နေ့စွဲများနဲ့တွက်ချက်ကြည့်တဲ့အခါ သဲလွန်စများ ခရုခွံသဖွယ်
အမှတ်တမဲ့ ထိခတ်မှုက ပဲ့တင်လိုက်တဲ့ လှိုင်းများရဲ့ဖော်ပြရခက်ခဲသော
ကိန်းဂဏန်းနဲ့ယူနစ်များ မမြဲခြင်းဆီ သဲ့ယူလိုက်တဲ့ အူလှိုက်သည်းလှိုက်ရှိုက်ဖိုရမှု
မယုံနိုင်ပါဘူး (ဒါကို ဘယ်လိုမှ မယုံနိုင်ဘူး) ညည်းညူမိရင်း ခေါင်းငိုက်စိုက်ချ
ဒါပေမယ့်လည်း ရေခိုးရေငွေ့ဆိုတာကို သဘောပေါက်လက်ခံရရုံအပြင် ဘာမှမရှိ
အဲ့တာကို သိလည်းသိ ခံစားလည်းခံစား ကျိုးပဲ့လဲ ကျိုးပဲ့ လဲပြိုလည်း လဲပြို
အရသာရှိရှိ စုပ်မြိုမှုများပြီးတဲ့နောက်မှာ ကပ်လိုက်လာတဲ့ မရှုမလှ ဒဏ်ရာများပေပဲ
ပြက္ခဒိန်တစ်ခုရဲ့နောက်ဆက်တွဲ ဒရွတ်တိုက်ပါသွားတဲ့ အရေးပေါ်လှေကား
တစိမ့်စိမ့် အေးစက်လာတဲ့ ဆက်သွယ်ရေး ဖိုင်ဘာဖလ်မျှင်များရဲ့ ၀ှက်ကွယ်ထားပုံ
ဂဠုန်၊ နဂါး၊ မြွေ၊ ဖား၊ ၀က်ဝံ၊ ဆင်.. ကြည့်နေရင်းမှာ သဏ္ဍာန်ရဲ့ ပြောင်းခြင်း ရွေ့ခြင်း
နစ်မျောနေဆဲ တောရိပ်တောင်စွယ်နဲ့ မြင့်ခေါင်သီ တောင်အထပ်ထပ်တို့ရဲ့
လှည့်စားခြင်း စကားတွေနဲ့ စာသားတွေရဲ့ လက်လှမ်းမမီရာမှာ ပွင့်သီရတဲ့နှင်းဆီ
ချစ်မြတ်နိုးခြင်းနဲ့သာ တစ်မှုန်ခြင်း တစ်ငွေ့ခြင်း စုဖွဲ့ရတဲ့ ဖောင်းဖောင်းအိအိ တိမ်များ။ ။
ခင်အောင်အေး
၃၀ မတ်ခ်ျ ၂၀၁၄ ဗဟိုရ်လမ်း၊ ကျောက်မြောင်း ၂၁း၄၃ နာရီ
တစိမ့်စိမ့် အေးစက်လာတဲ့ ဆက်သွယ်ရေး ဖိုင်ဘာဖလ်မျှင်များ . . . .
လက်လှမ်းမမီရာမှာ ပွင့်သီရတဲ့နှင်းဆီ . . . .
ချစ်မြတ်နိုးခြင်းနဲ့သာ တစ်မှုန်ခြင်း တစ်ငွေ့ခြင်း . . . .
နာမ်မ၀ိသေသနနဲ့ တွဲထားတဲ့ စကားလုံးလေးတွေ သဘောကျတယ် ဆရာ.. .. ..