လိပ်ပြာတွေ
၁
မင်းနှုတ်သွားတဲ့
င့ါလိပ်ပြာ
အပွားမြန်လိုက်တာ၊
အခု ကမ္ဘာအနှံ့
လူတွေ တွေ့နေမြင်နေကြရပေါ့။
၂
သွေးကြောတွေအလိုက် ပါးပါးလေးခတ်တယ်
တိမ်တွေကြား ရောက်သွားတာလား
တောင်တွေကိုပဲ ငုံ့ကြည့်ရတော့မလား
ကိုယ့်တောင်ပံက ကိုယ့်ခရီးဆိုတော့။
၃
အနီရင့်ရင့် ပိတ်သားပေါ်
ရက်စက်ခြင်း ပင်အပ်များတပ်ဆင်လျက်
လှပနူးညံ့ အတောင်ပံများ။
၎
ကိုယ့်ကိုယ်နဲ့ကိုယ် ကန်းနေတဲ့ မှန်နဲ့
အလင်းလို့ရွတ်ကြည့် ကြည့်
ခန္ဓာနဲ့ မတန်တော့သလို
ခါးနေရတဲ့ တောအုပ်တွေ။
၅
ပဟေဠိသဖွယ်
သဏ္ဍာန်ညီ ပြတင်း ၂ပေါက်
အုတ်အင်္ဂတေရောင်ရဲ့အက်ကွဲမှုပါးပါး
လိပ်ပြာတစ်ကောင်ရဲ့အရိပ်။
၆
လက်ကလေးတခါခါနဲ့
အိပ်မက်တွင်းထဲ ခုန်ဆင်းသွားခဲ့
မနက်လင်းတော့ ပိုးတုံးလုံးလေး
အိမ်ရှေ့မှာ လှုပ်လီလှုပ်လဲ့။
၇
လိပ်ပြာတွေထဲမှာ
လိပ်ပြာတွေ ရှိနေတယ်
လိပ်ပြာအတောင်ပံတွေရဲ့ ဒီဇိုင်းက
လိပ်ပြာပုံတွေချည့်
လိပ်ပြာဟာ အတောင်ပံတွေကို တဖျတ်ဖျတ်ခတ်တယ်
လိပ်ပြာဟာ လိပ်ပြာပဲ
လိပ်ပြာ အတောင်ပံတွေရဲ့
လိပ်ပြာ သဏ္ဍာန်ပုံဟန်နဲ့
လိပ်ပြာတွေထဲမှာ
လိပ်ပြာတွေချည့်။
၈
အတောင်တွေကိုစု သူပြန်လာချိန်
သူ့ကမ္ဘာဟာ သူ့အရိပ်တွေနဲ့
လျှံကျနေလိမ့်မယ်
အဲလို သူတွေးကြည့်ဖူးပါ့မလား
သူ့နိမိတ်က သူ့ရနံ့လို့။
၉
မင်းအိပ်ပါ။
ငါ ဒီလိုပဲ အတောင်ပံတွေကို
တဖျတ်ဖျတ်ခတ်နေမယ်။
လေထဲမှာ တို့လို့တန်းလန်းနဲ့ ။ ။
၁၀
ဖွဖွလေး ပွတ်သပ်ကြည့်တယ်
နာကျင်တယ်လို့ ခံစားရရင် လူကိုမုန်းပါ
သက်တမ်းက မျက်ခုံးလှုပ်နေရတဲ့အခါ
ကိုယ့်ရင်ခုန်သံကို ဖုံးဖိထားရပေါ့
အဲဒါ လိပ်ပြာ ငါ။
၁၁
တဖျတ်ဖျတ် နူးညံ့တောင်ပံများ
တလှပ်လှပ် ခံစားနှလုံးသားများ
ပန်းနဲ့လိပ်ပြာ
ရင်ထဲမှာ မိုးတွေလိုလို ရွာလို့။
၁၂
မဟုတ်ဘူး
အဲဒါ နှင်းတွေ စိုနေတာ
တံခါးချပ်ကို ဆွဲဖွင့်ကြည့်
အအေးခိုနေတဲ့ လိပ်ပြာငယ်ရယ်ပါ။
၁၃
အချစ်အတွက်
အသက်ကို နှင်းလိုက်တယ်၊
နှင်းလိုက်တဲ့ အသက်ကို
သူတို့နှုတ်ယူသွားကြချေပေါ့။
၁၄
အိပ်မက်ထဲမှာ သူ
သိပ်လှတာပဲ အဖြူရောင်
အတောင်ပံတွေ ဖြန့်လို့ ကိုယ့်ကိုလက်ယပ်ခေါ်နေတယ်
ပြီးတော့ သူ… ပျောက်ကွယ်သွားခဲ့ ခုထိ။
၁၅
ကိုယ့်လိပ်ပြာ
ပန်းတစ်ပွင့်ရဲ့အနားမှာပဲ
ဝဲကာ ၀ဲကာ ၀ဲကာ ၀ဲကာ
နောက်ဆုံးထွက်သက်အထိ။
၁၆
လိပ်ပြာဟာ သန့်ချင်နေတယ် လိပ်ပြာ
လိပ်ပြာဟာ မီးနီမိတယ် လမ်းဖြတ်ကူးတိုင်း
လိပ်ပြာဟာ လက်တို့နေရတယ် လိပ်ပြာဖြစ်ကြောင်း
လိပ်ပြာဟာ နေ့တိုင်းပြုံးပြတယ် လိပ်ပြာလို။
၁၇
ပန်းဝတ်ရည်ကိုစုပ်ယူလိုက်တဲ့အခါ
အတောင်ပံတွေဟာ ရောင်စုံလှပသွားရဲ့။
ဂုဏ်တက်ရင်းက သူတို့ခြေထောက်တွေကတစ်ဆင့်
ဝတ်မှုန်ကူးခြင်းဖြစ်စဉ်ဟာရင့်ကျက်ခဲ့၊
ဘွားကနဲ — နောက်ထပ်ပန်းခင်းအသစ်စက်စက်ကြီး။
၁၈
ဘာကိုရွေးပြီး အရောင်တွေပြောင်းပစ်လိုက်ရမလဲ
လေထုဟာ ကာလာစုံ ဆုံနေခဲ့
အလုံပိတ် ကောင်းကင်ကြီးကို ယုံလိုက်တယ်
အပြာရောင် လိပ်ပြာလေး
အတွေးထဲမှာ ၀ဲလည် ၀ဲလည် ပျံလို့။
ခင်အောင်အေး၊ ရွှေမိုးမြူ
၂၀၁၄ ဇန္န၀ါရီ ဘန်ကောက်၊ ရန်ကုန်