သီဝေ့လာတဲ့ မျက်ရည်စ တွေက ဘာကိုရည်ညွှန်းသလဲမသိ။ ခပ်နွေးနွေး လက်ကျန်ကော်ဖီ
ခွက်ကို အရှက်ပြေမော့လိုက်ရင်းက စာကလေးတွေ တကျိကျိမြည်နေတဲ့ ကြက်တောင်ရုံဖက်
တချက်လှမ်းကြည့်ဖြစ်တယ်။ အလင်းရောင်တွေက တစိမ့်စိမ့်ဝင်လာနေဆဲ။ ၀ရံတာရဲ့အပြင်
ဖက်ကို ကိုယ်တခြမ်းထွက်ပြီး မော့်ကြည့်မှ မြင်ရတဲ့ ကောင်းကင်မှာ မိုးသားမှုန်မှုန်တွေနဲ့ပြည့်
လို့၊ တိမ်တခုနဲ့တခု ထိစပ်တဲ့နေရာမှာ အက်ကြောင်းလိုဖြစ်ပြီး ပိုလင်းနေ ပိုဖြူနေတာလေး
က ဒြဗ်မဲ့ ပန်းချီတချပ်နှယ်။ ‘လူ့ဘ၀ဆိုတာ’ လို့ ချီပြီးပြောဖို့ရာ လေးလံလွန်းလှတယ်လေ။
ဝရံတာ sun shade ပေါ်မှာ ငှက်ကလေး တစ်ကောင်လား၊ နှစ်ကောင်လား လမ်းသလားနေ
တဲ့အသံဟာ နားထဲမှာ ကျယ်လောင်လွန်းတယ်။ စိတ်အနှောက်အယှက်ဖြစ်သွားမိသလား..။
ကိုယ့်စိတ်တွေဟာ ခုနက ကောင်းကင်လိုပဲ စောစောစီးစီး မှုန်မှိုင်းနေတယ်။ ‘ကြည်လင်မှုကို
ငါ ငတ်မွတ်တယ်’ ပန်းကလေးတစ်ပွင့်ဆီက အသံလား။
မနေ့က ဖတ်တဲ့ စာအုပ်တစ်အုပ်ထဲမှာ (ဓမ္မစာအုပ်ပါ) ‘လူတွေဟာ အတိတ်နဲ့အနာဂတ်ကြား
မှာ တရံမလပ် ကူးခတ်သွားလာရင်း ဗျာများနေကြတယ်။ တကယ်အရေးပါတဲ့ ပစ္စုပ္ပန်ကိုတော့
တန်ဖိုးရှိအောင်မလုပ်ဘူး’ လို့ ဖတ်ရတယ်။ အခု ပစ္စုပ္ပန်တည့်တည့်မှာ မင်းဘာလုပ်နေတာလဲ
ဆိုတော့ ကိုယ်ဟာ သေနတ်တစ်လက်နဲ့နားထင်ကို အတေ့ခံလိုက်ရသူလို ထိန်လန့်တုန်လှုပ်
သွားတော့တယ်။ ညာဖက်တစ်ခြမ်းကို မိုးမှုန်အငွေ့အသက်ပါတဲ့ လေအေးလေး တစ်ချက်ဝေ့
တာ ခံလိုက်ရတော့ စိတ်အာရုံထဲ ဟာလာဟင်းလင်းဖြစ်နေလို့သာ ငါ ဒါကို သိလိုက်တာ လို့
ကိုယ့်ဟာကိုယ် သေချာနေမိတယ်။ စက္ကူရဟတ်ကလေးတွေ အများကြီး မိုးပေါ်က ကျလာနေ
တဲ့မြင်ကွင်းကို ဘာလို့သတိရမိသွားပါလိမ့်။1 တစ်နေရာရာမှာ အဲ့ဒီပန်းကလေးဟာ အိပ်ယာက
မနိုးသေးဘူး။2 ဒီဝါကျနှစ်ကြောင်းဟာ ဘယ်ကဖောက်ဝင်လာတာလဲ။ ပထမ ၀ါကျမှာ မိုးဆိုတာ
ပါတော့ ကိုယ် ရေးပြီးသားစာပိုဒ်ထဲက တခုခုနဲ့သက်ဆိုင်နေတယ်။ ဒုတိယ၀ါကျကလဲ ကိုယ့်
ပထမစာပိုဒ်ရဲ့ နောက်ဆုံးလိုင်းက ပန်းကလေးနဲ့သွားချိတ်နေတယ်။ ဒါဆို ကိုယ့်ပယောဂလည်း
မကင်းဘူးပေါ့။ ဒီဝါကျ နှစ်ကြောင်းက ကိုယ်ရေးနေတဲ့ စာကိုယ်နဲ့ မကင်းဘူးပေါ့။ ဒါကို ကိုယ်
ဘာလို့မသိလိုက်တာပါလိမ့်။ အလင်းရောင်တွေ ပိုလို့ပိုလို့ စိမ့်ဝင်လာတဲ့အခါ ပတ်ဝန်းကျင်ရဲ့
အသံပလံတွေဟာလဲ အသံထိန်းခလုတ်ကို ဖြည်းဖြည်းခြင်းမြှင့်တင်လိုက်သလို တစစနဲ့တိုးတိုး
ပြီး ကျယ်လောင် လာနေတော့တယ်။
အောက်ထပ် အခန်းတစ်ခုခုက ချောင်းဟန့်သံကလေး၊ တစ်ဖက်က ကြက်တောင်ရုံနံရံကို ရိုက်
ပြီး ကိုယ့်ဆီလွင့်ရောက်လာတယ်။ လှေကားအဆင်းအတက်တွေမှာ ကြုံတောင့်ကြုံခဲဆုံတဲ့အခါ
ရှိုးတိုးရှန်းတန်း ဖြစ်ဖြစ်သွားတတ်တဲ့ ထိုင်းမလေးလား။ ‘ဆ၀ါဒီခရပ်ဗ်’ လို့ ကိုယ့် စိတ်ထဲကပဲ
ပြောမိလေ့ရှိတဲ့ အဲ့ဒီ ကောင်မလေးကို ကိုယ် သေသေချာချာ စေ့စေ့စပ်စပ် တစ်ခါမှ မကြည့်ဖူး
ပါဘူး။ ခုလဲ ပြောမယ့်သာ ပြောရတာ သူ့ရုပ်သွင်ကို ၀ိုးတ၀ါးပဲ မြင်ယောင်လို့ရတယ်။ တကယ်
မှတ်မိနေတာက သူ့ဟန်ပန်ကလေးကိုပါ။ ချောင်းဟန့်သံ ရပ်သွားခဲ့တာကြာလှပြီ၊ ကိုယ့်အတွေး
တွေက ခုထိ တုန်ခါနေတုန်းပဲ။ ချောင်းဟန့်သံကလေးကပဲ သံနန်းကြိုးမှာ တွဲလောင်းချိတ်လှမ်း
ထားတဲ့ ကိုယ့်မျက်နှာသုတ်ပုဝါမှာ ငြိကပ်နေသေးသလိုလို။ ‘အော် ချောင်းဟန့်သံကလေး တခု
ကလည်း စိတ်ကို တယ်ပြီး ဥပါဒ်နိုင်ပါကလားနော်..’ လို့ ကိုယ့်ကိုယ်ကို မကျေမချမ်းနဲ့ ရေရွတ်
လိုက်မိတယ်။ နေမြင့်လာတာနဲ့အမျှ ထပ်တိုးလာတဲ့ အသံပလံတွေထဲမှာတော့ ဒယ်အိုးတစ်လုံး
နဲ့ သတ္တုယောက်မ တို့ တဒေါင်ဒေါင် တဒင်ဒင် ထိခတ်တဲ့အသံနဲ့ တရှဲရှဲမြည်နေတဲ့ ကြော်သံ
လှော်သံတွေက အစွာဆုံးပဲ။ မကြာခင်မှာ စူးရှမွှန်ထူတဲ့ ဟင်းရနံ့တွေ ရလာတော့မယ်ဆိုတာ
အရင့်အရင်နေ့တွေရဲ့ အတွေ့အကြုံအရ သိနေတယ်။ တကယ်တော့ ကိုယ်ဟာ ဒီဝရံတာလေး
ကိုပဲ ကုတ်ကပ်တွယ်ဖက်ထားရသူပါ။ နံရံလေးဖက်ရဲ့ တချိန်လုံးပိတ်လှောင်ချိန်းခြောက်မှုကနေ
ထွက်ပြေးလွတ်မြောက်မှုဟာ ဒီဝရံတာလေးမှာပဲ ရှိရဲ့။ ကိုယ်ဟာ ၀ရံတာလေး တစ်ခုကို အငှား
ပိုင်ဆိုင်နေသေးတာအတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်မိတယ်။ သူဟာ ဘာကိုမှ မေ့မေ့
လျော့လျော့နဲ့ အလွယ်တကူ ဖန်ဆင်းတတ်သူမဟုတ်ဘူးလို့ ကိုယ်ယုံကြည်နေမိတယ်။
စာရိုက်နေရာက ကွန်ပြူတာထောင့်က နာရီကို ကြည့်မိတော့ နေ့စွဲကိုပါတွေ့ရတယ်။ အော် ဒီနေ့
ကြာဿပတေးနေ့ကိုး။ အနန္တကို မလိုချင်ဘူး ကြာဿပတေးပဲ လိုချင်တယ်လို့ ၀စ္စလာဝါ ဆင်မ်
ဘော်စကာ ကပြောတယ်။ ဒါပေမယ့် စစ်ပွဲက ကြာဿပတေးနေ့ကပဲ စတင်ဖြစ်ပွားခဲ့တာ။ အမုန်း
တရားသည် ကြာဿပတေးနေ့၏ တံတောင်ဆစ်မှနေ၍ တစ်ပေါက်ပေါက် စီးကျနေ၏။ ၀မ်းနည်း
ခြင်း ကြာဿပတေးနေ့။ ကြာပန်းတွေလှူပြီး ထူထူထဲထဲ တောင်းဆုချွေမိတဲ့ ကြာဿပတေးနေ့။
ချွေးမတိတ်ခင် ထပ်ပြီး အပြေးသန်ရတဲ့ ကြာဿပတေးနေ့။ ကြာဿပတေးနေ့ဟာ ကြာဿပတေး
နေ့ကို လက်ပြန်ကြိုးတုပ်ခံထားရတာ တွေ့လိုက်ရတဲ့ ကြာဿပတေးနေ့မှာ.. ။ ၁၉၅၆၊ ၁၉၆၂၊
၁၉၆၈၊ ၁၉၇၃၊ ၁၉၇၉ ရဲ့ ကြာဿပတေးနေ့တွေဟာ မိုးတွေ ဖြိုင်ဖြိုင်ရွာလို့။ River Tyne မြစ်ကမ်း
နံဘေးနားက ဖြတ်လျှောက်သွားတဲ့ ကြာဿပတေးနေ့။ ဆတ်ဆတ်ခါ သွားလောက်အောင် အဲဒီ
ကြာဿပတေးနေ့မှာမှ ရယူပွေ့ပိုက်လိုက်ရတဲ့ ဘ၀ရဲ့ ၇၇၃ ခုမြောက် သင်္ခန်းစာ။ ‘ညညများ.. သူ
ဝတ္ထုဖတ်နေရင် ပျင်းလွန်းလို့ သားသားနဲ့ဆော့နေရတယ် မောင့်’ လို့ ကြာဿပတေးနေ့တခုက
မြည်နေတယ်။ ပြီးတော့  ကြာဿပတေးနေ့တွေဟာ ရေကန်တွေဖြစ်ပြီး သူ့ အမှတ်ရမှုတွေ က
ပေါလောပေါ်နေတဲ့ လူသေကောင်တွေဖြစ်တယ်။ ကြာဿပတေးနေ့မှာပဲ ကိုယ်ဟာ ဒီစာသားတွေ
ကို ဆက်တိုက်ရိုက်နှိပ်နေမိခဲ့တယ်။
ကိုယ်ဟာ သတိလစ် မေ့လျော့နေသူ ဒါမှမဟုတ် မကောင်းဆိုးဝါးတခုခု ပူးကပ်ခံနေရသူလို မလှုပ်
မယှက်နဲ့ တကိုယ်လုံးတုန်ရင်နေတယ်။ ကိုယ်ခန္ဓာတစ်ခုလုံး ကျောက်ပတ်တီး အကိုင်ခံထားရတဲ့
အတိုင်း လှုပ်လို့မရတာ သိနေသလို၊ အတွင်းမှာ တ၀ုန်းဝုန်း ခါယမ်းလှုပ်တုန် နေတာကိုလည်း
ခံစားသိ သိနေရတယ်။ ပါးစပ်က အသံတခုခု ထွက်ဖို့ ကြိုးစားသေးပေမယ့် (ပါးစပ်က ပွင့်ဟလာ
ပေမယ့်) အ, အ ဆိုတဲ့ အသံကလေးတောင် ထွက်မလာဘူး။ ကိုယ်ဟာ ချွေးစေးတွေ ပျံလာတဲ့
အထိ ကြောက်လန့်တုန်လှုပ်နေမိပြီ။ ကိုယ်နေ့တိုင်း ရေလောင်းပေးနေတဲ့ ဒဇောင်းလက်ပတ်ပင်
ကို အကူအညီရလိမ့်နိုးနဲ့ အားကိုးတကြီးကြည့်မိတယ်။ အ၀တ်အစားလျှိုသွင်းမထားတဲ့ အင်္ကျီချိတ်
တွေဟာ ခုတော့ ကိုယ့်ကို ရန်မူမယ့် ရန်သူရဲ့ ဓါးလှံလက်နက်တွေပါလားလို့ ကိုယ်သိလာရပြီ။
ကိုယ်ဟာ ညာဖက် ဒူးခေါင်းပေါ်က ခပ်ပါးပါးသဲ့သဲ့ပဲ ကျန်တော့တဲ့ အမာရွတ်ကို ကြည့်မိပြန်တယ်။
ဇက်ခိုင်နေသလိုလိုဖြစ်ပြီး ခေါင်းကိုလည်း လိုသလို အားပါးတရရွှေ့လှုပ်လို့မရဘူး။ ကိုယ် ဘုရား
စာ တစ်ခုခု ရွတ်ကြည့်ဖို့ကြိုးစားတယ်။ ဒါဟာ ယုတ္တိရှိသလား သဘာဝကျသလား စဉ်းစားနေဖို့
ကိုယ့်မှာ အခွင့်အရေး မရှိဘူးမဟုတ်လား။ ဘုရား ဘုရား..။ ကိုယ် ဘာ ဘုရားစာမှ မရတော့ဘူး။
အစ ကလေး တစ်စ လောက်တောင်မှ စဉ်းစားလို့ မပေါ်တော့ဘူး။ မနေ့တစ်နေ့ကပဲ ကိုယ်ဟာ
ဘုရားရှေ့မှာ ဒူးထောက်ရင်း ဘုရားဂုဏ်တော်တွေ ရွတ်ဆို၊ ဆုတောင်းပတ္တနာတွေ ပို့သ နေခဲ့
သေးတာပဲလေ။
လူက မိုက်ကနဲ ဖြစ်ပြီး ခြောက်အိပ်မက်က လန့်နိုးလာခဲ့တယ်။ ကိုယ့်ခြေတွေ လက်တွေကို လှုပ်
ကြည့်တယ်။ အကောင်းပကတိပဲ။ အင်္ကျီချိတ်တွေကို မယုံမရဲလှမ်းကြည့်တယ်။ လေအနှဲ့မှာ နွဲ့နွဲ့
ကလေး ရမ်းနေကြတာက လွဲလို့ ဘာမှ ထိတ်လန့်စရာလက္ခဏာ မတွေ့ရဘူး။ ဒါနဲ့ ‘အား..’ လို့
အော်ကြည့်တယ်။ ကမန်းကတမ်း ပါးစပ်ကို ပြန်ပိတ်လိုက်ရတယ်။ အသံက တော်တော်လေး ကျယ်
သွားတာကိုး။ ကြက်တောင်ရုံနံရံဖက်က နေရောင်အလင်းပြန်လို့ ပုဆိုးတစ်ထည်နဲ့ ကာထားလိုက်
ရတယ်။ နဂိုရ်ကမှ မနည်းမော့်ကြည့်ရတဲ့ ကောင်းကင်နဲ့ ကိုယ်နဲ့ အကန့်ခြားသွားရပြန်တာပေါ့။
ဒါကို ကိုယ်စိတ်မကောင်း ဖြစ်မိသလား။ ဘာမှမဖြစ်သလို ခံစားမှုမဲ့နေလား ကိုယ် သေသေချာချာ
မသိဘူး။ ကိုယ်ဟာ ထုံထိုင်းလေးလံနေတဲ့ စိတ်ကို ခေါင်းထဲမှာထည့်ထားပြီး နေရတာ တော်တော်
ကသိကအောင့်ဖြစ်မိတယ်။ ဒါပေမယ့် သူ့ကို ခေါင်းထဲ မထားတော့ ဘယ်သွားထားရမတုန်းနော့။
ကိုယ်ဟာ ကိုယ်ရိုက်ထားတဲ့ စာတွေကို အစအဆုံး ပြန်ဖတ်ကြည့်တယ်။ သီဝေ့လာတဲ့ မျက်ရည်စ
တွေဟာ စက္ကူရဟတ်လေးတွေဖြစ်သွားပြီး ၀ရံတာကနေ အောက်ကို တဖွဲဖွဲကျဆင်းနေကြလေရဲ့။
တစ်နေရာရာမှာ အဲ့ဒီပန်းကလေးဟာ အိပ်မှုန်စုံမွှားနဲ့ လူးလွန့်နိုးထလာနေခဲ့ပြီပဲ။
ခင်အောင်အေး
၁၈၊ ဇူလိုင်၊ ၂၀၁၃ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၈း၀၁ နာရီ