အိပ်ယာကနိုးတာနဲ့ တန်းပြီးသတိရတာက မနေ့က၀ယ်ထားပြီး မစားဖြစ်တဲ့ မုန့်ဟင်းခါး တစ်ပွဲစာ ရေခဲသေတ္တာထဲမှာ ရှိသေးတယ် ဆိုတာပါပဲ။ စိတ်ထဲ ပျော်သွားတယ်။ အဖေ (ယောက္ခမ) တို့အိမ်မှာ လာနေကတည်းက မနက်ဆို ထမင်းကြမ်းနဲ့ ကြက်ဥကျော် ဒါမှမဟုတ် ဘီစကစ်/ပေါင်မုန့် တစ်ခုခုနဲ့ ကော်ဖီ ကြက်ဥမကျက်တကျက် ဒါနဲ့ချည်းပြီးနေတာ ကြာပေါ့။ တစ်ယောက်ထဲဆင်းပြီး သွားစားလို့လဲ မကောင်းတာမို့ ဒီလိုပဲ ဖြတ်သန်းနေဖြစ်တယ်။ သူ့အရပ် သု့ဇာတ်ပေါ့လေ။ အမေ (ယောက္ခမ) ရှိစဉ်တုန်းကတော့ တစ်ခုခု စီမံဖန်တီးပေးမှာပါပဲ။ ကိုယ်တွေက သူတို့နဲ့ ကင်းကွာသွားခဲ့တာ ဆယ်စု တစ်စုတောင်ရှိခဲ့ပြီမို့ မသိတော့ဘူးပေါ့။ ခု အမေ မရှိတော့မှ ကိုယ်က အဖေ့ကို စောင့်ရှောက်ဖို့ ခဏ လာနေပေးရတာပါ။
ဒါနဲ့ ရေနွေးအိုး အကြီးကြီးတစ်လုံးတည်၊ ထမင်းအိုးတစ်လုံး ဆန်ဆေးထားပြီး မုန့်ဟင်းခါးအရည်ကို ပြန်နွှေးပါတယ်။ မုန့်ဖတ်ကလည်း ထင်ထားတာထက် များပါတယ်။ ဟင်းရည်ကတော့ ထိပ်တန်းလက်ရာမဟုတ်ပေမယ့် မဆိုးပါဘူး။ စံမီပါတယ်။ ဒါနဲ့ မုန့်ဟင်းခါးကို အရသာခံစားနေရင်းက ကိုယ်နဲ့ မုန့်ဟင်းခါး ဆိုတဲ့ သွားရည်စာ ခေါ်မလား ဘရိတ်ဖတ်စ် စာရင်းဝင် ပြောမလား အဲဒီ အစားအစာနဲ့ ဘယ်လိုများ ပတ်သက် ဆက်စပ် ယှက်နွှယ်နေခဲ့သလဲ ဆိုတာတွေကို တသီတတန်းကြီး တွေးတောမိတော့တယ်။ ကိုယ့်ကိုယ်ကို မုန့်ဟင်းခါး အလွန်ကြိုက်သူ ဒါမှမဟုတ် မုန့်ဟင်းခါး ချစ်သူ လို့ သတ်မှတ်ချင်လောက်အောင် ကိုယ်ဟာ မုန့်ဟင်းခါး ကြိုက်ခဲ့ ကြိုက်ဆဲ ကြိုက်နေအုန်းမယ့်သူလို့ တွေ့ရှိရပါတယ်။ အဲဒီမှာ ဘ၀တစ်လျှောက်လုံး ကိုယ်နဲ့ ပတ်သက်ခဲ့တဲ့ မုန့်ဟင်းခါး ဆိုင်ရာ အတွေ့အကြုံလေးတွေကို ဖျတ်ကနဲ ဖျတ်ကနဲ မြင်ယောင်မိပါတော့တယ်။
ဘ၀မှာ ပထမဆုံးစားဖူးတဲ့ မုန့်ဟင်းခါးက ဘယ်ဟာလဲလို့ တိတိကျကျ အတွေးမပေါ်တော့ဘူး။ မှတ်မိတာတော့ ၂တန်းကျောင်းသား အရွယ်တုန်းက မြောင်းမြမှာ ကြီးတော်ကြီးတွေဆီ အပို့ခံထားရတုန်းက ဆီချက်ဝါထိန်ထိန်ပေလူးနေတဲ့ မုန့်ဖတ်နဲ့ ငါးဖတ်တွေပါ မြင်နေရတဲ့ ဒန်ချိုင့်ထဲက မုန့်ဟင်းခါး ဟင်းရည်ပဲ။ အများအားဖြင့် ကြီးတော်ကြီး ဈေးကအပြန်မှာ ၀င်ဝယ်လာလေ့ရှိပြီး၊ တစ်ခါတစ်လေ သူ ဈေးမသွားတဲ့အခါ အစ်မဖြစ်သူ စက်ဘီးကလေးနဲ့ သွားဝယ်တာလည်း မှတ်မိတယ်။ တစ်ခါမှာတော့ ကြီးတော်ကြီးက ကိုယ့်ကို ဈေးခေါ်သွားတဲ့အခေါက် မုန့်ဟင်းခါးဆိုင် ၀င်ကြရော ဆိုပါတော့။ မုန့်ဟင်းခါး မှာလိုက်ပြီးတော့ ရောက်လာတဲ့အခါ ကြီးတော်ကြီးက အသင့်ပါလာတဲ့ ဒန်ချိုင့်ထဲက ထမင်းခြမ်းခဲကလေး မုန့်ပန်းကန်ထဲ စောင်းချလိုက်ပြီး ‘ဟဲ့ ဟင်းရည်နည်းနည်းပေးစမ်း’ လို့ အပေါ်စီးလေသံနဲ့ ပြောတာလေး ခုထိ မျက်စေ့ထဲ နားထဲက မထွက်ဘူး။ အပေါ်စီးလေသံ ဆိုတာထက် ပိုင်စိုးပိုင်နင်း လို့ ပာတာ ပိုသင့်တော်မလားပဲ။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာတော့ အပေါ်စီးဆန်တယ်ပဲ ထင်တာ။
ဒါနဲ့ ဆက်စပ်ပြီးတော့ မုန့်ဟင်းခါး စားခြင်းနဲ့ ပါတ်သက်ပြီး ထူးထူးခြားခြား မှတ်လောက်သားလောက် ဖြစ်ခဲ့တာ တစ်ခုလဲ ပြောရအုန်းမယ်။ ကိုယ်ငယ်ငယ်က လူပျိုပေါက်အရွယ်မှာ နှစ်စဉ်နှစ်တိုင်း နွေရာသီ ကျောင်းပိတ်ရက်ဆို အဖေ့ဇာတိ လပွတ္တာကို အပို့ခံရလေ့ရှိတယ်။ ကိုယ် ဆိုးလွန်းလို့ အဲလို ပို့ထားရတယ် ပြောတာပဲ။ ကိုယ့်ဟာကိုယ်ကျတော့လည်း ဆိုးလိုက်ရတယ်ကို မထင်ပါဘူး။ ထားပါတော့။ တစ်နေ့တော့ အစ်ကိုဝမ်းကွဲတွေက အိပ်ယာက နှိုးပြီး မုန့်ဟင်းခါးသွားစားမယ် လိုက်ခဲ့ လို့ ခေါ်ပါတယ်။ လမ်းမှာလဲ တစ်အိမ်ဝင် တအိမ်ထွက် သူငယ်ချင်းတွေ လိုက်ခေါ်ပါတယ်။ အနည်းဆုံး ၁၀ ယောက်လောက် အုပ်စုကြီးဖြစ်လာတော့မှ ဈေးထဲဝင် နံနံပင်နဲ့ ပဲကြော်တွေ ၀ယ်ပါတယ်။ ပြီးတော့မှ အလှူအိမ်ဖြစ်ဟန်တူတဲ့ အိမ်တစ်အိမ်ကိုဝင်ပြီး အဲ့ဒီက ကျွေးတဲ့ မုန့်ဟင်းခါးကို သူတို့ဝယ်လာတဲ့ အကြော်တွေ နံနံပင်တွေ ထည့်စားပါတယ်။ နောင်မှ သိရတာက အဲ့ဒါ အသုဘရက်လည် ဆွမ်းကြွေးဆိုတာရယ်၊ အများစာ ကျွေးတာမို့ အကြော်နဲ့နံနံပင် မပါ တတ်မှန်း ကြိုသိလို့ အဲ့ဒါတွေ ၀ယ်သွားပြီး ကိုယ့်ဟာကိုယ် ထည့်စားမှန်း သိရတော့တယ်။ အတော်နောက်တဲ့ အစ်ကိုနဲ့သူ့သူငယ်ချင်းတွေပဲ။ ဘ၀တစ်သက်တာမှာ တစ်ခါပဲ ကြုံဖူးတဲ့ အတွေ့အကြုံလေးပါပဲ။
ဒါနဲ့ မြောင်းမြကနေ အမေနဲ့ ရခိုင်ကိုပါသွားတော့ ကျောက်ဖြူမှာ နေကြတယ်။ အဲဒီမှာ ရခိုင်မုန့်တီနဲ့ ရင်းနှီးရပြီပေါ့ပေါ့။ အိမ်မှာ အမေကလည်း မကြာမကြာ ချက်စားတယ်။ ကျောင်းမှာ နေ့လည်စာစားရင်လည်း ဒါပဲ။ ကိုယ်တို့က ဟိုး ငလပွေ့သွားတဲ့ လမ်းမကြီးနံဘေး တောင်ရင်းရွာ အ၀င်လမ်းမှာ ကြက်ခြံလုပ်ထားပြီး အဲ့ဒီမှာပဲ နေတာ ဆိုတော့ မြို့ထဲနဲ့ဝေးပါတယ်။ တစ်ခါတစ်ခါလည်း ကြီးကြီးမိသားစုရှိတဲ့ မြို့ထဲသွားလည်ဖြစ် အဲဒီမှာပဲ အိပ်ဖြစ်တဲ့အခါ အစ်ကိုဝမ်းကွဲ ဘိုနီနဲ့ ဈေးဘက်လျှောက် ရခိုင်မုန့်တီစား (ငါးဆုပ်နဲ့အကြော်နဲ့ အကျပနပါ) ပြီးတော့မှ သဲသောင်ရှိတဲ့ ကမ်းခြေဖက်သွား သဲဂဏန်းတွေ လိုက်ဖမ်းတာလဲ ဘ၀ရဲ့အမှတ်ရစရာတွေထဲ ထည့်သွင်းရမယ့် အတိတ်ပြကွက်တစ်ခုပေါ့လေ။ အဲ့ဒီ ကျောက်ဖြူမှာနေဖြစ်ခဲ့တဲ့ ၂ နှစ်ဝန်းကျင် ကာလမှာတော့ ဗမာ မုန့်ဟင်းခါး စားဖူးသလား မစားဖူးလား ဆိုတာ အမှတ်မရတော့ပါဘူး။
ကံကြမ္မာအလှည့်အပြောင်းက အမေ့ရင်ခွင်ကို စွန့်ခွာဖို့ အကြောင်းဖန်လာပြန်တော့ စစ်တွေမှာ တာဝန်ကျနေတဲ့ အဖေ့ဆီ အလည်သွားရင်း အဖေက ပြန်မလွှတ်တော့တာနဲ့ ရန်ကုန်ကို ပြန်ရောက်လာရတာပါပဲ။ အဲဒီတုန်းက ရန်ကုန်အရှေ့ပိုင်း ၄၆ လမ်းမှာ နေကြပါတယ်။ အိမ်နားဝန်းကျင်က မုန့်ဟင်းခါးသည်တွေကိုတော့ မမှတ်မိတော့ပါဘူး။ အဖွားက ၃၈ လမ်းဈေးသွားလေ့ရှိတော့ ဈေးပြန်ရင် အိမ်သားတွေ မှာတဲ့ မုန့်မျိုးစုံဝယ်လာတဲ့အခါ မုန့်ဟင်းခါးလဲ ပါလေ့ပါထ ရှိပါတယ်။ အဖေကလဲ မုန့်ဟင်းခါး ကြိုက်သူမို့ ကိုယ်ပါ မုန့်ဟင်းခါးကြိုက်တတ်သွားတာလားတော့ မသိပါဘူး။ တစ်နေ့တော့ အိမ်က ကားလေးနဲ့ မောင်နှမတစ်တွေကို တင်ပြီး အဖေက တစ်နေရာကို ခေါ်သွားပါတယ်။ ဂိုဒေါင်လိုလို မြေညီထပ် တိုက်ခန်းတစ်ခုမှာ လူတွေ ကြိတ်ကြိတ်တိုးစားနေကြတဲ့ မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ကိုပါ။ အဲဒါ နောင်အခါ လမ်းသုံးဆယ်မုန့်ဟင်းခါး လို့ နံမယ်ကြော်ကြားလာမယ့် ဆိုင်ပါပဲ။ မှတ်မှတ်ရရ ၆နှစ် ၇ နှစ် အရွယ် ၀၀ကစ်ကစ် ဂတုံးဆံပင်ပေါက်စ နဲ့ကလေးမ တစ်ယောက် စားပွဲထိုးတာပါပဲ။ ပြောပုံဆိုပုံ လုပ်ပုံကိုင်ပုံက တကယ့်လူကြီးလေသံ ဟန်ပန်မို့ လာစားသူတွေ အားလုံးက သဘောကျတဲ့ ကလေးမလေးပါ။ မုန့်ဟင်းခါးကလည်း တကယ်ကောင်းပါတယ်။ အကြော်လဲ အစုံရတယ်။ အထူးသဖြင့် ငါးသလောက်ဥကြီးတွေ ရတတ်တာ ဒီဆိုင်ရဲ့ထူးခြားမှုပါပဲ။
နောက်ပိုင်းမှာတော့ ရန်ကုန်တစ်ခွင် ပြဲပြဲစင် လှည့်ပြီးစားခဲ့တဲ့ မုန့်ဟင်းခါးတွေအနက် ဂွတ္တလစ် မုန့်ဟင်းခါး (မြလမ်းထိပ်လောက်ဖြစ်မယ်ထင်တယ် ကားမှတ်တိုင်နားမှာ) ရန်ကင်းမုန့်ဟင်းခါး (နေရာမမှတ်မိတော့) သိမ်ကြီးဈေး ၂၆ လမ်းထိပ်၊ နောက်ပိုင်းနည်းနည်းကျတာက တာမွေမုန့်ဟင်းခါး (မီးသတ်နဲ့ မျက်စောင်းထိုး) ပြီးတော့ အိမ်ထောင်ကျပြီး တောင်ဥက္ကလာမှာနေတော့ ဗိုလ်အုန်းသီးကွေ့ကနေ ၁၀ ရပ်ကွက် ပဒေသာဈေးဖက် တက်တဲ့ လမ်းမှာ တစ်ဆိုင်၊ (သူကတော့ ဟင်းရည်ပျစ်ပျစ် ငါးနိုင်နိုင် ငြုပ်သီးရောင်ထ နေတဲ့အပြင် စပ် လဲ နည်းနည်းစပ်တယ် ဘာမုန့်ဟင်းခါးလဲ တော့မဆိုနိုင်၊ ကိုယ်တို့ တစ်အိမ်လုံး ကြိုက်ကြတယ်) ၂၀၀၀ ခု နောက်ပိုင်း ကျောက်မြောင်းရောက်လာတော့ ကျားကွက်သစ်နဲ့ စိတ္တသုခလမ်းထောင့်က ‘ခင်စန်းဝင်း’ မုန့် ဟင်းခါး အစရှိတာတွေ ပြန်ပြီး သတိရမိတယ်။ တခြားလဲ အတော်များများ ရှိအုန်းမှာပါ။ စာရေးရင်း ရုတ်တရက် ပြန်တွေးလို့ မပေါ်လာတဲ့ ဆိုင်တွေပေါ့။ ခင်စန်းဝင်း မုန့်ဟင်းခါးကို မနက်တိုင်းလိုလို စားဖြစ်တယ်။ စ ဖွင့်တဲ့ ၁၉၉၀ စွန်းစွန်းလောက်ကနေ ကျောက်မြောင်းအိမ်နဲ့ မိသားစုကိုစွန့်ခွာခဲ့တဲ့ ၂၀၀၄ လောက်အထိပဲ ဆိုပါတော့။ အဲဒီတုန်းက ကိုယ်ကလဲ မနက်အစောကြီး လမ်းထ လျှောက်စဉ်၊ တခါတလေ ဆိုင်ခင်းနေတုန်းမို့ အပြန်ကျမှ စားရတာမျိုးလဲ ရှိတယ်။ စားရင်းနဲ့ ဆိုင်ကဖွင့်ကာစမို့ လူလဲ သိပ်မရှိသေးတော့ ဆိုင်ရှင် အဒေါ်ကြီးနဲ့ စကားလက်ဆုံကျတဲ့အခါ ကျပေါ့လေ။ နောင် ရောင်းအားကောင်းလာပြီး လူစည်လာတဲ့အခါ သူ့သမီးတွေ တူမတွေ ဆိုင်ဝိုင်းရောင်းရင်း သူက ဆိုင်အလုပ် သိပ်မလုပ်တော့တဲ့အခါမှာ ကိုယ်လာရင် ဟဲ့ နင့်အစ်ကိုလာတယ် ဘာ အကြော်နဲ့စားမလဲမေး မုန့်ပိုထည့် ဟင်းရည်ရွှဲရွှဲလေး လို့ ဖိတ်မန္တကပြုရင်း ညွှန်ကြားတတ်ပါတယ်။ ဒါလေး ကလဲ ကိုယ့်အတွက် ဆွဲဆောင်မှုတစ်မျိုးပေါ့လေ။ ၂၀၁၃ နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ရန်ကုန်ရောက်စဉ်တုန်းက အာသောကနားက အောင်ပိုင်စိုး ငှားထားတဲ့ တိုက်ခန်းမှာ တည်းခိုနေထိုင်ဖြစ်တော့ တမနက် အဲ့ဒီဆိုင်ဖက် ရောက်သေးတယ်။ စားမယ့်လူတောင် မရှိသလောက် ခြောက်ကပ်နေတာ တွေ့ခဲ့ရတယ်။ ခု ကျောက်မြောင်း မှာက မုန့်ဟင်းခါးဆိုင်မျိုးစုံ ထွန်းကားနေပြီး သူ့ဟာနဲ့သူလဲ စား ကောင်းကြတာမို့ စားသုံးသူ ပြန့်သွားတာ လဲ ဖြစ်နိုင်ပါတယ်။ စိတ်ထဲတော့ တမျိုးကြီးဖြစ်သွားမိတာ အမှန်ပဲ။
မုန့်ဟင်းခါးစားခြင်းအမှုနဲ့ပတ်သက်ပြီး ပြောတဲ့အခါ နေတဲ့နေရာနဲ့ နီးရာ၊ ဒါမှမဟုတ် သွားရင်းလာရင်း ကြုံတဲ့ နေရာမှာ စားတာမျိုးရှိသလို တခုတ်တရ အိမ်က ကားနဲ့ဖြစ်စေ တက္ကစီနဲ့ဖြစ်စေ တမင်ကို ဆိုင်ကောင်းကောင်း ရှာပြီး သွားစားတာမျိုးလဲ ရှိခဲ့တာမို့ ကိုယ့်ကိုယ်ကို မုန့်ဟင်းခါးချစ်သူ လို့ ဘွဲ့ပေးတာ လွန်မယ် မထင်မိပါဘူး။ ကိုယ်ထင်တယ် ၁၉၉၀ ရဲ့ ဒီဖက်တွေမှာ မုန့်ဟင်းခါးကို နံမယ်နဲ့တွဲပြီး လူသိများ ရောင်းအားတက်လာတဲ့အခါ ကျတော့ တင်တင်အေး၊ စံပြဒေါ်ကြည်၊ မြောင်းမြဒေါ်ချို၊ ရွှေဥမုန့်ဟင်းခါး၊ လပွတ္တာလှလှရီ၊ သုံးဆယ့်ရှစ်လမ်း ထိပ်က ရုတ်တရက် နံမယ်ဖော်လို့မရတဲ့ မုန့်ဟင်းခါး တစ်ခုရှိသေးတယ်။ အဲ.. သိပြီ.. ခင်ထွေးရီ မုန့်ဟင်းခါး။ ကိုယ် ၁၉၉၆ လောက်တုန်းက ထိုင်း ငါးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တော့ ပိတောက်ချောင်းနားမှာပေါ့လေ၊ စက်ရုံနဲ့နီးတဲ့ လ္ဘက်ရည်ဆိုင်တစ်ဆိုင်မှာ တွဲရောင်းတယ်။ ခင်ထွေးရီ မုန့်ဟင်းခါးပေါ့။ ပြီးတော့ တာမွေအ၀ိုင်းနား ကျိုက္ကစံလမ်းပေါ်မှာ မြောင်းမြဒေါ်ချို ရောက်လာတဲ့အခါ ကိုယ်က ကျောက်မြောင်းသားဖြစ်နေပြီမို့ ဟန်ကျ သွားလေရဲ့။ ၁၉၉၆ ရဟန်း တစ်ဝါဆိုဖြစ်စဉ်က ဓမ္မစကြာရိပ်သာ (အင်းယားလိတ်ဟော်တယ်နား) မှာ သီတင်းသုံးရင်း ချော်တွင်းကုန်းလမ်းဆုံက မြောင်းမြဒေါ်ချိုကိုသွားအားပေးဖြစ်တယ်။ တင်တင်အေး ကိုတော့ ပင်ရင်း မြေနီကုန်းနဲ့ ကန်တော်လေးက ဆိုင်ခွဲတွေမှာ စားဖြစ်တာ မှတ်မိတယ်။ ရွှေဥ မုန့်ဟင်းခါးကိုတော့ အရင်က သိပ်မကြိုက်ပေမယ့် ခု တာမွေဈေးနားက အဆင့်မြင့်လ္လက်ရည်ဆိုင်နဲ့ တွဲထားတာမှာ သွားစားဖြစ်တယ်။ မဆိုးဘူးပဲ။ ပြောရင်းနဲ့ မြေနီကုန်း စာတိုက်နားက တောင်ညိုမုန့်ဟင်းခါးကို သတိရသွားပြန်ရော။ ဘာလို့ဆို အဲဒီမှာ ရွှေဥမုန့်ဟင်းဆိုင်လည်း ရှိခဲ့တာကိုး ဆက်စပ်ပြီး သတိရမိသွားလေရဲ့။ တစ်နေ့တုန်းကတော့ မောင်ဒေးနဲ့ လောကနတ်ကနေ ၃၄ လမ်းဖက်ကို တမင်တကာသွားပြီး မင်းမင်း မုန့်ဟင်းခါး သွားစားသေးတယ်။
မုန့်ဟင်းခါး ဆိုင်တွေ အကြောင်းပြောပြီး မုန့်ဟင်းခါး ချက်ပုံချက်နည်းနဲ့ပတ်သက်ပြီး မှတ်မှတ်ရရလေး နှစ်ခု လဲ ပြောအုန်းမယ်။ တစ်ခုက ကိုယ် ဒုတိယနှစ်ကျောင်းသား ဘ၀တုန်းက၊ အစ်ကိုဝမ်းကွဲ ဦးခင်ကျော် (Tourist Burma) လူပျိုကြီးတစ်ကိုယ်တည်းနဲ့ သွားနေရင်း ချက်ပြုတ်စားသောက်ကြတော့၊ နယ်မှာနေတဲ့ သူ့မိခင်ကြီး ဒေါ်သန်းမြ (မြောင်းမြမှာ ကိုယ်တို့သွားနေခဲ့ဖူးတဲ့ အိမ်က ကြီးတော်ကြီးပေါ့) တစ်နေ့မှာ ရန်ကုန်ရောက်လာရင်း ရက်သတ္တပါတ် အနည်းငယ် နေပါတယ်။ ကိုယ်က ချက်ပြုတ်ပေးနေတယ်ဆိုပေမယ့် သိပ် ဌာန်ကရိုဏ်းကျလှသေးတာ မဟုတ်တော့ ကြီးတော်ကြီးက ထမင်းချက် ဟင်းချက် သင်ပေးပါတယ်။ တစ်နေ့မှာတော့ ကိုယ့်ကို ဈေးထဲမှာ ငါးဖယ်ရိုး တမတ်ဖိုး ၀ယ်ခိုင်းပါတယ်။ အကြီး တစ်ကောင်နဲ့ အသး နှစ်ကောင် ရမယ်လို့လဲ တခါထဲ အသေအချာ ပြောလိုက်ပါတယ်။ ငါးဖယ်အသားတွေ ခြစ်ထုတ်ပြီး ကျန်တဲ့ ခေါင်းနဲ့အရိုးနဲ့ အရေပြားနည်းနည်း ပါတာကို ဆိုလိုတာပါ။ အဲဒါကို စပါးလင်နဲ့ဂျင်းနဲ့ ဆားနည်းနည်းထည့်ပြီး ပြုတ်ပါတယ်။ ပြီးတော့ ရေခမ်းလုလု မှာ အဖတ်တွေကို ဆည်ပါတယ်။ နှီးဆန်ကာလေးနဲ့ အရိုးတွေ စစ်ပါတယ်။ တင်ကျန်ခဲ့တဲ့ အရိုးတွေကို ထောင်ပြီးတစ်ခါ အ၀တ်နဲ့ စစ်ချပါသေးတယ်။ အဲဒီကရလာတဲ့ ငါးရည်နဲ့ မုန့်ဟင်းခါး ချက်တာပါ။ ပထမတော့ စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်မိသေးတယ်။ ဘယ်ကောင်းပါ့မလဲလို့။ အံမယ်လေး ကောင်းလိုက်တာဗျား။ ထမင်းကို လွတ်ရောပဲ။ ကိုယ်တိုင်ကလဲ မုန့်ဟင်းခါးကြိုက်တာကြောင့်မို့လဲ ပါတာပေါ့လေ။ (မုန့်ဟင်းခါးကြိုက်ပုံကတော့ တစ်ခါခါများ တစ်နေ့ထဲ မုန့်ဟင်းခါးချည့် မေ့ပြီး စားနေမိတာ။ အသေအချာမှတ်မိတဲ့ တစ်ခါကတော့ ၄၂ လမ်းထိပ်က ရုံးခန်းမှာ ထိုင်တုန်းကပေါ့။ အိမ်မှာလဲ မုန့်ဟင်းခါး စားလာတယ်။ နေ့လည်ထမင်းစားချိန် ကျတော့ စားနေကျ လက်ဖက်ရည်ဆိုင်နဲ့တွဲရောင်းတဲ့ မုန့်ဟင်းခါးပဲ ၀ယ်စားဖြစ်တယ်။ ညနေစောင်း ရုံးမဆင်းခင်လေးမှာ ရုံးက ဇရက်မလေးတွေနဲ့ အဖွဲ့ကျနေတဲ့ အထမ်းသည် မုန့်ဟင်းခါးရောက်လာ၊ တစ်ယောက်က ဦး စားအုန်းမလား ဆိုတော့ ကိုယ်ကလဲ အေး အေးပေါ့။ ဒါနဲ့ ဆွဲပစ်လိုက်ရော။ တစ်နေကုန် မုန့်ဟင်းခါးနဲ့ပဲ ပြီးသွားရော)
နောက်တစ်ခုကတော့ နည်းနည်း ထရက်ဂျယ်တီ ဆန်မလားမသိဘူး။ ကိုယ် ကော့သောင်မြို့ကို စွန့်စွန့်စားစား ထွက်ခွာသွားပြီး အလုပ်မျိုးစုံ လုပ်ကိုင်ဖို့ စိုင်းပြင်းခဲ့ရစဉ်မှာ တစ်နေ့တော့ ငါ မုန့်ဟင်းခါးရောင်းမယ်လို့ စဉ်းစားဖြစ်တယ်။ ရန်ကုန်ကို ဖုံးဆက်၊ အခု ကွယ်လွန်သွားပြီဖြစ်တဲ့ အမေ(ယောက္ခမ) ကို မုန့်ဟင်းခါးချက်နည်း အသေး စိတ်မေးတယ် စာနဲ့ရေးမှတ်ပြီး အစမ်းချက်ကြည့်တယ်။ ဒီလို ဆုံးဖြတ်ဖို့ နမူနာ နှစ်ခုကတော့ ကိုယ် ကော့သောင် ရောက်ကာစက လူဝင်မှုကြီးကြပ်ရေးက ဦးစီးအရာရှိရဲ့ဇနီးက သူ့အိမ်မှာ ရန်ကုန်မုန့်ဟင်းခါးဆိုပြီး ကျကျနန ဆိုင်ကလေးဖွင့်ရောင်းတာ ရောင်းကောင်းတာကို သိထားရတာက တစ်ချက်။ နောက်ပြီးတော့ အကောက်ခွန်ရုံးနားလေးမှာ သားအဖ နှစ်ယောက်ရောင်းတဲ့ ရန်ကုန်မုန့်ဟင်းခါး လက်မလည်အောင်ရောင်းရတာ သိဖူးကြုံဖူးတာက တစ်ချက်ပေါ့လေ။ မုန့်ဟင်းခါးရောင်းပြီး ကြီးပွားသွားတဲ့ သာဓကတွေလဲ ရှိခဲ့တာ ဆိုတော့လေ။ တစ်ဖက်နိုင်ငံမှာ ငါးလှေလိုက်ရာက အခြေအနေမကောင်းလို့ အိမ်မှာ သောင်တင်နေတဲ့ ညီလိုခင်နေတဲ့ သန်းလွင်နဲ့ အိုးခွက်ပန်းကန် ၀ယ်ရမှာတွေ တွက်ကြချက်ကြ၊ အရင်းအနှီးရှာဖို့ နေရာရှာဖို့တွေ အတော်ကို စိုင်းပြင်းပြီးကာမှ ဟိုဖက်ကမ်းမှာ ငါးလှေတွေပြန်ထွက်တော့ သူလဲ ပြန်သွား၊ မကြာခင် ကိုယ်ပါ မအူမလည်နဲ့ ငါးလှေတစ်ခေါက်လိုက်ပြီး အန္တရာယ် နဲ့တိုးကာ အသက်လုပြီး ရေကူးပြေးရတာတွေ ဆက်တိုက်ဖြစ်ပျက်ပြီး မုန့်ဟင်းခါးရောင်းရေး မဟာစီမံကိန်းကြီးနဲ့လည်း လွဲချော်ခဲ့ရပေသပေါ့။
အင်း ကိုယ့်မုန့်ဟင်းခါး ဋီကာလည်း မထင်မှတ်ပဲ အတော်ရှည်သွားပြီ။ နောက် မှတ်မှတ်ရရတစ်ခုကတော့ တစ်လမ်းမောင်းပြောင်းတဲ့နေ့က သိမ်ဖြူလမ်းထိပ်မှာ ၀င်းဦးရဲ့သီချင်းသံတွေ စီစီညံညံနဲ့ကို ဘာရယ်မဟုတ် ငေးမောကြည့်နေတုန်း အဖေက ခေါ်လို့ သူနဲ့ ခြေလျင်လျှောက်လိုက်ခဲ့တာ အဟုတ်ပါဗျာ ၁၆ လမ်းထိရောက်တယ်။ ဘာသွားလုပ်တာလဲ မေး၊ မုန့်ဟင်းခါး သွားစားတာတဲ့ဗျာ။ အဲလို မှတ်မှတ်ရရပေါ့။
နောက်ဆုံး မုန့်ဟင်းခါးနဲ့ ပတ်သက်တဲ့ မှတ်မှတ်ရရတစ်ခုကတော့ မုန့်ဟင်းခါးနဲ့ပတ်သက်ပြီး ဘလော့ဂါ သက်ဝေ နဲ့ ခင်မင်ဖို့ ဖြစ်လာတဲ့ အကြောင်းပါပဲ။ သူ့ရဲ့ မုန့်ဟင်းခါး အကြောင်း Post တစ်ခုမှာ ကွန်မင့်ရေးရာက အပြန်အလှန် စပြီး စကားပြောဖြစ်ကြတာပေါ့လေ။ နောက် လေးငါး ခြောက်လလောက်ကြာမှ တခြား ပို့စ်တစ်ခုမှာ ကွန်မင့်ထပ်ရေးဖြစ်အောင် ခပ်ကျဲကျဲပါပဲ။ ဒီဇင်ဘာတုန်းက စင်္ကာပူရောက်တော့ အိန္ဒြာတို့က ကဗျာပွဲလေး တစ်ခုလုပ်တော့ သူ လာတယ်။ အဲ့ဒီတော့မှ လူကိုယ်တိုင် မြင်ဖူးတာပါ။ ဘန်ကောက်ပြန်လာပြီးတော့ မကြာခင်မှာ သူ့မွေးနေ့နဲ့ ကြုံကြိုက်တာမို့ ebook ကလေး တစ်ခု လုပ်ဖြစ်တာကို မွေးနေ့လက်ဆောင်အဖြစ် ပေးဖြစ်သေးတယ်။ အွန်လိုင်းမှာ စ သိပြီး ရင်းနှီးသွားသူတွေအနက် မုန့်ဟင်းခါးနဲ့ပတ်သက်ပြီး စ သိတာမို့ မှတ်မှတ်ရရ ထည့်ပြောလိုက်တာပါ။ ဟိုး အစောကြီးထဲက အွန်လိုင်းမှာ သိပြီး ခင်မင်ရတဲ့ နောက်တစ်ယောက် ကေသွယ် ဆိုရင် ခုထိ လူချင်း မမြင်ဖူးသေးဘူး။ လင်းထွေးသော်တို့ မိုးမခလှိုင်တို့ကတော့ အွန်လိုင်းမှာ စ သိပြီး သိပ်မကြာခင်မှာပဲ လူချင်း အပြင်မှာ တွေ့ဖူးပြီး ရင်းနှီးနေပြီ။ လင်းထွေးသော်နဲ့ တစ်ဆက်ထဲ သူ့ချစ်ချစ်ကြီး ၀င်းမြင့်ဇော်၊ နောက် ဒေးဗစ်ဂျီး နဲ့ ကျော်ဦး တို့နဲ့လဲ စင်္ကာပူရောက်တဲ့အခါတွေမှာ နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲ ဆုံဖြစ်တာတွေ မုန့်ဟင်းခါးနဲ့ မဆိုင်ပေမယ့် မှတ်မှတ်ရရပါပဲ။ ပြီးခဲ့တဲ့အခေါက်ကတော့ ကဗျာပွဲကို အကြောင်းပြုပြီး လူတော်တော်စုံစုံတွေ့ခဲ့ရာမှာ သွယ်လင်းဆက်နဲ့ ဖြူနှင်းဖွေးတို့နဲ့ အတော် လက်ပွန်းတတီး ဆုံဖြစ် စကားတွေ ပြောဖြစ်ခဲ့ပါတယ်။ အင်း… စာထိုင်ရေးနေလိုက်တာ မနက်က စားထားတဲ့ မုန့်ဟင်းခါးလေးတောင် ဘယ် ချောင်ကပ်သွားလဲ မသိ။ ဆာသလိုလိုဖြစ်လာပြီ။ မီးဖိုထဲ သွားပြီး ဘာရှိသလဲ ရှာဖွေ မွှေနှောက်ဗိုက်ဖြည့်လိုက်အုန်းမယ်။
ခင်အောင်အေး
၂၆ မတ်ခ်ျ ၂၀၁၄ ဗဟိုရ်လမ်း၊ ကျောက်မြောင်း ၉း၂၉ နာရီ