ဒီမှာတော့ အရိပ်တွေက ချစ်စရာပဲ
ရှားတောင့်ရှားပါး နေရောင်အောက်မှာ မြက်ခင်းစိမ်းစိမ်းပေါ်
သစ်ရွက်တွေရဲ့အရိပ်တွေ ပြိုးပြောက်ကျနေပုံဟာ ကဗျာဖွဲ့ဖို့တောင် လက်မှိုင်ချရတယ်
ကဗျာမရေးဖြစ်တာအတွက် ဆင်ခြေတစ်ခု မဟုတ်တဲ့ ဒီမှတ်ချက်အတွက်
သက်တောင့်သက်သာ ရှိစေချင်ပါတယ်
မြက်ခင်းအစပ်က ကွန်ကရစ် လူသွားလမ်းကလေးရဲ့ ဖြောင့်စင်းပုံနဲ့
ဘာခံစားချက်မှ ရှိမနေတဲ့ ကင်းရှင်းခြင်းဟာ
ငါ့ ကိုလှောင်နေသလိုပဲ
5901 ဆိုတဲ့ နံပါတ်ရေးထိုးထားတဲ့ ပင်စည်ရဲ့ သစ်ခေါက်တွေကိုပါ လှမ်းမြင်နေရတယ်
နှင်းဆီပွင့်ရဲရဲကားကားကြီးတွေနဲ့ ပွင့်တူရွက်တူ ပန်းဖြူဖြူတွေ ပြောက်ကျားနေတဲ့
အပင်အုပ်အုပ်တွေရဲ့ တစ်ဖက် ခြံမှာ
ထိုးစိုက်ထားတဲ့ ကြယ်တွေအများကြီးနဲ့ အလံဟာ
တစ်ခုခုကို စိတ်ပျက်သလို ခေါင်းငိုက်စိုက်ချ လို့
အရုပ်ဆိုးဆိုး ဒါပေမယ့် တန်ဖိုးကြီးဟန် ခွေးတစ်ကောင်ကို
ဟန်ပါပါဆွဲလာတဲ့ စပိန်လူမျိုး အဖွားကြီးတစ်ယောက်ကို
အသားလွတ်မနာလိုသလို ငါ လှမ်းကြည့်မိသေးတယ်
အပြာရောင် ကောင်းကင်ကြီးကို မော့ကြည့်နိုင်ဖို့အထိတော့
ပြတင်းပေါက်ရဲ့အပေါ်ဘောင်က ခွင့်မပြုတာမို့ ညာဖက်ထောင့်ထဲ
နည်းနည်းကလေး ချိတ်မိရုံ ကောင်းကင်စွန်းကိုပဲ မဆံ့တငံ့ရှုငေးရတယ်
ဖြစ်တည်မှုဟာ လေးတွဲ့ကျနေတဲ့ အမျိုးအမည်တပ်လို့မရတဲ့ င့ါ စိတ်ဝေဒနာကို
မေးငေါ့ပြနေတယ်
မေ့လျော့နေမိတဲ့ အသက်ရှူသံကို ပြန်သတိပြုမိသည်အထိ
ငါ ငြိမ်သက်တိတ်ဆိတ်နေမိတယ်လေ
ဘာမှ လှုပ်ခုန်မှုမရှိတဲ့ ရင်နဲ့
နောက်ထပ် နှစ်တွေ ဘယ်လောက်များများကို
ငါ အူကြောင်ကြောင်ဖြတ်သန်းရဦးမှာပါလိမ့်။ ။
ခင်အောင်အေး
၃၁၊ မေ၊ ၂၀၁၃ တွင်းန်ဘရွတ်ခ်၊ မေရီလင်းန်ဒ် ၁၃း၁၅ နာရီ