ပျံ့လွင့်ခြင်းကော်ဖီ

Image

စိတ်ပျံ့လွင့်ခြင်းသည် လှ၏။ သို့သော် အန္တရယ်နှင့်လည်း လက်ပွန်းတတီးရှိလှ၏။ စိတ်ပျံ့လွင့်ရတဲ့ အရသာကို ကျနော် တော်တော်ကြိုက်ပါသည်။ ဘယ်လိုအရသာနဲ့မှ မတူတဲ့ သီးခြားဂုဏ်သတ္တိရှိတဲ့ အတွက်ကြောင့် ဖြစ်ပါသည်။ ‘သီးခြားဂုဏ်သတ္တိ’ ဆိုတာထက် ‘သီးခြားသတ္တိ’ လို့ပဲ သုံးနှုန်းတာ ပိုပြီး အပြစ်ကင်းမယ် ထင်ပါရဲ့။ စိတ်ပျံ့လွင့်ခြင်းကို ကျနော် ချစ်မက်နှစ်ခြိုက်သော်လည်း ဂုဏ်တစ်ပါး ဟု ပြောဆိုသုံးနှုန်းသည်အထိတော့ စိတ်လုံခြုံမှု မရှိလို့ပင်ဖြစ်ပါသည်။

စိတ်ပျံ့လွင့်ခြင်းသည် တစ်ခါတစ်ရံမှာ ကျနော့်အဖို့ ပန်းကလေး တစ်ပွင့်နှယ်ပင် ဖြစ်ပေတော့သည်။ ပန်းကလေးထက် ပိုလှသည့်ကိစ္စမှာ ဘာပန်းပွင့်လာမည်။ ဘယ်လိုပုံသဏ္ဍာန်လေး၊ ဘယ်လိုအရောင် အသွေး စသဖြင့် တင်ကြိုခန့်မှန်း မရခြင်းကြောင့်ပင်။ ဥပမာ နှင်းဆီပင်မှ နှင်းဆီပန်းကလေးကိုသာ သင် မျှော်လင့်လို့ ရပေမည်။ နှင်းဆီပင်မှ ဘယ်သောအခါမျှ စပါယ်ပန်း ပွင့်လာမည် မဟုတ်သောကြောင့်ပင်တည်း။ ပြီးတော့ စိတ်ပျံ့လွင့်မှုကို လုပ်ယူလို့မရချေ။ ကျနော်သည် စိတ်ပျံ့လွင့်ခြင်းကိစ္စနှင့် အတော်ပင် အသားကျနေပြီ ဖြစ်သော်လည်း စိတ်ပျံ့လွင့်မှုကို အချိန်အခါမရွေး ဖိတ်ကြားခေါ်ငင်၍ မရသည့် သာဓကများစွာနဲ့ လက်တွေ့ကြုံတွေ့ခဲ့ဖူးသည်ဖြစ်၍ပင်တည်း။ စိတ်ပျံ့လွင့်မှုမှာ ကျနော့်အဖို့တော့ ထိမ်းရ သိမ်းရ ခက်ခဲသော ဇက်ကိုင်ရတာ ခဲကပ်သည့် ကိုယ်ပိုင်မြင်းတစ်ကောင်နှယ်။

ယခု ကျနော် စိတ်ပျံ့လွင့်နေ၏။ အတော့်ကိုပင် ပျံလွင့်နေခြင်း ဖြစ်ပါသည်။ ယခု မိတ်ဆွေဖတ်နေရသည့် ၀ါကျများကို ကျနော်သည် စိတ်ပျံ့လွင့်မှုဖြင့် ကိုက်ခဲနေသည့်ကြားမှာ ကျိုကြားကျိုကြား ဖောက်ပြီး ရေးနေရခြင်း ဖြစ်ပါသည်။ တကယ်တော့ စိတ်ပျံ့လွင့်ခြင်း ကျနော့်ဆီ လာရောက်ခိုတွယ် မှီကပ်နေခဲ့သည်မှာ တစ်လ နှစ်လခန့်မျှပင် ကြာမြင့်ခဲ့ပါပြီ။ ယခင့်ယခင် အခါများတုန်းကလည်း စိတ်ပျံ့လွင့်ခြင်းသည် ကျနော့်ထံ အလည်အပတ် လာတတ်မြဲ၊ ကျနော်နဲ့စကားစမြည်ပြောမြဲ၊ ကျနော် ဧည့်ခံလေ့ရှိသည့် ကော်ဖီပူပူတစ်ခွက်ကို စိတ်အေးလက်အေး သောက်ကာ အချိန်တန်တော့ ကျနော့်ဆီမှ မခွာချင့်ခွာချင်ဖြင့် ထွက်ခွာသွားခဲ့မြဲ ဖြစ်ပါသည်။

ယခု နောက်ပိုင်းမှာတော့ စိတ်ပျံ့လွင့်ခြင်းဟာ တစ်ခေါက်ထက်တစ်ခေါက် ကျနော့်ဆီမှာ ကြာကြာနေလေ့ရှိလာပြီး ခပ်စိတ်စိတ်ကလေးလည်း ရောက်ရောက်လာတတ်သည်။ တစ်ခါတစ်ခါများ သူဗြုန်းကနဲ ရောက်လာပြီး ကျနော့်ကို ခွန်အားကြီးကြီးနဲ့ စုပ်မြိုထားပုံမှာ စပါးကြီးမြွေတစ်ကောင်က သူ့အစာ သတ္တ၀ါ တစ်ကောင်ကောင်အား မြိုချနေပုံနှင့်များ ဆင်ဆင်တူနေမလား မသိပေ။ ထိုအခါများ၌ ကျနော်သည် သူ့အတွက် ကော်ဖီဖျော်ရန် တည်ထားသည့် ရေနွေးအိုးကိုပင် မေ့လျော့ကာ ခမ်းလုမတတ်ဖြစ်ကာမှ သတိရပြီး လျှပ်စစ်မီးဖိုခလုတ်ကို ပိတ်ရစမြဲ။ သူကမူ တဟားဟား အော်ရယ်လျက် သဘောတွေကျနေတတ်သည်။

ကျနော်သည် သူ (စိတ်ပျံ့လွင့်ခြင်း) လာသည့်အခါတိုင်း ကော်ဖီပူပူတစ်ခွက်သာ ဖျော်တိုက်လေ့ရှိသည်မှာ အကြောင်းရှိပါသည်။ သူသည် ကော်ဖီမှလွဲ၍ ဘာမျှ စားသောက်လို့ မရသောကြောင့်ပင်ဖြစ်၏။ ကျနော်လည်း ဒါကို နားမလည်ပါ။ စိတ်ပျံ့လွင့်ခြင်းနှင့်ပတ်သက်သည့် သိကောင်းစရာများကို အသိအမြင် ဗဟုသုတများ မြှင့်တင်ပေးရန် ရည်သန်၍ထုတ်ဝေဖြန့်ချိသည့် မဂ္ဂဇင်း စာအုပ်စာတမ်းများ၌လည်းကောင်း၊ ဗုဒ္ဓအဘိဓမ္မာဆိုင်ရာ စာအုပ်စာတမ်းများ၌လည်းကောင်း၊ မြန်မာဘာသာဖြင့် ရေးသားလွှင့်တင်ထားသည့် ဖြစ်နိုင်ချေရှိသည့် အမျိုးအမျိုးသော အင်တာနက်ဝက်ဘ်ဆိုဒ်များ၌လည်းကောင်း ရှာဖွေ လေ့လာဖတ်ရှုပါသော်လဲ စိတ်ပျံ့လွင့်ခြင်းသည် မည်သည့် အစားအစာကိုမျှ မစားသည့်တိုင်အောင် ကော်ဖီကိုမူ သောက်လေ့ရှိသည့်အကြောင်းနှင့် ယုတ်စွအဆုံး ယခုကဲ့သို့ ကျနော်လိုလူသားတစ်ယောက်နှင့် စကားပြောဆို ဆက်ဆံနိုင်ပုံအကြောင်းတွေကို တစ်စွန်းတစ်စမျှ ဖော်ပြရေးသားထားခြင်းမျိုးကို မတွေ့ရသည်မှာ ကျနော့်အတွက် ခေါင်းစားစရာ ထူးဆန်းမှုတစ်ခု အလားပင်တည်း။

မှတ်မိနေပါသေးသည်။ ယခုလို သူ(စိတ်ပျံ့လွင့်ခြင်း) ကျနော့်ထံ အဂန္တုသဖွယ် ၀င်ထွက်သွားလာကာစ တစ်နေ့မှာ ဖြစ်ပါသည်။ [သည့်မတိုင်မီကမူ စိတ်ပျံ့လွင့်ခြင်းသည် ဆတ်ကနဲ ၀င်လာကာ မကြာမတင်မှာပဲ ကျနော့်ရဲ့ဆင်ခြင်မှု သတိတရားက မောင်းနှင်ထုတ်လိုက်သည်နှင့် ကြာကြာမနေနိုင်ပဲ ထွက်ခွာသွားခဲ့မြဲ ဖြစ်ပါသည်။ နောက်ပိုင်းမှာတော့ အဘယ်ကြောင့်ဟူ၍ မသိ။ ကျနော်သည် စိတ်ပျံ့လွင့်ခြင်းကို ကြိုက်နှစ်သက်စပြုလာပါသည်။ သို့နှင့် သတိဖြင့် ဆင်ခြင်၍ မောင်းထုတ်သည့်အလုပ်ကို မလုပ်မူတော့ပဲ အလိုက်သင့် ဧည့်ထောက်ခံသလိုလိုပင် ဆက်ဆံခဲ့ပါ၏။ နောက်ပိုင်းမှာ သူမလာလျင် လာနိုးနိုးမျှော်သည့် အလေ့ကလေးပင် စွဲလာခဲ့ပါတော့သည်။ သည့်နောက်မှာတော့ ကျနော် သဘောပေါက်ခဲ့ပါပြီ။ ကျနော်သည် သူ့ကိုမျှော်သည့် အလေ့အထကလေးမျှကိုသာ စွဲနေခြင်းမဟုတ်ပဲ သူ (စိတ်ပျံ့လွင့်ခြင်း) ကိုယ်တိုင်ကို စွဲလန်းမိနေပြီဟု] ထိုနေ့က ကျနော်သည် ကော်ဖီတစ်ခွက်ဖျော်ကာ ၀ီရိယထား၍ မနက်စောစောထ ၀ယ်မှရသည့် အီကြာကွေးပုသေးသေးလေးတွေနဲ့ မြိန်ရည်ယှက်ရည် စားသောက်နေဆဲ ဖြစ်ပါသည်။ အဘယ်ကြောင့်ဟူ၍ မသိ၊ ခါတိုင်း အီကြာကွေးဝယ်လျင် ၁၀ ဘတ်ဖိုးသာ ၀ယ်လေ့ရှိပါသည်။ ဒါတောင် တစ်ခုနှစ်ခု ပိုတတ်သည်။ ယခုတော့ ၁၅ ဘတ်ဖိုး ၀ယ်လာမိခြင်းဖြစ်ပါသည်။ လူနှစ်ယောက် ကောင်းစွာ စားလောက်သည်။ ဒါနဲ့ သူ့ကို အီကြာကွေးနဲ့ဧည့်ခံဖို့ အကြောင်းတိုက်ဆိုင်လာတာပဲလို့ မှတ်ယူလိုက်ပြီး အီကြာကွေးစားပါအုန်း၊ ကောင်းတယ်ဗျ…၊ ဒီလမ်းထဲမှာပဲ အကြော်ဖိုက… ဒါပေမယ့် မနက်အစောကြီးထ ၀ယ်မှရတာ ဟု ကျနော်က စိတ်ရှည်လက်ရှည် ပြောပြနေခဲ့သည်။ သူ့တုံ့ပြန်မှုက ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဘာမှ စားလို့ မဖြစ်လို့ပါ၊ ဒါနဲ့… ကော်ဖီပူပူလေး တစ်ခွက်လောက်တော့ ရကောင်းပါရဲ့နော်… ဟု တုံ့ပြန်ခဲ့သည်။ အိုး… သိပ်ရတာပေါ့။ ကျနော်သည် ဘာကြောင့်ဟူ၍တော့ မသိ၊ သူဘာဖြစ်လို့ ကော်ဖီက လွဲပြီး ဘာမှစားလို့ သောက်လို့ မရတာကို ဆက်ပြီး မစေ့ငုမိသလဲ မသိပါ။ အလိုလိုပင် ဒီအချက်ကို သိပြီးသားလိုလိုဖြင့် သို့မဟုတ် သဘာဝကျသလိုလိုဖြင့် လက်ခံလိုက်မိသည်။ သူက ကော်ဖီကလွဲပြီး ဘာမှစားလို့ မရဘူးဟု ထပ်ပြောသေးတာလား၊ ကျနော့်ဖာသာ ဒါကို အလိုလို သိနားလည်လိုက်တာလားဆိုတာ မသဲကွဲပဲ သူသည် ကော်ဖီတစ်မျိုးတည်းကိုသာ သောက်သုံးသည်ဟူသော အချက်ကို ခေါင်းထဲစွဲမှတ်ပြီးသား ဖြစ်လေနေတော့သည်။ ကော်ဖီတစ်ခွက်ဖျော်ပြီး သူ့လက်ထဲ ထည့်ပေးလိုက်တဲ့အချိန်မှာတော့ သူ့မျက်နှာမှာ ၀င်းလက်တောက်ပသွားခဲ့တာ ယခုတိုင် ကောင်းစွာ မှတ်မိနေပါသေးသည်။ ကော်ဖီ တော်တော်ကြိုက်တယ် ထင်တယ် ဆိုသော ကျနော့်မှတ်ချက်ကိုတော့ ခေါင်းငြိမ့်၍သာပဲ သူက တုံ့ပြန်ခဲ့ပေသည်။

သူ့ကို လှသည်ဟုဆိုရခြင်းမှာ ထိကိုင်စမ်း၍မရသည့် နာမ်ဓါတ်အရ ပြောခြင်းမျှသာ။ ထို့အပြင်မှာတော့ သူ့မှာ ကျားလော မလော ဟု ခွဲခြားမရသည့် ဥပဓိရုပ်ရှိကြောင်းကိုပင် ယိုးမည်ဖွဲ့၍ ပြောရမည် ထင်ပါ၏။ သူဝတ်စားထားပုံမှာ ကျနော်လို အ၀တ်အစား ဖက်ရှင်ဒီဇိုင်းများနဲ့ စိမ်း အ, လှသောသူအဖို့ ဘယ်လိုမှ လိင်ခွဲခြားငှာ မစွမ်းသာသည့် ၀တ်စားဆင်ယင်မှုမျိုးပင်။ ပြီးတော့ အမှန်ကိုပြောရလျင် ကျနော်သည် ကိုယ့်ကိုယ်ကို ငုံ့မကြည့်လျင် ငါအခု ဘာဝတ်ထားသလဲ ဟုပင် မသိနိုင်လောက်အောင် ၀တ်စားဆင်ယင်မှုအပေါ် စိတ်ဝင်စားမှု ခေါင်းပါးလှသူတစ်ဦးဖြစ်ခြင်းကလည်း ဒီအချက်ကို အားပေးထောက်ခံမှုပြုနေပါသေးသည်။ ဒီတော့ ကျနော်ဆိုလိုချင်သည့် လိုရင်းချက်မှာ သူ (စိတ်ပျံ့လွင့်ခြင်း) ဟာ ကျားလော မလော စောကြောဖို့ရာ ခက်လှကြောင်းပင်။ ဒါပေမယ့် ကျနော်ကတော့ သူ့ကို လှသည်ဟုပင် ထင်မြင်ခဲ့သည်။ ဟုတ်ပါသည်။ သူ (စိတ်ပျံ့လွင့်ခြင်း) မှာ လှပါ၏။ ဒါပေမယ့် စိတ်ပျံ့လွင့်ခြင်းကြောင့် အန္တရာယ်များစွာ ဖြစ်ပေါ်စေနိုင်တာကိုတော့ ကျနော် မငြင်းနိုင်ပါ။ ဒီကနေ့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေသမျှသော သိန်းပေါင်း သန်းပေါင်းများစွာသော မတော်တဆဖြစ်မှုများအနက် စိတ်ပျံ့လွင့်ခြင်းကြောင့် မတော်တဆဖြစ်ရမှုမှာ ထက်ဝက်နီးပါးမျှ မရှိဘူးလို့ ဘယ်သူပြောနိုင်မည်နည်း။ စိတ်ပျံ့လွင့်ခြင်းမှာ ကျနော့်အတွက် လှပမှုတစ်ခုဖြစ်ပြီး အခြားတစ်ဖက်၌မူ အများအတွက် အန္တရာယ်များနဲ့ ရင်ဆိုင်တိုးဖို့ ဖိတ်ခေါ်နေသည့် ဓါတ်သဘောလည်း ဖြစ်နေပြန်သေးသည်။

ဤသို့ တွေးတောမိခြင်းသည် ကျနော့်ကို လှန့်နှိုးလိုက်သလို ဖြစ်စေခဲ့ပါသည်။ ကျနော်သည် သူ့ကိုရှေ့ဆက်ပြီး အဘယ်သို့ ဆက်ဆံရမည်မသိတဲ့ေ၀၀ါးမှုများနဲ့ လုံးထွေးရစ်ပတ် ချာလည်ရပြန်ပါသည်။ မည်သို့ပင်ဖြစ်စေ စိတ်ပျံ့လွင့်ခြင်းနှင့် ကျနော်တို့ ဆက်ဆံရေးများ အချိန်တိုအတွင်း များစွာ တိုးတက်နေခဲ့ပြီဖြစ်ပါ၏။ ကျနော်သည် အိပ်ယာကနိုးသည်နှင့် ဘယ်အချိန်ကရောက်နေမှန်းမသိသော စိတ်ပျံ့လွင့်မှုသည် ကျနော့်အတွက် ကော်ဖီဖျော်ထားပြီး အသင့်ရှိနေတာကို တွေ့ရသည့်အခါများပင် ရှိလာခဲ့ပြီဖြစ်သည်။ နက်ရှိုင်းသည့် ညိတွယ်မှုတမျိုးသည် သူနှင့်ကျနော့်ကို ရစ်ပတ်နှောင်တည်း ထားခဲ့ပြီတည်း။ အလှစိုက်ပန်းအိုး ထိုးလေ့မရှိသည့် ကျနော့်အခန်းကျဉ်းလေးထဲမှာ ယခုသော် နှင်းဆီနီတစ်ပွင့် ထိုးစိုက်ထားမြဲပန်းအိုး (အမှန်က ဘီယာဖန်ခွက်ရှည်ရှည်) တစ်လုံးသည် ဘေးခွင်သိပ်မကျယ်တဲ့ ထောင်မတ်မတ်သုံးဆင့် စာအုပ်စင်ရဲ့အမိုးပေါ်မှာ နေရာယူလေ့ရှိနေခဲ့ပြီ။ ဒါဟာ ဘယ်လိုက ဘယ်လို အစပျိုးပြီး ဆက်စပ်ပြီး ဖြစ်တည်သွားခဲ့သလဲ ဆိုတာကိုတော့ စိတ်ပျံ့လွင့်ခြင်းနဲ့ လွတ်ကင်းနေသည့်အချိန်များမှာပင် ကျနော်ကိုယ်တိုင် ပြန်လည်တွေးတော ဖော်ထုတ်နိုင်ခြင်းမရှိတဲ့ ကိစ္စဖြစ်နေခဲ့ပြန်၏။

သို့ဖြင့် ကျနော်နှင့်စိတ်ပျံ့လွင့်မှုတို့ တစ်ဦးနှင့်တစ်ဦး မခွဲနိုင်မခွာရက်ဖြစ်လာသည့် ကာလများ အရှိန်တက်လာပြီး အဆုံးစွန် ဒီဂရီမြင့်တက်မှု အခြေအနေတစ်ခုသို့ ရောက်ရှိခဲ့ပါသည်။ ကော်ဖီခွက်များနှင့် နှင်းဆီနီရဲများသည် အခန်းကလေးထဲမှာ တရစပ် လူးလာခေါက်တုံ့ ပျံသန်းနေခဲ့ကြသည်။ ထုတ်ဖော်ပြောကြားခြင်းမရှိသော စကားခွန်းများသည် သူ/စိတ်ပျံ့လွင့်ခြင်းရဲ့ ကိုယ်ယောင်ကိုယ်ဝါများအဖြစ် ကျနော့်အခန်းလေးထဲမှာ ထွန်းလင်းနေခဲ့သည်။ ကျနော်ပြောသမျှကိုတော့မူ သူ/စိတ်ပျံ့လွင့်ခြင်းသည် တခစ်ခစ်ရယ်သံများဖြင့် သဘောကျ နှစ်သက်နေခဲ့၏။ နောက်ဆုံးတစ်နေ့မှာ လိပ်ပြာတစ်ကောင် မျက်စေ့လည်လမ်းမှားကာ ကျနော်တို့ကြားထဲ ရောက်လာခဲ့သည်အထိပေါ့။ အမှန်ကတော့ ပိုးဟပ်တစ်ကောင်သာဖြစ်သည်။ သူ/စိတ်ပျံ့လွင့်ခြင်းက ဒါကို လိပ်ပြာ ဟု ခေါ်သည်။ ကျနော်က ဒါ ပိုးဟပ်ပဲ။ တိတ်ဆိတ်ငြိမ်သက်ခြင်းသည် ဇာတ်လမ်းမပြီးခင် ရုတ်တရက် ပြုတ်ကျလာသည့် ပြည်ဖုံးကားနှယ် ကျရောက်လာခဲ့၏။ ပိုးဟပ်တစ်ကောင်ဟာ ပြည်ဖုံးကားကို ပြုတ်ကျစေနိုင်သလား။ နှင်းဆီပန်းတွေ နွမ်းကုန်သည်။ ကော်ဖီအေးစက်စက်များပေါ်မှာ ပုရွက်ဆိတ်တွေပြည့်နေသည့်ရက်တွေ များလာခဲ့သည်။ လိပ်ပြာဟာ ပိုးဟပ်တစ်ကောင် ဖြစ်နိုင်သလား။ လိပ်ပြာနဲ့ ပိုးဟပ် အတူတူပဲလား။

ကျနော်၏စိတ်များ ပျံ့လွင့်သည်ထက်ပျံ့လွင့်ကာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း တစ်နေ့တစ်ခြား နည်းပါးလာခဲ့၏။ ပိုးဟပ်တွေမှာ ပေါက်ပွားနှုန်း မြန်ဆန်လှသည်။ ပိုးဟပ်တစ်ကောင် ရေချိုးခန်းဝမှ ဖရူးကနဲ ရုတ်တရက် ထပျံပြီး အခန်းရဲ့ဟိုဖက်ဒေါင့်က တီဗီနားမှာ ဖုတ်ကနဲ ပြုတ်ကျသည်။ ပျံနေဆဲအခိုက်မှာ ဒီကောင်ဟာ (သူ/ပျံ့လွင့်ခြင်း ပြောခဲ့သလို) လိပ်ပြာများဖြစ်နေမလားဟု ၀ိုးတ၀ါး ထင်မြင်မိသေးသော်လည်း အမှန်ကမူ အဲ့ဒီအကောင်သည် ပိုးဟပ်တစ်ကောင်မျှသာ ဖြစ်ပါသည်။ ပိုးဟပ်များသည် အစုံစားသတ္တ၀ါများဖြစ်တာကို ကျနော် ကောင်းစွာသိပါသည်။ ပိုးဟပ်တွေ ကော်ဖီကို ကြိုက်/မကြိုက်တော့ ကျနော် မသိပါ။ နောက်ထပ်နှင်းဆီပန်းများ ကျနော့်အခန်းလေးထဲမှာ ထပ်မတွေ့ရတော့သည့်နောက်မှာတော့ လိပ်ပြာအကြောင်းကို ကျနော် မေ့ထားနိုင်ခဲ့ပါပြီ။ ပိုးဟပ်တွေဟာ လူ့ကျန်းမာရေးကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ အင်းဆက်တွေပဲ ဆိုတာလောက်တော့ စိတ်ပျံ့လွင့်နေသည့် ရောဂါဝေဒနာ ခံစားနေရသည့်ကြားမှပင် ကျနော် ကောင်းစွာ သိနေခဲ့ပါသည်။

ခင်အောင်အေး
၂၄ မတ်ခ်ျ ၂၀၁၄ ဗဟိုရ်လမ်း၊ ကျောက်မြောင်း ၀၈း၄၈ နာရီ

Advertisements
This entry was posted in Uncategorized. Bookmark the permalink.

One Response to ပျံ့လွင့်ခြင်းကော်ဖီ

  1. layaik pyar poem says:

    like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s