အချစ်ရေ
ကိုယ်တို့မှာ ပြဿနာ
သိပ်များများမရှိဘူး
ကိုယ်တို့မှာ
မဖြစ်မနေ ဇောတွေ
ရှိမနေကြဘူး
ပေါင်းရဖို့
မပေါင်းရဖို့တို့
အတူနေရဖို့
အတူမနေရဖို့တို့
ဘာမှ ဗျာပါများစရာမရှိ
ကိုယ်တို့
တစ်ယောက်ကိုတစ်ယောက်
သိပ်ချစ်ကြတယ်
ဒါကို ဖွင့်မပြောဘို့လဲ သဘောတူကြတယ်
ဘယ်လောက်လှသလဲကွယ်–
ကိုယ်တို့
တစ်ယောက်ကိုတစ်ယောက်
မတုပ်နှောင်ကြဘူး
လက်ချင်းခြေချင်း ပူးမချည်ကြဘူး
ယုတ်စွ အဆုံး
လက်သည်းခွံလေးချင်းတောင်
မထိခတ်ကြဘူး
ချစ်တယ် ဆိုတဲ့
စကားလုံးမပါပဲ
ကိုယ်တို့ အလိုလို
ဒါကို သိနေကြတယ်
အဲဒါ ရှိနေတယ်ဆိုတာ
ပြီးတော့-
ဘယ်ကိုမှ ရောက်စရာမလို
ဘယ်ကိုမှလည်း ဦးမတည်
ဘယ်လိုမှလဲ ပြန်ဖြည်လို့မရ
ဘယ်လိုမှ မရပ်တံ့တော့ဘူး
ဘာလို့လဲ ဆိုတော့
ကိုယ်တို့ လျှောက်နေကြတာ
ပိန်းပိတ်တဲ့ မြူတွေထဲ..။ ။
ခင်အောင်အေး
၁၂ ဇန္န၀ါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၂၃း၅၃ နာရီ