ဒီနေ့ဗမာကဗျာအကြောင်း နည်းနည်းနဲ့ပါးပါး

ဒီကနေ့ဗမာကဗျာဟာ ခေတ်ပေါ်ကဗျာရေးနည်းတွေကနေ ပို့စ်မော်ဒန်ကဗျာနည်းဖက်ကို ကူးပြောင်း ရေးသားလာကြတာ နှစ်အတန်ငယ်ကြာတဲ့ အနေအထားကို ရောက်လာခဲ့ပြီလို့  ဆိုရပါမယ်။ အထူးသဖြင့် အွန်လိုင်းလို့ခေါ်နေကြတဲ့ အင်တာနက်ပေါ်မှာ ကိုယ်ပိုင် blog တွေ ဒါမှမဟုတ် အွန်လိုင်း မဂ္ဂဇင်း၊ ဂျာနယ် ဒါမှမဟုတ် ကိုယ်ပိုင်  face book စာမျက်နှာပေါ်မှာ ပိုအတွေ့ရများတယ်လို့ ပြောရမှာပေါ့။ ပရင့်မီဒီယာလို့ ခေါ်ဆိုနေကြတဲ့ ပုံနှိပ်မဂ္ဂဇင်း စာမျက်နှာအချို့ပေါ်မှာလည်း ပို့စ်မော်ဒန်ကဗျာရေးနည်းနဲ့ ရေးတယ်လို့ ပြောလို့ရတဲ့ ကဗျာအမျိုးအစားတွေ စတင်ပြီး တွေ့လာနေရတဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။

အဲဒီမှာ ပြောစရာရှိလာတာက ကိုယ့်အနေနဲ့  သတိပြုမိတာပေါ့လေ၊ မော်ဒန်/ခေတ်ပေါ် ကဗျာ လို့ သေသေချာချာ အတိအကျ သုံးနှုန်းပြောဆိုနေကြတာဟာ အသားကျနေပြီဖြစ်ပေမယ့်၊ ပို့စ်မော်ဒန်ကဗျာ ပို့စ်မော်ဒန် ကဗျာရေးနည်း လို့ သုံးနှုန်းတာမျိုးတော့ သိပ်မတွေ့ရသေးဘူးလို့ ထင်ပါတယ်။ အခက်အခဲ တစ်ခုခု ရှိပုံရပြီး ကိုယ်ကိုယ်တိုင်လည်း အဲ့လိုသုံးနှုန်းဖို့ ၀န်လေးနေခဲ့တာ ၀န်ခံရမှာပဲဖြစ်ပါတယ် အဲဒီအစား ခေတ်ပေါ်ကဗျာ ပြီးရင် ခေတ်ပြိုင်ကဗျာလို့ သုံးနှုန်းလာတာကို ပိုထင်ထင်ရှားရှား တွေ့လာရပါတယ်။ ဒီ ခေတ်ပြိုင်ကဗျာဆိုတဲ့ စကားလုံးအသုံးအနှုန်းကလဲ လွတ်လွတ်ကျွတ်ကျွတ် လျှောလျှောရှူရှူတော့ မဟုတ်ပါဘူး။ အဓိက အနေနဲ့ ခေတ်ပြိုင်ကဗျာဆိုတာကို (၁) ခေတ်တစ်ခေတ်တည်းမှာ (အချိန်ကာလ သတ်မှတ်ချက်တခုထဲမှာ) ပြိုင်တူ ရေးသားနေကြတဲ့ နည်းနာအားဖြင့် မရိုးမစွဲကဗျာများ (၂) မော်ဒန်/ခေတ်ပေါ်ကဗျာ စတင်ပေါ်ပေါက်လာချိန်လောက်ကနေ စပြီး ဒီနေ့နောက်ဆုံး ပေါ်ပေါက်နေတဲ့ ကဗျာများအထိ အကြုံးဝင်တဲ့ ကဗျာများ (၃) မော်ဒန်/ခေတ်ပေါ်ကို စွန့်လွှတ်ပြီး ပို့စ်မော်ဒန် နည်းနာများကို အထူးပြုလေ့လာလိုက်စားကာ ဖွဲ့နွဲ့ ရေးသားတဲ့ ကဗျာများ လို့ အကြမ်းဖျဉ်းခွဲခြား နားလည်သုံးစွဲနေကြတယ်လို့  ယူဆပါတယ်။

ဇေယျာလင်းရဲ့ ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာများ ဆိုတဲ့ စာအုပ်ထဲက ခေတ်ပေါ်လား၊ ခေတ်ပြိုင်လား မြန်မာကဗျာ ဆိုတဲ့ ဆောင်းပါးမှာ – ‘ခေတ်ပြိုင်ကဗျာဟာလည်း သူ့ကဗျာအမျိုးအစားနဲ့သူ ကဗျာဗေဒသပ်သပ်ဖြစ်ပါတယ်။ ‘ခေတ်ပေါ်ကဗျာနဲ့ ကွဲပြားခြားနားအောင် တမင်လုပ်ယူ(ခွဲထွက်)တဲ့ကဗျာအမျိုးအစားဖြစ်ပါတယ် လို့ အတိအလင်းရေးသားထားပါတယ်။ ဒီ ကိုးကားချက်အရဆိုရင်တော့ ခေတ်ပြိုင်ကဗျာဆိုတာ ခေတ်ပေါ်ကိုစွန့်လွှတ်ပြီး (ပို့စ်မော်ဒန်ရေးနည်းတက္ကနစ်များနဲ့) အသစ်တီထွင်ဖန်တီး ရေးသားလာတဲ့ကဗျာအမျိုးအစားတစ်ရပ်လို့ ပြတ်ပြတ်သားသား နားလည်ရမှာဖြစ်ပါတယ်။ အထောက်အထား အခိုင်အလုံနဲ့တင်ပြဖို့ အချိန်မလုံလောက်ပေမယ့် ကိုယ်တနိုင်တပိုင် ဖတ်မှတ်လေ့လာမှုတွေအရနဲ့  အနောက် နိုင်ငံ ကဗျာပွဲတွေ သွားရင်းနဲ့ အဲဒီဖက်က ကဗျာဆရာတွေနဲ့ ပြောဆိုဆွေးနွေးချက်တွေအရ မော်ဒန်/ခေတ်ပေါ်ကိုပါ မတူကွဲပြားတဲ့ ကဗျာအမျိုးအစားတစ်ခုအဖြစ် ထည့်သွင်းပြီး ဒီဖက် ပို့စ်မော်ဒန်နည်းအရ (ဥပမာ- LP, Flarf, Conceptual အစရှိသဖြင့်) ရေးသားနေတဲ့ ကဗျာတွေကိုပါ ပေါင်းရုံးပြီး ခေတ်ပြိုင်ကဗျာတွေ (Contemporary Poetry) လို့ ခေါ်ဝေါ်သုံးစွဲကြတယ် လို့လည်း သိမှတ်ခဲ့ရဖူးပါတယ်။ ကိုယ့်အနေနဲ့တော့ ဇေယျာလင်းရဲ့ အဲဒီ အလားအလာရှိသော….  စာအုပ်ထဲကပဲ၊ စာမျက်နှာ ၁၂၉ ကနေ ၁၃၆ အထိ ရှင်းလင်းရေးသားတင်ပြချက်များကို ကိုးကားချင်ပါတယ်။ နောင် အားလပ်တဲ့အခါတွေမှာ ဆက်လက်ပြီး ဖတ်ရှုလေ့လာဆွေးနွေးသွားကြဖို့ပါ။ ကိုယ်ကတော့ အဓိကအကျဆုံး၊ အထင်ရှားဆုံး၊ အတိုဆုံး ကောက်နှုတ်ချက် ၂ ခုကိုပဲ ဒီနေရာမှာ တင်ပြပါရစေ။

–       ခေတ်ပေါ်ကဗျာဟာ ‘ငါ’ / ‘ခံစားမှု’ ဗဟိုပြု Lyric ကဗျာအမျိုးအစားဖြစ်ပါတယ်။

–       ခေတ်ပြိုင်ကဗျာကတော့ Lyric ကဗျာမဟုတ်ခြင်းပါပဲ။ ခေတ်ပေါ်(၀ါ) Lyric ကဗျာရဲ့  ‘ငါ’ ကို ဗဟိုပြုခြင်းကို ဖယ်ရှားတဲ့ ကဗျာအမျိုးအစား ဖြစ်ပါတယ်။

ဒါဟာ အတော့်ကို ထင်ရှားပြတ်သားတဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။ ခေတ်ပေါ်နဲ့ခေတ်ပြိုင် ကဗျာအမျိုးအစား ၂ခုကို ထင်းကနဲမြင်သွားစေပါတယ်။ ၂၀၀၂ လောက်ကစပြီး မော်ဒန်/ခေတ်ပေါ် ကဗျာမျိုးရေးရမှာ ငြီးငွေ့သွားပြီး ပို့စ်မော်ဒန်နည်းနဲ့ရေးတဲ့ ကဗျာမျိုး (နောင်မှာ ခေတ်ပြိုင်ဟု သုံးနှုန်းလာ) လည်း မစနိုင်သေးတဲ့ အနေအထားတစ်ခုနဲ့  ကြုံကြိုက်ခဲ့ရတဲ့ ကိုယ်ဟာ ၇ နှစ်လောက် ဘာကဗျာမှ မရေးနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

ဒီကာလတွေမှာ ဇေယျာလင်းရဲ့ ကဗျာဆိုင်ရာ၊ ကဗျာဗေဒဆိုင်ရာ ဆောင်းပါးတွေနဲ့ အဲ့ဒါတွေကို စုပေါင်းပြီး ပြန်ထုတ်ဝေတဲ့ စာအုပ်တွေကို လေ့လာဖတ်ရှုနေခဲ့ပါတယ်။ ကိုယ်က ဒီဖက်ကဗျာတွေ လို့ မသဲမကွဲသုံးစွဲ ပြောဆိုလေ့ရှိတဲ့ ပို့စ်မော်ဒန်နည်းစံနစ်သုံး ကဗျာတွေ စ ရေးဖို့ကြိုးစားတဲ့ကာလမှာ အခက်ခဲဆုံးကတော့ အဲဒီ ငါ / ‘ခံစားမှု’ ဗဟိုပြု ၀ါဒကို ချွတ်ခွာရတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ခုထိလဲ စင်တယ်လို့  မထင်သေးပါဘူး။ (အဲဒီလို ငါ ကင်းစင်ရေးဟာ အရေးကြီးတယ် မကြီးဘူးဆိုတာကိုတော့ နောက်ပိုင်းမှာ ဆက်လက်ဆွေးနွေးပါ့မယ်။) Lyric ကဗျာမဟုတ်အောင်ရေးရတာကတော့ ငါကိုပယ်သလောက် ခံစားချက်ကို ပယ် သလောက် မခက်ခဲခဲ့ပါဘူး။ အပိုင်းပိုင်း အစိတ်စိတ် အမွှာမွှာနည်း နဲ့ ကောက်ရ နည်းတွေ တွင်တွင်သုံးလာတဲ့အခါ Lyric ကို ဖျောက်ပြီး ရေးနိုင်ခဲ့ပါတယ်။ တပုဒ်ချင်းမှာ အားထုတ်ပြီး အပုဒ်ပေါင်းများစွာတော့ ရေးရတာပေါ့လေ။

“Eliot တရားဝင်ပြောခဲ့တာဟာ ကဗျာဆိုတာ ခံစားမှုဖော်ပြတာ မဟုတ်ပဲ ခံစားမှုကို ရှောင်တာ ဖြစ်ပါတယ်” ဆိုတဲ့အချက်ဟာလဲ ခေတ်ပေါ်/ခေတ်ပြိုင်ကိစ္စမှာ အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုလို့မြင်မိပါတယ်။ ဆက်လက်ပြီးတော့ “ခေတ်ပေါ်ကဗျာဟာ ဝေဒနာက္ခန္ဓာနဲ့ပိုဆိုင်ပြီး Post modernism ကနေ ဆင်းသက်လာတဲ့ ‘ခေတ်ပြိုင်’ ကဗျာဟာ ၀ိဥာဏက္ခန္ဓာ သညာက္ခန္ဓာတို့နဲ့ ပိုပတ်သက်ပါတယ်။ Post-Modern sensibility ဆိုရင် အတ္တ ‘ငါ’ ရဲ့အစိတ်စိတ် အမွှာမွှာပြိုကွဲခြင်းပေါ်မှာ ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ De-construction of self နဲ့ Fragmentation of self တို့ဟာ Postmodern sensibility ရဲ့အခြေခံအမြင်တွေပဲဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။ ဒီတော့ ဒီကောက်နှုတ်ချက်အရ ပြောချင်တာက ခေတ်ပြိုင် ဟာ ခေတ်ပေါ်နဲ့သီးခြားဖြစ်တယ် သဘောသဘာဝ လက္ခဏာချင်း ခြားနားတယ် ဆိုတာကို တွေ့ရတယ်။ ဒါပေမယ့် ကိုယ့်အယူအဆပေါ့လေ၊ ခန္ဓာငါးပါးဖြစ်စဉ်ဟာ တစ်ပါးတည်း နှစ်ပါးတည်း သက်သက်ဖြစ်လို့မရပါဘူး။ ယုတ်စွအဆုံး ၁ ပါးပါး လျော့ပြီးတော့တောင် ဖြစ်လေ့မရှိပါဘူး။ အားလုံး ငါးပါးစလုံးဟာ တစ်ပြိုင်နက်အတူတကွဖြစ်ပြီး အတူတကွချုပ်ကြတာပါ။ ဘယ်ဟာက ဦးစီး/အားသာ/အဓိပတိတပ်နေသလဲ ဆိုတာပဲ ကွာပါတယ်။

ကဗျာကို ပြန်သွားကြမယ်ဆိုရင်လဲ နည်းနာနိဿရတွေအရ (ism အရလို့ပဲ ပြောပြော) ခေတ်ပေါ်/ခေတ်ပြိုင်လို့ခွဲသိအပ်ပေမယ့် ကဗျာတပုဒ်ထဲမှာ ခေတ်ပေါ်ပါမှာစိုးလို့ ခေတ်ပြိုင်ဖြစ်သွားမှာစိုးလို့ ဆိုပြီး ပါယ်/ရှောင်ပြီး ရေးကောင်းတယ်လို့မထင်ပါဘူး။ ခေတ်ပေါ်နည်းသုံးသုံး ခေတ်ပြိုင်နည်းသုံးသုံး ကဗျာဖြစ်ဖို့သာလိုရင်းပါ။ ဒီ စာရေးဖို့အတွက် လိုအပ်တာလေးတွေ ထည့်ပြောရအောင် ရှာရင်းဖွေရင်းနဲ့ စိတ်ဝင်စားစရာကောင်းတာလေး တစ်ခုတွေ့လို့ထည့်ပြောချင်ပါသေးတယ်။ (မနေ့တုန်းက အဲ့ဒါလေးကို ကိုယ့် Facebook မှာတောင် တင်လိုက်သေးတယ်)

“ကဗျာအကြောင်းပဲ ပြောမယ်ဆိုရင် တကယ်ရှိတာကို လျှော့ချလိုက်တာနဲ့တူတယ်။ဆိုလိုတာက တကယ်ရှိတာဟာ အရေးအသား Writing ပဲ။ အရေးအသားဟာ ကဗျာထက် ကျယ်ပြန့်တယ်”

ချားလ်စ်ဘန်းစတိုင်းန်
ဇေယျာလင်းရဲ့ ချားလ်စ်ဘန်းစတိုင်းန် အင်တာဗျူးအရေး/အသားများ စာ-၅၀

တကယ်တမ်းတော့ သူ့ရှေ့က စာသားတွေနဲ့ပါ ဆက်စပ်ပြောမှပိုပြည့်စုံမှာပေါ့လေ။ ဒါပေမယ့် သိပ်ရှည်သွားမှာစိုးလို့  ဒီလောက်နဲ့ဖြတ်လိုက်ပါတယ်။ တကယ်ရှိတာဟာ အရေးအသားပဲ ရှိတယ်၊ ဟုတ်ပြီ။ ကဗျာထက် ကျယ်ပြန့်တယ် ဆိုတာကျတော့ တကယ်စဉ်းစားစရာပဲ။ ဘန်းစ်တိုင်းန်ရဲ့အလိုအရ အနုပညာမှာ သူ့ကိုလွှမ်းမိုးတာ ကဗျာတစ်ခုထဲ မဟုတ်ဘူးဆိုတာပြောလိုရင်းပါ။ ဒါဆို ကိုယ်ကလဲ ပြောမယ်ပေါ့။ (ကဗျာမှာ/ကဗျာအလုပ်ကို လုပ်တဲ့အခါ) တကယ်ရှိတာက ကဗျာပဲ။ ကဗျာဟာ အရေးအသားထက် ကျယ်ပြန့်တယ် လို့ပြောရင်ကော။ ဘယ်လို သဘောရကြပါသလဲ။ ကိုယ့်ကို လွှမ်းမိုးတာကျတော့ ကဗျာက အခြားအနုပညာတွေထက် ပိုလွှမ်းမိုးတာကိုး။ ဆွေးနွေးဖို့ ငြင်းခုန်ဖို့ အလွန်ပဲကောင်းလှပါတယ်။ ထားပါတော့။ ဒီမှာက ဗမာကဗျာနဲ့ ခေတ်ပေါ်/ ခေတ်ပြိုင် ဆိုတာကိုပဲ ပြောမှာမို့ ချန်လှပ် ကျော်လွှားသွားရအောင်။

ခု တင်ပြလာတဲ့အထိကတော့ ဇေယျာလင်းရဲ့ ခေတ်ပြိုင်ကဗျာဗေဒဆိုင်ရာ ဆောင်းပါးတွေကို မှီးပြီးတော့ ခေတ်ပေါ်နဲ့ခေတ်ပြိုင်ရဲ့ နောက်ခံနဲ့သဘောသဘာဝတွေကို အကြမ်းဖျင်း ခွဲထုတ်နိုင်ခဲ့ပြီလို့ ထင်ပါတယ်။ ကဲ ဒီတော့ ဗမာကဗျာဆရာတစ်ယောက်အနေနဲ့ ကဗျာရေးတော့မယ်ဆိုရင် ခေတ်ပေါ်ကဗျာရေးမလား။ခေတ်ပြိုင်ကဗျာရေးမလား။ ခေတ်ပေါ်/ခေတ်ပြိုင် ရယ်လို့မခွဲပဲ ကိုယ်သန်သလိုရေးမလား။ ဒါ တကယ့်အလုပ်စခန်းပေါ်  ဆွဲတင်လိုက်တာပါ။ ကိုယ့်အယူအဆကတော့ တစ်ယောက်ချင်းစီရဲ့ လက်ခံထားတဲ့ ကဗျာ ဆိုတာအပေါ်သဘောထားတဲ့ လေ့လာမှု/လေ့ကျင့်ထားမှု အားပေါ်မူတည်မယ်လို့ ထင်ပါတယ်။

ထားပါတော့ ကိုယ့်ကိုယ်ကိုပဲ ဗဟိုပြုပြီးပြောပါမယ်။ ကိုယ်တို့က ခေတ်ပေါ်ကဗျာနယ်ပါယ်ထဲက လာပါတယ်။ ခေတ်ပေါ်ကဗျာမရေးတတ်ခင်က (ကိုယ်တို့ ကဗျာစရေးတော့ ခေတ်ပေါ်ကဗျာဆိုတာ ကဗျာလား တောင်မမြောက်သေးဘူး) သူ့ရှေ့က အစဉ်အလာကဗျာ (ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေကဗျာ စသည်များ) တွေနဲ့အရင် ယဉ်ပါးခဲ့ရတယ်။ လေးလုံးစပ်နဲ့ စ ခဲ့တာ။ အဲဒီကနေ ခေတ်ပေါ်ကဗျာနဲ့ထိတွေ့၊ အရသာတွေ့၊ ကိုယ်တိုင် စု/တု/ပြု (ဘယ်လေ့လာခြင်းမဆို ဒီ စု/တု/ပြု သြ၀ါဒဟာ အသုံးတည့်နေတုန်းလို့  ယူဆပါတယ်၊ ဤကား စကားချပ်) ပြီးမှ ခေတ်ပေါ်ကဗျာထဲ မြေစမ်းခရမ်းပျိုး အခြေအနေရောက်လာ။ ရုန်းရင်း ကန်ရင်း နှစ်အတော်ကြာကြာ ကဗျာသားကျအောင် အချိန်ယူခဲ့ရပါတယ်။ ခု ခေတ်ပြိုင်ကဗျာဆိုတာ တကယ် ပြောရရင် ဗမာကဗျာလောကမှာ သက်တမ်း နုပါသေးတယ်။ ဒါပေမယ့် ဟိုခေတ်ကနဲ့ယှဉ်ပြောရင်တော့ အရှိန်နှုန်း (Speed ) ကို ထည့်ပြောရမှာပေါ့။ ဒီဖက်မှာက အစစ Speed က မြန်တယ်လေ။ ဟိုတုန်းက ၁၀ နှစ်လောက်သွားခဲ့ရတာကို ခုခေတ် ၃-၄ နှစ်နဲ့လည်း ခရီးရောက်ချင်ရောက်မှာပေါ့။ ပြောလိုရင်းကတော့ ကိုယ်တို့တုန်းက အချိန်ရော အရှိန်ရော တော်တော်ယူခဲ့ရတယ်။ နောက် ခေတ်ပေါ်နဲ့တော်တော်အသားကျလာပြီး ၂၀၀၀ ၀န်းကျင်လောက်မှာ ဇေယျာလင်းရဲ့ ပို့စ်မော်ဒန်အယူအဆနဲ့ ကဗျာနဲ့ ချိတ်ဆက်ပြောဆိုတဲ့ အသံတွေ စထွက်လာတယ်။ အမှန်တော့ ကိုယ်တို့နဲ့ ၁၉၉၆ လောက်ကတည်းက ခေတ်ပေါ်ကဗျာအပေါ် သူ့ရဲ့ ငြီးငွေ့မှုနဲ့ ကဗျာအသစ်ဆီ သွားချင်ကြောင်း စကားဝိုင်းတွေမှာ သူပြောနေကျပါပဲ။ ပို့စ်မော်ဒန်ကဗျာ လို့တော့ သူ တိတိကျကျ မပြောသေးဘူး။ ဒါက သမိုင်းကြောင်း။ ဆိုကြပါစို့ သူ့ရဲ့ ကဗျာနဲ့ကဗျာဗေဒဆိုင်ရာ ဆောင်းပါးတွေကို စုထုတ်ထားတဲ့ ကဗျာဘ၀ရှာတော်ပုံဆိုရင် ၂၀၀၉ မှထွက်တယ်။ ပထမဆုံးအဖွင့် ဆောင်းပါး ‘ကဗျာအကြောင်းတွေးချင်ရင်..’ ရဲ့ အောက်ခြေနေ့စွဲအရ ၂၀၀၆ မှာရေးတာလို့သိရပါတယ်။

ပြီးတော့ ၂၀၀၇ နဲ့ ၂၀၀၈ အတွင်းက ဆောင်းပါးအများစုပါဝင်ပြီး ၂၀၀၉ မှာ နှစ်ကာလများကနေ ထုတ်ဝေခဲ့ပါတယ်။ ဒီတော့ ဒီဖက်ခေတ်ပြိုင်ကဗျာဟာ မဟုတ်ကာမှလွဲရော့ ၂၀၀၉ ထက် သိပ်ပြီး မစောဘူးလို့ ခြေရာကောက်ရမှာပါပဲ။

ထင်းရူးပင်ရိပ်တုန်းက ဖြစ်ခဲ့သလိုပဲ၊ ထင်းရှူးပင်ရိပ်မထွက်ခဲ့ရင်လည်း ခေတ်ပေါ်ဗမာကဗျာ ဆိုတာ သူ့ဟာသူ ပေါ်လာမှာပဲလို့ ပြောခဲ့ကြပါတယ်။ ထင်းရှူးပင်ရိပ်ရဲ့ကျေးဇူးကို  မေ့ဖျောက် ဖယ်ချန်ထားသူတွေက ဒီအသံကိုပြုတယ်လို့ ကိုယ်တော့ စွပ်စွဲချင်ပါတယ်။ ခုလဲ ဇေယျာလင်းရဲ့ အဲဒီ ကဗျာဘ၀ရှာတော်ပုံအပါအ၀င် အခြားသူ့ပင်ကိုယ်ရေး ကဗျာတွေနဲ့ ကဗျာဗေဒဆိုင်ရာ စာအုပ်တွေ မပါပဲ ခေတ်ပြိုင်ကဗျာကို ကျနော်တို့ကျမတို့ ကိုယ့်ဟာကိုယ် ရှာဖွေတွေ့ရှိတာပါလို့ ဆိုလာရင်လဲ Welcome ပါ။ ကိုယ် လက်ဆွဲနှုတ်ဆက်ပါမယ်။

ကိုယ်သိတာတော့ သူ့ရဲ့ဒီစာအုပ်တွေ မထွက်ခင် မဂ္ဂဇင်းအချို့မှာ စ ရေးတဲ့ ၂၀၀၅ ထက် ခေတ်ပြိုင်ဗမာကဗျာဟာ ဘယ်လိုမှမစောဘူး။ တကယ်တမ်း အားကောင်းမောင်းသန်ကလဲ ၂၀၀၉/၂၀၁၀ ထက်မစောဘူး။ ခေတ်ပေါ်ကဗျာကတော့ အနည်းဆုံး ၁၉၇၅-၆ မှာပဲထား အရှိန်အဟုတ်ကျဆင်းသွားတဲ့ ၂၀၀၅ အထိ အနှစ် ၃၀ လောက် အခိုင်အမာအခြေတကျဖြစ်ခဲ့ပြီးပါပြီ။ ဒါကို ပြောနေရတာက ခေတ်ပေါ် ဟာ ဒီကနေ့ကဗျာရေး နေသူတွေရဲ့ အသွေးအသားထဲမှာ ဖြစ်ဖြစ်၊ ဒီကနေ့ ကဗျာလောကရဲ့ နယ်ပါယ်ထဲမှာဖြစ်ဖြစ် အမြစ်တွယ် နေရာယူမှု အားကြီးခဲ့/ အားကြီးဆဲဖြစ်တယ်ဆိုတာကို Scope လုပ်ပြချင်တာပါ။ ဒီတော့ ခေတ်ပေါ်ကဗျာရဲ့ အငွေ့အသက်တွေ နည်းနာအကြွင်းအကျန်တွေဟာ ကိုယ့်ကဗျာတွေမှာ ဆက်လက်ပြီး ညိကပ်ပါလာနေတာ မဆန်းဘူးဆိုတဲ့ ကောက်ချက်ဆီကိုလည်း ဆွဲယူချင်လို့ပါ။ ကိုယ် ကဗျာမရေးနိုင်ပဲ လုံးလုံးကြီးရပ်တံ့သွားတဲ့ နှစ်တွေ ၂၀၀၂ လောက်ကနေ ၂၀၀၉ အထိ ၇ နှစ်တာကာလမှာ ကိုယ်ဟာ ခေတ်ပြိုင်ကဗျာလို့ ဒီဖက်ပိုင်းမှာ ခေါ်ဝေါ်လာမယ့် ပို့စ်မော်ဒန်သဘောတရားနဲ့ နည်းနာတွေ လွှမ်းမိုးအားကောင်းတဲ့ ကဗျာမျိုးတွေ ရေးနိုင်ဖို့ အတော် အရှိန်ပြန်ယူခဲ့ရပါတယ်။ တိုတိုပြောရရင် ၂၀၀၉ မှာ စ ပြီး စမ်းရေးပြီဆိုပါတော့။

ပထမပိုင်းရေးဖြစ်တဲ့ ကဗျာအပုဒ် ၅၀ လောက်ကို လုံးဝချောင်ထိုးလိုက်ပြီးမှ ၂၀၁၀ ထဲမှ ရေးဖြစ်တဲ့ကဗျာ အများစုပါဝင်တဲ့ “ကင်းရှင်းတဲ့စိတ်ရဲ့နှုတ်တိုက်ချပေးမှုစာကြောင်းရေ ၅၄” စာအုပ်ပါ ကဗျာတွေ ရေးဖြစ်ခဲ့ခြင်းဟာ ကိုယ့်ရဲ့ ခေတ်ပြိုင်ကဗျာနယ်ပါယ်ထဲ လုံးဝနစ်မြုပ်ကျင်လည်ကျက်စားခဲ့ခြင်းရဲ့ ခြေရာတွေပဲဖြစ်ပါတယ်။ ဒီလိုနဲ့ “၂၀၁၁ မှာ ကင်းရှင်းတဲ့စိတ်..” ကို ထုတ်ဝေဖြစ်ခဲ့ပါတယ်။ အတော်လည်း ဝေဖန်ခံရပြီး ကိုယ်နဲ့ရင်းတဲ့ လူကြီး/လူငယ် အားလုံးလိုလိုရဲ့ မကြိုက်ဖူး၊ မကောင်းဖူး ဆိုတဲ့ ပြတ်သားတဲ့ တုံ့ပြန်မှုကို အတိအကျကြီး လက်ခံရရှိခဲ့ပါတယ်။ ကိုယ် မဖြုံပါဘူး။ ခုထိလဲ ဒီစာအုပ်ထဲက ကဗျာတွေကို ကိုယ့်ရဲ့ Experimental ကဗျာတွေအဖြစ် ကိုယ့်ဟာကိုယ် ကြိုက်ဆဲ လက်ခံထားဆဲပါပဲ။ အဲဒီနောက် ၂၀၁၂နဲ့ ၂၀၁၃ တွေမှာ ရေခြားမြေခြားခရီးစဉ်တွေနဲ့ ကဗျာအပေါ်အမြင်တွေ ရင့်ကျက် ပြောင်းလည်းလာတာက တစ်ကြောင်း၊ ကဗျာကို နေ့စဉ်ကျန်းမာရေးလေ့ကျင့်ခန်း လုပ်သလို ရေးဖြစ်အောင်ရေးကျင့်လုပ်တာက တစ်ကြောင်း၊ ကိုယ်ဟာ ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပြိုင်ကဗျာကြားက တစ်စုံတစ်ခုကို လှမ်းပြီး ထိစမ်းမိသလို ဖြစ်လာခဲ့ပါတယ်။ ဒီကြားထဲမှာ ခေတ်ပေါ်နဲ့ခေတ်ပြိုင် ဆိုတဲ့ ကဗျာအမျိုးအစား ၂ ခု အကြောင်းကိုပိုပြီး ကျေညက်အောင် ဖတ်၊ မှတ်၊ လေ့လာခဲ့ရာက ဒီစာရဲ့အပေါ်ပိုင်းမှာ ဖော်ပြခဲ့တဲ့ မှတ်စုကလေးရလာခဲ့ပါတယ်။ ကိုယ့် Facebook မှာ ကိုယ်ဒီလိုရေးခဲ့တယ်။

“ကိုယ့်ရဲ့ ဒီကနေ့ ကဗျာအပေါ်မှာ သဘောထားကတော့ ခေတ်ပေါ်နဲ့ ခေတ်ပြိုင်ကို ညားသွားအောင် လှော်ဖို့ပဲ….”

အဲဒီအခါထွက်လာတဲ့ကဗျာတွေဟာ ခေတ်ပေါ်ကဗျာ မဟုတ်တော့ပဲ ခေတ်ပြိုင်နယ်ပါယ်ထဲဝင်တဲ့ ကဗျာအမျိုးအစားသစ်တွေ ထွက်လာမယ်၊ ပြီးမှ ကာလတစ်ခုကို အလုံအလောက်ဖြတ်သန်းပြီးမှ သက်ဆိုင်ရာ ခရစ်တစ်ခ် တွေကဖြစ်စေ၊ အကဲဒမစ်သမားတွေကဖြစ်စေ ဘာကဗျာအမျိုးအစားလို့ သတ်မှတ်ကြပါလိမ့်မယ်။ ဒီနောက်ပိုင်းမှာ ခေတ်ပေါ်ကဗျာဖက်ကနေပြီး ခေတ်ပြိုင်ကဗျာနယ်ပယ်ထဲ ကျက်စားပြီးမှ ကိုယ့်ဟာကိုယ် ပြန်တည်ဆောက်ယူခဲ့တဲ့ ကဗျာတွေ အတော်ရေးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက်တော့ (ကဗျာရေးတဲ့အခါ) ခေတ်ပေါ်နဲ့ခေတ်ပြိုင်ဆိုပြီး ခွဲနေစရာမလိုဘူးလို့လဲ ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ခံစားမှုပါပြီးရေးတာ Lyric ကိုတို့ထိရေးတာကို ခုထိကြိုက်နေပြီး၊ တစ်ခါခါကျတော့ ခံစားချက်မပါ ဗလာနဲ့ရေးတာ Lyric ထဲဝင် မသွားအောင်ရှောင်ရေးတာကိုလည်း အရသာတွေ့လို့ပါပဲ။ တစ်ဖက်ကလည်း ခေတ်ပေါ်ကို လုံးဝ မထိဖူး၊ မတို့ဖူးသေးသူ၊ သို့မဟုတ် ခေတ်ပေါ်ကို ကြားဖူးနားဝ လောက်ပဲရှိသူတွေထဲက ခေတ်ပြိုင်ကဗျာဖက်မှာ ထဲထဲဝင်ဝင် ပေါက်ပေါက်မြောက်မြောက်ဖန်တီးရေးသားနိုင်ပါတယ် ဆိုသူများ ရှိခဲ့ရင်လည်း ခေတ်ပေါ်ကဗျာကို ထိတို့ခြင်းဖြင့် ကဗျာရေးခြင်းအရှိန်အဟုန်မပျက်နိုင် ကဗျာရေးသားခြင်းအလုပ်ကိုမထိခိုက်နိုင်ပဲ ပိုလို့တောင် အကျိုးရှိနိုင်အုန်းမယ်လို့ယုံကြည်ပါကြောင်းပြောကြားရင်းနဲ့ ဒီမှာ တဖြတ်ရပ်နားပါရစေ။

ခင်အောင်အေး

၂၁ ဒီဇင်ဘာ ၂၀၁၃   ချော်ချူးဂန် စင်္ကာပူ  ၁၇း၃၀ နာရီ

Advertisements
This entry was posted in Uncategorized. Bookmark the permalink.

One Response to ဒီနေ့ဗမာကဗျာအကြောင်း နည်းနည်းနဲ့ပါးပါး

  1. သ​ဘောတူပါတယ်​ …

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s