ကြက်ခြေထောက်အပိုင်းလေး ၂ ခု
ရေခဲသေတ္တာထဲမှာ ဆား၊ ဆနွင်း နယ်ပြီးသား
လေး ငါး ရက်တော့ ရှိသွားပြီ။
ချင်းနဲ့ကြက်သွန်ဖြူညက်ညက်
ဒယ်အိုးမှာ ဆီပူလာတဲ့အခါ အသာအယာပစ်ထည့်
ခရမ်းချဉ်သီး တစ်ခြမ်းကို စိတ်ထားတာလေး ပစ်ထည့်
ဂေါ်နဲ့မွှေတယ် (လူက ဂေါ်မစွံတာတော့ ထည့်မပြောနဲ့ပေါ့)
ငြုပ်သီးစိမ်းနှစ်တောင့် ခြမ်းထားတာလေးပါ ထည့်မျှောလိုက်တယ်။
မီးနည်းနည်းပြန်လျှော့ပြီး ကြက်ခြေထောက်ကို ထည့်လုံးလိုက်
မွှေးသလိုဖြစ်လာတော့ တဖက်မှာ ကြိုထားနှင့်တဲ့ ရေနွေးပူပူလောင်း
လိုက်တဲ့အခါ ဒယ်အိုးထဲက အဖြစ်အပျက်တွေဟာ ခဏ ငြိမ်ကျသွား
မီးရှိန်နည်းနည်းပြန်တင်ပေးတော့ ဆူပွက်လာပြန်တယ်၊ ဒါနဲ့ပဲ ခနောလ်
အသားခဲကလေး အနေတော်လောက်ကို အရည်ဆူဆူထဲ မညှာမတာ ပစ်
ထည့်လိုက်တယ် လုပ်နေရတာတွေဟာ ဘာမှ မဟုတ်သလို ထင်ရပေမယ့်
သူ့ဟာနဲ့သူတော့ ဟာမိုနီရှိတယ် အတွက်အချက်ပါတယ် တိုင်မင် ဖမ်းတာ
အလေးအပေါ့ချိန်တာတွေ သူ့ဟာသူ ကျင့်သားကျနေတဲ့ စိတ်ရယ် လက်ရယ်
က အလိုလိုလုပ်ဆောင်သွားခဲ့ ခပ်ထူထူ လှီးထားတဲ့ ကြက်သွန်နီနဲ့ ယိုးဒယား
အနံ့မွှန် ပင်စိမ်း ခပ်လိုက်ပြီးတဲ့အခါ ကြက်ခြေရိုး စွပ်ပြုတ်ဟင်းရည်ဟာ အငွေ့
တစ်ထောင်းတစ်ထောင်းနဲ့ မြည်းလို့လည်းကောင်း စားလို့လဲ မြိန်တဲ့အနေအထား
နဲ့ သင့်ရှေ့မှာ အသင့်ဖြစ်နေခဲ့ပါပြီ။ (စားပွဲတင် ပဲငံပြာရည်လေး နှစ်စက်၊ သုံးစက်)
(အမူအကျင့်)
ထမင်းဟင်း ချက်ပြုတ်တဲ့အခါ ကဗျာရေးသလို ချက်ပြုတ်လေ့ရှိ
ကဗျာရေးတဲ့အခါ ထမင်းဟင်း ချက်ပြုတ်သလို ရေးသားလေ့ရှိ။
( ရိုးမြေကျ ပေါင်းသွားမယ့် လုပ်ငန်းစဉ် ၂ ခု)
ကဗျာရေးတာနဲ့ ထမင်းဟင်း ချက်ပြုတ်တာ။ ။
ခင်အောင်အေး
၁၈၊ ဧပြီ၊ ၂၀၁၃ ဖရာ့ပါရာဒင်န်၊ ဘန်ကောက် ၁၉း၅၆ နာရီ