဒီ အိပ်မက်ဆိုးတွေကနေ ထွက်ပြေးလွတ်မြောက်ချင်စမ်းပါဘိ၊
ဒီကောင်းကင် ကြည်လင်မှာလား။
တောတန်းကလေးဖက်ဆီ နှလုံးသားနဲ့တွားသွားချင်တယ်
စမ်းချောင်းကလေးထဲ ငါ့ပူလောင်မှုတွေကို ဆင်းစိမ်ချင်တယ်
အညှာကနေ ပြုတ်ထွက်လွင့်ကွာကျလာတဲ့ သစ်ရွက်တွေနဲ့အတူ ရှိုက်ငိုချင်တယ်
ပြိုးပြောက်နေခြည်တွေ ကွက်ကျားကျနေရာကို
အိပ်မက်ယောင်သူလို လိုက်ဖမ်းချင်တယ်။
ဒီကောင်းကင် ကြည်လင်မှာလား။
ကျွန်မရဲ့ဆံထုံးကိုဖြည်ချပြီး မဆုံးနိုင်တဲ့ သီချင်းတွေအဖြစ်ဖြန့်ခင်းလိုက်တယ်
ရှင်ခေါင်းအုံးအိပ်ခဲ့တဲ့ ကျွန်မရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို
တူရိယာအဖြစ်နဲ့ တီးခတ်လိုက်မယ်
အနမ်းရဲ့ပဲ့တင်သံတွေဟာ ကွိုင်ယာတွေလိုပဲ
နိမ့်မြင့်သံစဉ်တွေအဖြစ်ကောင်းကင်ဘုံထိ ပျံ့လွင့်လို့
” အချစ်..” ဟုတ်လား၊ ရှင့်နှုတ်ခမ်းကို ကျွန်မရဲ့နှုတ်ခမ်းနဲ့ဖိကပ်ပြီး
နောက်ထပ် မပြောနိုင်အောင် ရပ်တံ့ပစ်လိုက်ပါရစေ။
ဒါဆိုရင်..
ဒီကောင်းကင် ကြည်လင်သွားမှာလား။ ။
ခင်အောင်အေး
ချင်းကဗျာဆရာမ အိုင်းဒီးရဲ့ ‘ဂီတာနဲ့ကြယ်စင်’ ( ဖေဖော်ဝါရီ၊ ၂၀၁၂) ကဗျာစာအုပ်မှ