ငါ ဘာကို သွေးကြောင်လိုက်ရမလဲ
ဘယ် ဖျားယောင်းသွေးဆောင်မှုနဲ့ ယောင်ကိုင်းနေခိုက်
သွေးရူးသွေးတမ်း ဟောက်ပက်အခွံ
နစ်ကျွံနေတဲ့ သွေးကြောမျှင်ဝါယာစတွေ
အသွေးအသားထဲထိ ရှုပ်ထွေးပွေလီခြင်းများ ပွယောင်း
ဘ၀ အပေါ် ယားယံမှုဟာ သွေးသွန်သလို ဒလဟော
လေချိုကလေးလို လာမသွေးနဲ့ လက်အံသေ ညနေခင်းရေ
သေမင်းနဲ့ချိန်းဆိုထားခြင်းဟာ တသွေးတမွေးလှလာ
ပျစ်နှစ်စွာ ကော့ပျံတက်နေတဲ့ အရောင်အသွေးများ
အချစ်သွေးကြွနေတဲ့ လိပ်ပြာတောင်ပံ ဖလတ် ဖလတ်
အရည်အသွေးရဲ့ မှိုနံ့တထောင်းထောင်း သဒ္ဒါဗျုပ္ပတ်
ခုနှစ်သက္ကရဇ်များပေါ် ခုန်ပေါက်နေတဲ့ သွေးကြွေးများ
အကြေးခွံ ပြောင်လက် ခေါက်တွန့် သွေးအေးကောင်
ဘော်ကြယ်လို တလက်လက် ငယ်မူငယ်သွေး မှဲ့ပေါက်
နေရောင်ရဲ့ သွေးထိုးမှုနဲ့ ငုံ့ကိုင်းကိုင်း သက်တံ
လက်ကျန်နည်းနေတဲ့ ပြုတ်လုတည်း သွေးမျိုးဆက်
‘အဖျားသွေး နည်းနည်းကျန်သေးတယ်’ (လှိုဏ်သံလိုပဲ့တင်)
နှုတ်ခမ်းထောင့်ကနေ ယိုစီးကျလာတဲ့ စေးထန်း သွေးနီနီ။ ။
ခင်အောင်အေး
၁၄၊ အောက်တိုဘာ၊ ၂၀၁၂ ချေလ်တန် ဂရို့ဗ်၊ လန်ဒန်