“ညက ဒါလေး ရေးဖြစ်တယ်
ခု မနက်မှာတော့ အဖေ ဆုံးပြီ တဲ့ ဖုံးဝင်လာတယ်”
အင်မတန် စိတ်ထားရခက်တဲ့အခြေအနေတစ်ခုမှာကျရောက်နေခဲ့တယ်။ ကျန်းမာရေးချို့ယွင်းပြီးမျှော်လင့်ချက် မရှိသလောက်နည်းသွားပြီဖြစ်တဲ့ ဖခင်အိုကြီး တစ်ယောက်ရဲ့ နံဘေးမှာ တွေ့မြင်နိုင်တဲ့ မြင်ကွင်းမျိုးလိုတွေထဲက တစ်ခုပါပဲ။ သမီးနှစ်ယောက်ရဲ့ ဖခင်အိုကြီးအပေါ် တာဝန်ကျေကျေ ပြုစုနေပုံများ၊ ခပ်တိုးတိုး ပြောဆိုနေတဲ့ နှစ်သိမ့်စကားများ..၊ အားလုံးဟာ ပိရိသေသပ်တဲ့ ဇာတ်ညွှန်းကောင်းကောင်း ရုပ်ရှင်တစ်ကားကို ကြည့်နေရတာထက် ဘယ်လိုမှ မလျော့နိုင်ဘူး။ အခန်းထဲဝင်သွားတော့ ပြောစရာစကား မရှိသလိုဖြစ်နေတဲ့ သားနဲ့၊ စကားပြောလို့မရတဲ့ အဖေတို့ရဲ့ တွေ့ဆုံခန်းပေါ့လေ။ ကိုကို ရောက်လာပြီလေ ဖေဖေ..ကိုကို အပြင်မှာ တစ်ချိန်လုံးရှိနေတာပါ.. ဖေဖေ အိုင်စီယူ အခန်းမှာတုန်းကတည်းက ပိုက်တွေ စက်တွေ တန်းလန်းနဲ့တုန်းကတည်းက ဖေဖေ သတိမေ့မျောနေတုန်းကတည်းကလေ… အစရှိသဖြင့် စာသား Text တွေမဟုတ်တဲ့ လူ တစ်ယောက်ယောက်ရဲ့အသံအိမ်တစ်ခုကနေ ( အဲ့ဒီ လူတစ်ယောက် ဆိုတာ သူ့ညီမပေါ့) အမှန်တကယ် ထွက်ပေါ်လာနေတဲ့ အသံများ။ နာကျင်မှုဝေဒနာကြောင့် ရှုံ့မဲ့သွားတဲ့ အဖေ့မျက်နှာဟာ ဇရာကြောင့်ကော ရောဂါပေါင်းစုံတို့ရဲ့နှိပ်စက် လှိုက်စားမှုကြောင့် ခွက်ဝင်ရှုံ့တွနေတဲ့ ဦးခေါင်းရဲ့အရှေ့ပိုင်းအခြမ်းထဲမှာ အသက်ငင်နေတယ်။ ရှုံ့တွနေတဲ့ မျက်နှာကသာ အသက်ငင်နေတာမဟုတ်ပဲ အဖေ့ ခန္ဓာကိုယ် အစိတ်အပိုင်းမှန်သမျှ အသက်ငင်နေတာပါ။
တစ်သက်လုံးလိုလို မော်မကြည့်ဝံ့တဲ့၊ ဆိုင်မကြည့်ဝံ့တဲ့ အဖေ့ရဲ့စူးရှ တောက်ပပြီး
အင်အားပြင်းထန်တဲ့မျက်လုံးတွေအစား မှိန်ဖျော့ပြီး ခဲပျော့ရောင်သန်းနေတဲ့ မျက်သား
တွေနဲ့ အားနည်းပြီး အားကိုးရာရှာနေတဲ့ မျက်လုံးအစုံသာ အဖေ့ရဲ့ ရှုံ့တွတွမျက်နှာ
ပေါ်မှာ..။ ဒီအားနည်းပြီး အားကိုးရာရှာနေတဲ့ မျက်လုံးအကြည့်တွေကိုလည်း ကျနော်
အခု မကြည့်ရဲ၊ ရင်မဆိုင်ရဲပါဘူး ဖေဖေ..