မလဲ့မရွှန်း၊ မသွဲ့ဝန်းသော
ညညတောမှာ၊ ပြာမောကြယ်စင်
ခူးချင်ပါနှင့်၊ ကြွေလွင့်ခက်ခက်
နွမ်းရက်စောစော၊ ရင်မောထိတ်ထိတ်
အဆိပ်လေလား၊ ကြယ်ပြာလားလေ။
ညည့်ခြုံလွှာထက်၊ အလှစွက်၍
တိမ်ကွက်ကိုဖော်၊ မြေပြင်ပေါ်သို့
ငေးမျှော်တေးငြီး၊ လမင်းသမီး၏
လှနည်းသွယ်စုံ၊ စိတ်ကြေးမုံဝယ်
ခိုလှုံပါနှင့်၊ ငွေပွင့်မကြွေ
ဖြေဖြေမောမော၊ စောစိတ်ဝေေ၀
မာယာလေလား၊ စန္ဒာလားလေ။
တိမ်ယံကိုဖောက်၊ တိမ်အိမ်ဆောက်၍
ဖွေးနှောက်မာန်ပို၊ တိမ်လှိုင်းကိုစီး
ညခရီးဝယ်၊ တိမ်ပင်လယ်မှ
မြှူဆွယ်မြမြ၊ ရွရွသာချို
တိမ်မြညိုလည်း၊ ငိုယိုတမ်းတ
နွမ်းလျပါနှင့်၊ ဖြေခွင့်မကြည်
မိုးလည်မှာပျောက်၊ စိတ်စက်နောက်ကျိ
မသိစိတ်လား၊ တိမ်လွှာလားလေ။
တိမ်လချစ်နှင့်၊ ကြယ်ပြာသင့်၍
မိုးမြင့်ကိုမျှော်၊ သို့သော်မေ့အား
အချစ်မှားလေ၊ ဖြေမပြေစဉ်
ပြေပင်ပြေလို၊ ကြင်စိတ်ပို၍
ညိုမြမာယာ၊ မဟုတ်ပါတည့်
လာပြီနှမ၊ သခင့်ဆီ..။
ဝိရောဓိဝဲ၊ ထွက်ခဲခက်သူ
ငြိုမှာပူလည်း၊ ငြူစူသည့်ဒဏ်
တန်မပြန်ချင်၊ နောင့်ရင်တံခါး
ဖွင့်၍ထားက၊ အနားသီဝေ့
ပျော်ဓလေ့ဖြင့်၊ အောက်မေ့တစ်ခါ
အရောက်လာတိုင်း
ရင်ခွင်ရိုင်းမှာ ထွေးမယ်လား။ ။
မိနှောင်း
၁၅၊ ၅၊ ၁၉၇၂
တိုင်းရင်းမေ