ချွေးတွေသံတွေနဲ့ပါ.. အက်ပီဖနီ
အယ်လင် နွံတောကြီးဆီမှာ ကျဆင်းနေ (ဖြည်းဖြည်းချင်းပဲ)
ဟို အနောက်တစ်ကြောက ရှန်နန်တောင်ကြောမှာလဲ (ဖြည်းဖြည်းချင်း ကျနေတယ်)
ဗျာဒိတ်သဘောဖြင့် မယူတော့ပဲ ဖော်ထုတ်ခြင်း ‘မင်းကို ကိုယ်ချစ်တယ် အက်ပီဖနီ’
ဗျာဒိတ်သဘော မဟုတ်လည်းပဲ မင်းကို ကိုယ်ချစ်နိုင်ပါတယ်
ကောင်းကောင်းကြီး ချစ်နိုင်ခဲ့တယ် အလွန်အကျွံကို ချစ်နိုင်ခဲ့တယ်
မော်တော်ကားမောင်းသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ ကိုယ်ချစ်နေခဲ့တယ်
အစည်းအဝေးတွေနဲ့အလုပ်ရှုပ်ပြီး နေ့လည်စာဆင်းစားချိန်မှာလည်း
ကိုယ်ချစ်နေခဲ့တယ် ဒါတင် ဘယ်က အုန်းမလဲ
ရှန်နန်တောင်ကြောကို ဖြတ်ဆင်းသွားပြီးနောက်မှာလည်းပဲ မင်းကို ချစ်နေဆဲပဲ
မင်းကို ချစ်တဲ့အချစ်ဟာ တောင်ပေါ်ရှေးဟောင်း Church တစ်ခုက
အဆက်မပြတ် ထိုးလိုက်တဲ့ ကြေကွဲခေါင်းလောင်းသံလိုပဲ
ရုတ်တရက်နားလည်လိုက်ရခြင်းကို ပုတီးလို မင်းလည်မှာ ဆွဲထားတယ်
တုံ့နှေးနှေး ထုံ့ပိုင်းပိုင်း ဘယ်ကိုမှ မရောက်မယ့်ခရီးဆီ ကိုယ်တို့ ပျံသန်းဖို့ အရှိန်ယူခဲ့ကြ
အခြေခံ သိမှတ်ခံစားနိုင်မှုမှာ အခြေပြုထားပြီးတော့ ကိုယ်တို့ ဖုံးထဲမှာ ပြောကြတယ်
ဇန်န၀ါရီလ ၆ ရက်နေ့ မင်းသုံးပါးပွဲမှာ ပြန်ဆုံကြရအောင် အက်ပီဖနီ (ချိန်းဆိုခဲ့ဖူးတယ်)
စိတ်၊ ၀ိဥာဉ်တော်မှ ရုတ်ခြည်းဖော်ထုတ်ပေးချက်နဲ့ ကိုယ်တို့ နမ်းရှိုက်ကြမယ်
နွယ်ငင်ဆက်စပ်နေတဲ့ အကြောင်းအရာပေါင်းများစွာနဲ့ ကောင်းကင်ပေါ်ကို ပျံတက်ကြမယ်
တစ်စုံတစ်ရာ ရှိနှင့်ခဲ့ပြီးသားတွေ အပေါ်မှာ အခြေခံပြီး စတွေ့ဆုံခဲ့ကြတဲ့နေ့ကို မမေ့ဘူး
လူရွယ်တစ်ဦးအဖြစ် တွေ့ရှိရသော အနုပညာသည်တစ်ဦး၏ပုံရိပ်လို သြဇာတိက္ကမ
ဂျွိုက်စ်က ဖော်ထုတ်ပြခဲ့သော အကြောင်းတစ်ရပ်မှာ အက်ပီဖနီ (Epiphiny) ဖြစ်သည်
အဲဒီတော့ မင်းကို ကိုယ်ချစ်တယ် အက်ပီဖနီ မင်းကို ကောင်းကောင်းကြီး ကိုယ်ချစ်ခဲ့တယ်
ကာလတရားတစ်ခုခု၊ စိတ်အာရုံ အစရှိသည်တို့မှ တစ်ခုခု၏ ညနေခင်းတွေမှာ
ခပ်လွယ်လွယ် ဇာတ်ကောင်၏သိမှု သို့မဟုတ် အက်ပီဖနီဆီက မက်ဆေ့ခ်ျတခုခု
စကားတစ်ခွန်းဖြင့် နမူနာပြပါရစေ သူ ပေါက်တတ်ကရ ပြောဆိုခဲ့တာတွေ နှင်းတွေထဲမှာ
လမ်းခွဲနှုတ်ဆက်ခဲ့ကြတာတွေ တိတ်ဆိတ်နေသောည၏ ဟိုတယ် အခန်းအတွင်း
ကိုယ့်ရဲ့ အက်ပီဖနီဟာ ကျော့ရှင်းတဲ့ သူ့ခန္ဓာကို တွန့်လိမ်ကွေးညွတ်လိုက်ရင်း
“ဆရာ…” “…..” “……”
(မပြောဖြစ်သော စကားလုံးများကို ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု ဆိုကြသည်)
ဆိုလိုရင်းမှ ဖယ်ခွာသွားတဲ့ ငှက် တစ်ကောင်အတွက်မူ အက်ပီဖနီက ဆွေးနွေးရန်မရှိပါ တဲ့
ယုတ္တိနည်းလမ်းတကျ ဆင်ခြင်ခြင်းမျိုး အယ်လင်ရဲ့ နွံတောကြီးဆီမှာ ကျဆင်းနေတာ
တောင်ယောင်ယောင် မြောက်ယောင်ယောင် ဟိုမရောက် ဒီမရောက်နဲ့ နာရီများ၊ နေ့များ
မှန်သော်လည်း အားအင်ကုန်ခန်းနေတဲ့ စကားအသုံးအနှုန်းများနဲ့ ပြောဆိုနေခြင်းများ
‘တိမ်စိုင်ခဲလေးတစ်ခု’ နှင့် ‘ချစ်ခြင်း’ မှာ ‘နာကျည်းဖွယ် ဖြစ်ရပ်တစ်ခု’ မျှပဲလေ
ဒုက္ခိတ ဘ၀သို့ရောက်ရန်အတွက် ဗဟိုချက်သာ ဖြစ်တော့သည် မအက်ပီဖနီ
စားသုံးရန် မသင့်တော်သော ကိုယ့်အချစ်များဖြင့် ပြန်လည်တင်ပြရန် အလွန်ခက်ပါသည်
စေ့ဆော်မှုတစ်စုံတစ်ရာကြောင့်သာ ကိုယ်တို့ တွေ့ဆုံ ချစ်ကျွမ်းဝင် သမုဒယ တွယ်ငင်ခဲ့ကြပါသည်
ခုတော့ ကိုယ့်မှာ ချွေးတွေ သံတွေနဲ့ ရင်ဆိုင်တွေ့ဆုံရခြင်းတစ်ခုနဲ့ ထက်သန်မှု စွန့်စားလိုမှု
ကိုယ်ပြောခဲ့ပြီးပါပြီ အက်ပီဖနီ ဗျာဒိတ်သဘောမဟုတ်လည်းပဲ ကိုယ်မင်းကို ချစ်နိုင်တယ် ဆိုတာ
ကျွမ်းကျင်ပါးနပ်ပြီး သိမ်မွေ့စွာ မင်းရဲ့လှည့်ဖျားဆော့ကစားသွားမှုမှာ စီးပိုးနေခဲ့ကြောင်း
ပြောင်းလည်းခြင်းကင်းပသော အညိုရောင်မျက်နှာများဖြင့် ရစ်ခ်ျမွန်မြောက်ဖက်လမ်းအတိုင်း။ ။
ခင်အောင်အေး
၉ ဧပြီ ၂၀၁၄ ဗဟိုရ်လမ်း၊ ကျောက်မြောင်း ၂၀း၄၄ နာရီ
မြင့်သန်းရဲ့ (စာဖတ်သူရဲ့အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့ စာပေအမြင်) စာအုပ်ကို ဖတ်နေရင်း
စာမျက်နှာ ၁၉၀ မှာ Epiphiny ဆိုတဲ့ စကားလုံးလေးကို တွေ့တယ်။ တွေ့လျင်တွေ့ခြင်းပဲ ဘာရယ်
မဟုတ် စိတ်ထဲ ငြိသွားတယ်။ ဒီစကားလုံးလေးနဲ့ ကဗျာရေးအုန်းမယ်လို့ တေးထားလိုက်တယ်။
တကယ်ရေးချင်တာက ကိုယ်ပိုင် စကားလုံး စာသား အဖွဲ့အနွဲ့တွေနဲ့ချည်း (ဒါလဲ ငြင်းချက်ထုတ်စရာ
တစ်ခုပဲ) ရေးဖို့၊ လိုင်းစ ဖွင့်ကာစမှာတင် သူ့ဆီက စာသားတွေကို ယူသုံးမိရင်းက လွှဲရှောင်လို့မရတော့
ပဲ “ဂျွိုက်စ်နှင့် ဒဗ္ဗလင်မြို့က လူများ” စာမျက်နှာ ၁၈၈ မှ ၂၀၃ အတွင်းမှ လိုရာ စာသားများကို ဖြတ်ညှပ်
ကပ်ယူသုံးဖြစ် ဖန်တီးဖြစ် ‘ကဗျာလုပ်ဖြစ’် သွားခြင်းဖြစ်ပါကြောင်း။
Picture Credit to Blogger Thet Wai