ညတုန်းက မိတ်ဆွေ

မပြေပြစ်တဲ့ အနားသတ်မျဉ်းများကို သူငေးကြည့်နေခဲ့သည်။ အတန်းအစား မခွဲခြားနိုင်သည့်

အတွေးမျိုးစုံက ခေါင်းမှဖြိုလောင်းခံရတဲ့ရေလို တကိုယ်လုံးကိုစိုရွှဲလျက်။ ကျောက်ပေါက်မာ

ဗရပွနဲ့မာနနှမ်းစေ့တွေ ကြဲပက်ထားတဲ့ဘ၀ပဲ။

နည်းနည်းရင့်လာတဲ့ နေခြည်တွေက ၀ရံတာမှာ လူပါးလာဝနေကြသည်။ တဖက်အိမ်က အမျိုးအမည်

မသိ ငှက်သတ္တ၀ါတွေ ဆူညံနေခြင်းက သဘာဝအလှကို ချစ်လိုမက်ခြိုက်ချင်စိတ်ကို စိန်ခေါ်နေကြဟန်

တူ၏။ ပြီးတော့ သူတို့က လှောင်ခြိုင့်တွေကိုယ်စီနဲ့။ မလှဘူး။ သူဟာသတ္တ၀ါတွေကိုမုန်းတီးသူ။ ဥပဒေ

အရ ဒါမှမဟုတ် လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့သတ်မှတ်ချက်ကို မလွန်ဆန်နိုင်ရွေ့၊ ထားပါတော့။

သူသာ လုပ်ချင်တာလုပ်ခွင့်ရှိမယ်ဆိုရင် သေနတ်တစ်လက်ဆောင်ထားပြီး အဲ့ဒီသတ္တ၀ါတွေကို စိတ်မလို

ရင် မလိုသလို စိတ်ကြွရင်ကြွသလို စိတ်ကျရင်ကျသလို လိုက်ပစ်သတ်နေမိမှာအသေအချာပင်။ ပလပ်

စတစ်ဖျာပေါ်မှာ စာအုပ်တစ်အုပ်၊ ကောက်ကိုင်မကြည့်ပဲ သိလိုက်ပါသည်။ ကဗျာ စာအုပ်တစ်အုပ်ပင်၊

မနေ့ညကလာသွားတဲ့ မိတ်ဆွေ မေ့ကျန်ခဲ့တဲ့စာအုပ်။ အတော် ပျင်းစရာကောင်းတဲ့လူ။ သူ့ကဗျာကို

အာပေါင်အာရင်းသန်သန်နဲ့ ဖတ်ပြခဲ့သည်။ စိတ်ပျက်စရာ။ ပြီးတော့ မတော်တဆလား တမင်ကလာ

လားမသိ၊ ကဗျာစာအုပ်ကို ချန်ထားပစ်ခဲ့သည်။ သူ့ကို ဖတ်ပါစေတော့ ဆိုသည့်စေတနာနဲ့များလား။

တော်ပါ မောင်ရာ..။ ၀ရံတာက ကျော်ပြီး အပြင်ကိုကြည့်တော့ မိုးထိတိုက်မြင့်ကြီးတွေ၊ နောက်ပြီးတော့

တီဗွီလွှင့်ထုတ် တာဝါတိုင်တစ်ခုက ထိုးထိုးထောင်ထောင်။ အထပ်မြှင့်တင်ထားတဲ့ မော်တော်ကားလမ်း

တွေပေါ်မှာ ကားတွေ ဥဒဟိုသွားလာနေကြသည်။ ဘာတွေ အရေးကြီးနေကြပါသနည်း။ မသွားလို့မရ

ဘူးလား။ မလာလို့မရဘူးလား။ လူတွေကို သူနားမလည်ပါ။ သူနားမလည်တာတွေအများကြီးရှိတဲ့အထဲ

မှာ လူတွေကိုနားမလည်ခြင်းက ထိပ်ဆုံးမှပါသည့် နားမလည်မှု အကြီးစားတစ်ခု။ သူသည် အဲလဘတ်

ကာမူး ရေးတဲ့ (မနေ့က လာသွားတဲ့မိတ်ဆွေကတော့ ကောင်းကောင်းသိပုံရသည်။ အိတ်ဇက်စ်စတေး

ရှင်း ဆိုလား ဘာလား ညက သူပြောတဲ့စကားထဲမှာပါခဲ့သည်) ၀တ္တုတပုဒ်ထဲက ဇာတ်ကောင်နဲ့ သူနဲ့

တူတယ်လို့ မိတ်ဆွေက ပြောသေးသည်။ သူ ငေးတိငေးကြောင်လုပ်နေမိသေးသည်။ ဟော.. အတော်

စွာသည့် စာကလေးမြည်သံ။ ဒီကောင်ကတော့ လွတ်လပ်သူ။ ဒါကြောင့် သူ့အသံက ပိုစွာနေတာလား။

Good night တွေ အထူကြီးသုပ်ထားတဲ့ ပေါင်မုန့်လို မတ်ခ်ျလဆန်းရက်တွေဟာ အရေးပေါ်ဥသြဆွဲနေ

ခဲ့တယ်။ ငါ ဘယ်လောက်တည်ငြိမ်နိုင်မလဲလို့ သူတွေးနေခဲ့တယ်။ စီးကရက်တိုတွေ ပွစာကျဲနေခြင်းက

သူ့စိတ်မူမမှန်ခြင်းကို အာမခံပေးနေသလိုပင်။ ဘယ်နှရက်လောက် ရှိသွားပြီလဲ၊ ဘယ်နှလ လဲ၊ ဒါတင်

မကပဲ နှစ်တွေနဲ့တောင်ချီပြီး ကြာခဲ့ကောင်းကြာခဲ့လောက်ပြီ။ အိပ်မက်နဲ့ချည်း နှစ်ပါးသွားနေခဲ့တာ၊

ပြူးကြောင်ကြောင်မျက်လုံးတွေနဲ့ နံရံကို မျှားပေါက်သလို ပေါက်နေခဲ့တာ၊ မမူးတော့မှန်းသိပေမယ့်

အပေါစားအရက်ကိုပဲ ရေသောက်သလို သောက်နေခဲ့တာ။ အဟက်.. အချစ်တဲ့။

ကိုယ်လုံးတီး မိန်းမပုံနဲ့ပြက္ခဒိန်က လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက အဲဒီ သံငုတ်မှာ ချိတ်တွယ်

နေခဲ့တာ။ ‘ဘုရားသခင်၏ နောက်ဆုံးညစာပန်းချီကားပုံ သံလိုက်စတေကာနဲ့ သူ့ကိုယ်လုံးတီး ဓါတ်ပုံတပုံ

ကို ရေခဲသေတ္တာရဲ့ တံခါးမှာအတူတူတွဲ၍ ဖိကပ်ထားခဲ့သည်။ ဒီလိုလုပ်တာ ကောင်းသလား၊ မကောင်းဘူး

လား သူမသိ၊ မစဉ်းစားဖူးဘူး။ သူစဉ်းစားတာတွေက သိပ် ခြောက်သွေ့ပြီး လွင့်လွင့်မျောမျောနိုင်လှသည်။

သူ စဉ်းစားတာတွေ သူစဉ်းစားပုံတွေက ပြန်စဉ်းစားဖို့မကောင်းလှပါ။ ဒါပေမယ့် စဉ်းစားခြင်းကလွဲပြီး ဘာမှ

သူ မလုပ်တတ်။ သူ့ရဲ့ တတိယနဲ့နောက်ဆုံးဇနီးက ပြောခဲ့ဖူးတာ သွားအမှတ်ရမိသေးသည်။ ဘာတဲ့..

‘ရှင်က တစ်နေ့တစ်နေ့ စဉ်းစားနေ တွေးနေ..ကျမ ဖာတန်းရောက်တော့မယ်’ တဲ့။ ခုတော့ နိုင်ငံခြားကုမ္ပဏီ

တစ်ခုမှာ ချိဖ်အကောင့်တင့်န်ဖြစ်နေပြီ။ ဖာတန်းကို တကယ်များသွားခဲ့သေးသလား။ သူ့ကို ပြောမသွားခဲ့။

မျက်ရည်ပင်လယ်ဝေ’ ဆိုတဲ့ အသုံးအနှုန်းကို စာတွေထဲ ခဏခဏတွေ့ရသည်။ (ဤနေရာ၌ ၀တ္ထုရေးနည်း

အတတ်ပညာအရ ယုတ္တိယုတ္တာဖြစ်အောင် အနားမှာရှိသည့် စာအုပ်တစ်အုပ်အုပ်ကို ကောက်ဖတ်မိပုံဖြစ်ဖြစ်

သီချင်းတပုဒ်ဖွင့်ထားမိရာက သီချင်းထဲက စာသားအပေါ် အာရုံပြုမိသွားတာဖြစ်ဖြစ် ဖြတ်ထည့်ပြီးမှ ရေးရ

မည်ဖြစ်သော်လဲ) မဖြစ်နိုင်တာ၊ ဘာလို့ အဲ့လို စောက်ပိုတွေပြောကြတာလဲမသိ။ သူမကြိုက်။ ဆိုလိုသည်

မှာ မျက်ရည်ကိုမကြိုက်တာမဟုတ်၊ ဒါပေမယ့် ကြိုက်တာလည်းမဟုတ်။ မျက်ရည်နဲ့ပတ်သက်လို့ သိပ်ပြီး

ဗဟုသုတမရှိ။ အလွန်အကျွံပြောခြင်း ဖွဲ့နွဲ့ခြင်းကိုသာ သူက မကြိုက်တာဖြစ်သည်။  သူ မကြိုက်တာတွေ

အကြောင်း စဉ်းစားတော့ အတော်များသည်။ ဒါသည် ကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ပေ။ ယခု

လို မျက်ရည်ကို ကြိုက်တာ မကြိုက်တာမျိုးက ပြဿနာမရှိပေမယ့်၊ ညက မက်တဲ့အိပ်မက်ကို ကြိုက်တယ်

မကြိုက်ဖူးဆိုတာမှာတော့ ပြဿနာရှိသည်။ သူ့ဟာသူမက်တဲ့ အိပ်မက်ကို ကိုယ်က ရွေးချယ်ခွင့်မရှိ။ အဲဒီ

မှာ ကြိုက်/မကြိုက်ဆိုတာကြီးက တချိန်လုံးလာစားနေတော့သည်။ ဥပမာ အိပ်မက်ထဲမှာ နွားတစ်ကောင်

ပါတာကို သူမကြိုက်။ အပြင်မှာတော့ နွားတွေကို သူမမုန်းပေ။ အဲ ချစ်လဲမချစ်ပါဘူး နွားတွေကို။ ပြောခဲ့ဖူး

သလိုပဲ သူက တိရိစ္ဆာန်တွေ သတ္တ၀ါတွေကို ချစ်တတ်ခင်တတ်သူ မဟုတ်။ နွားဆိုလို့ ပြောလက်စနဲ့ဆက်

ပြောရရင် နွားလိုလူ (နွားလိုကောင်) တွေကိုတော့ သူအတော်မုန်းသည်။ ရွံသည်။ နွားလိုကောင် ဆိုတာ

ဘယ်လိုမျိုးလဲလို့တော့ လာရှင်းမပြခိုင်းနှင့်။ အားလုံးသိကြပါသည်။ ဘယ်လိုကောင်ဟာ နွားလိုကောင်မှန်း။

ကိုယ်လိုကောင်လည်း ဖြစ်နိုင်သေးသည်ပင်။

“ဟိုးရေ့စ်လက်ထဲ ခြူးတစ်ပြားမှမကျန်တော့သလို မိတ်ဆွေအပေါင်းအသင်းလည်း ကင်းမဲ့သွား၏သူသည်

ဖတ်လက်စ ၀ါကျပေါ်မှအကြည့်ကို ခွာလိုက်သည်။ (ဒါ ကတော့ သူအမှန် တကယ်ဖတ်နေခဲ့တာဖြစ်ပါသည်)

ဝရံတာမှာ စိမ်းစိုတဲ့ အလှစိုက် အပင်မျိုးစုံတို့ဟာ နေရောင်ကြောင့်တောက်ပချင်တိုင်း တောက်ပနေကြသည်။

ညက မိတ်ဆွေနဲ့အတူ ဒီနေရာမှာထိုင်ခဲ့ကြသည်။ သူက ဘီယာ၊ မိတ်ဆွေက အရက်ပြင်း။ ပြီးတော့ မိတ်ဆွေ

ရဲ့ အရက်ပြင်းတွေကို သူယူသောက်တာ ၀ိုးတ၀ါးမှတ်မိနေသည်။ မိတ်ဆွေက သူ့ကိုယ်သူ ကဗျာဆရာတဲ့။

ကဗျာစာအုပ် ထုတ်ထားဖူးသူမို့ ဒါကိုတော့ ဇွတ်ငြင်းလို့လဲ အကျိုးထူးမယ် မထင်ဘူး။ ဒါပေမယ့် အဲ့ဒီလူရဲ့

ကဗျာတွေ ဘယ်မှာပါလဲ၊ သူ မသိ။ ယုတ်စွအဆုံး ဒီလူနဲ့ ဘယ်လို မိတ်ဆွေဖြစ်သွားတယ်ဆိုတာတောင်

တွေးယူလို့ မရတော့ပေ။ Club တစ်ခုခုမှာ ငြိပြီးပါလာတာလား။ ကြားထဲက အခြားတစ်ယောက်ယောက်

မိတ်ဆက်ပေးတာလား။ သူ့မှာ ကဗျာနဲ့ပတ်သက်တဲ့ မိတ်ဆွေ အပေါင်းအသင်းမရှိပေ။ သူသည် ကဗျာ

ဆရာမို့ဆိုပြီး မည်သူ့ကိုမျှ လိုတာထက်ပိုပြီး တွေးမည့်သူ အရေးပေးမည့် လူစားမျိုး မဟုတ်။ ထူးပြီးတော့

မျက်နှာသာ ပေးစရာအကြောင်းမရှိ။ တကယ်တော့ ကဗျာဆရာတစ်ယောက်ကို သတ္တ၀ါစာရင်းထဲ သွင်းခဲ့

ရင်ကော..၊ သူ့အလွန်လား..။ တစ်ဖက်ခန်းက ငှက်မျိုးစုံရဲ့အသံများက စူးစူးရှရှထွက်ပေါ်လာပြန်သည်။

သူသည် ခါးမှ သေနတ်ကို စမ်းလိုက်သည်။ သေနတ်အိတ် ကြယ်သီးစေ့ကို ထပ်ကနဲ ဖြုတ်လိုက်ပြီး

ကောင်းဘွိုင်တစ်ယောက်လို ‘အသင့်အနေအထား’ ကို ယူလိုက်သည်။

ဒိုင်းကနဲ သေနတ်သံသည် ကျယ်လောင်လှ၏။ သူ့ တကိုယ်လုံး တုန်ရင်သွားခဲ့သည်။ ချွေးစေးပျံလျက်။

သူ့ညာလက်သည် သူဖိကပ်ထားသော သေနတ်၏ အေးစက်သောအထိအတွေ့ကို ခံစားနေရသည်။

မိနစ်ဝက်ခန့် မလှုပ်မယှက်ကြောင်အမ်းနေပြီးမှ သေနတ်သံသည် အိမ်အပြင်ဖက်ကဖြစ်မှန်း သတိဝင်

လာသည်။ သူ့ဆီကမဟုတ်။ သူ့လက်ထဲက သေနတ်မှ မဟုတ်။ အပြင်ဖက်ကသာဖြစ်သည်။ သို့ဖြင့်

ဝရံတာအနားကို မရဲတရဲ သတိနဲ့ကပ်ကြည့်လိုက်တော့ အပြင်ဖက်မှာက ည ဖြစ်နေသည်။ လင်းထိန်

နေအောင် ထွန်းထားသော မာကျူရီမီးရောင်များကြောင့် မြင်ကွင်းကို ကောင်းစွာမြင်နေရသည်။ တစ်စုံ

တစ်ယောက် အသက်လုပြီး ပြေးနေတာကို မြင်နေရသည်။ ထိုလူသည် တိုက်ကြိုတိုက်ကြားမှာ ဟိုက

ဝင်လိုက်၊ ဒီဖက်ကပန်ထွက်လိုက်နဲ့ပြေးနေတာကို အတိုင်းသား မြင်နေရသည်။ ထိုလူ့ရဲ့ နောက်မှာ

လူတစ်စုက ညာသံပေး၍ လိုက်နေသည်။ သူသည် နားထင်ကို လက်ဖြင့်ဖိရင်း ဇဝေဇ၀ါဖြစ်နေသည်။

ယခု မြင်နေရတာတွေဟာ တကယ်ဖြစ်နေတာလား။ အိပ်မက်လား။ နွားတစ်ကောင် ဖြတ်ဝင်လာအုန်း

မလား။ ဒါမှမဟုတ် ဟိုတစ်နေ့က ကြည့်နေခဲ့တဲ့ ခပ်ညံ့ညံ့ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းကို ပြန်မြင်

ယောင်နေမိတာလား။ အမှန်တကယ်တော့ သူသည် မနက်ခင်းတစ်ခုမှ ထိုင်နေခဲ့ခြင်းသာဖြစ်သည်။

ယခုမူ အပြင်မှာက ညဖက်မြင်ကွင်း။ သူ့ရင်သည် တဒိုင်းဒိုင်းခုန်နေ၏။ တဖက်အိမ်မှာ ငှက်မျိုးစုံတို့

အသံမှာ ဆိတ်သုဉ်းလျက်။

သေနတ်သံကြောင့် ပြဿနာများ ရှုပ်ထွေးလာမည်လော။ သူသည် သေနတ်တစ်လက် ဆောင်ထား

မိသည့်အဖြစ်ကို စိတ်မလုံခြုံဖြစ်လာလျက် ထိုသေနတ်ကို ဖွက်ထားဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

အကောင်းဆုံးနှင့် အလုံခြုံဆုံး ဖြစ်မည့်နေရာကိုနာရီဝက်ခန့်ရှာယူရသည်။ မီးဖိုခန်းထဲက ဟင်းချက်

ပြုတ်ရာတွင် ထည့်သုံးရသည့် ဆီ၊ ဆား၊ ငံပြာရည်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်ပစ္စည်းမျိုးစုံ

ထည့်သိုထားသည့် ဘီရိုငယ်လေးရဲ့ အနောက်ဖက်မှာ ဟ နေသည့်နေရာငယ်လေး တစ်ခုရှိသည်။

အဲဒီထဲ ထည့်ပြီး အောက်ခင်းပြားကို တွန်းရွှေ့လိုက်လျင် တခုခုဖွက်ထားမှန်း မသိသာတော့ပေ။

သူသည် နှစ်ခြိုက်စွာ ပြုံးလိုက်၏။ ထို့နောက် လက်ထဲမှာ မြဲမြဲဆုတ်ထားသည့် ညတုန်းက မိတ်ဆွေ

ရဲ့ ကဗျာစာအုပ်ကို အဲ့ဒီ နေရာငယ်လေးထဲ ကျနသေချာစွာ ထိုးထည့်လိုက်သည်။

သေနတ်တစ်လက်ကို စိုးရိမ်တကြီး ဖွက်လိုက်သလို။    ။

 

ခင်အောင်အေး

၉ မတ်ခ်ျ ၂၀၁၄  ဖရာ့ပရာဒင် ဘန်ကောက်  ၁၀း၄၉ နာရီ

Advertisements
This entry was posted in Uncategorized. Bookmark the permalink.

One Response to ညတုန်းက မိတ်ဆွေ

  1. ကိုကြီး ရေ… မတွေ့တာကြာပေါ့ ကျနော် ညံလင်းပါ…. ကဗျာတွေ အားပါးတရလာဖတ်သွားပါကြောင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s