မင်းလဲ ငြီးငွေ့မှာပဲ
ဒီအငွေ့အသက်တွေ တသက်လုံးလိုလို မှိုနံ့
အရောင်တွေပါးပြီး မှိန်ဖျော့လိုက်သွားတာမှာ
အသက်ရှူသံဟာ အမှေးပါးတစ်ခုလို
အရိုးပေါ် ဆိုင်းထားတဲ့ အရေပြားတစ်လျှောက်လုံး
တစ်နေ့ချင်းတွေနဲ့ သီရက်ထားတဲ့ နှစ်ကာလတစ်လျှောက်လုံး
ဆွံ့အ မှုတွေသာ အသံပြုနေခဲ့ရတဲ့ မှတ်တမ်းစာအုပ် တစ်အုပ်လုံး
မင်းလဲ ငြီးငွေ့မှာပဲ လေးတွဲ့တွဲ့ ခေါင်းလောင်းသံတွေ တအီအီနဲ့
ပြိုလို့ ပြိုမှန်းမသိတဲ့ မိုးတိမ်တွေနဲ့အတူ နုံးခွေလဲကျလို့
မင့် ငြီးငွေ့မှုဟာ ငါ့ တစ်ကိုယ်လုံးပေါ် တရှိန်ရှိန် အဖျားတက်လို့
ရာသီတစ်ခွင်လုံး ပေါ့ပါးလိုက် လေးလံလိုက် ရွှဲစိုလိုက်နဲ့ အငြိအခိုက်များ
ယာခင်းအသစ်ကို ထိုးလှန်လိုက်တဲ့အခါ အလိပ်လိုက် မြေဆီလို ခံတွင်းပျက်မှု
ချိတ်ယူလိုက်တဲ့ခါ ဒရွတ်တိုက် ပဲ့ရွဲ့ ပြုတ်ကွာကျ လာတဲ့ ချစ်ခြင်းမေတ္တာနှယ်
ယုံစရာ မရှိခြင်းတွေသာ လဲမှို့ပွင့်တွေလို နေရာအနှံ့ဖွေးဖွေးလှုပ်လှုပ်
မင်းလဲ ငြီးငွေ့မှာပဲ ထပ်တလဲလဲ ပန်းတွေ ပွင့်လိုက် နေခြည်တွေ ညှိုးလျော်သွားလိုက်
ခြောက်ကပ်ကပ် ရယ်သံတွေ ခေါင်းတိုင်ထိပ်က ပြာမှုန်စွက် အလိပ်လိုက် မီးခိုးတွေလို
တခုကို ရေးခြယ်မိရင် ဆက်တိုက် နောက်က ကပ်လိုက်လာတတ်တဲ့ အတိတ် ဇာတ်လိုက်
အရိပ်ဟာ သူ အသွင်ယူရတဲ့ ပုံဟန်ကို သစ္စာရှိနိုင်ဖို့ အစဉ်တစိုက် အားထုတ်ရပုံမျိုးပေါ့
မင်း မငြီးမငွေ့မချင်း ကိုယ့်အချစ်တွေကို မင့်လက်ဖ၀ါးပေါ် တဆဆ လုပ်နေလို့ရပါတယ်
ငါကတော့ ဘာကိုမှ မပျင်းမုန်းမိအောင် ကျောက်ခဲခြင်းပွတ်တိုက်ရာက ထွက်ပေါ်လာတဲ့ မီးပွင့်
ခေါင်းထိုးခံယူခြင်း ဘယ်ရီသီးများ ရထားခေါင်းတွဲပမာ ရှုံ့ချည်နှပ်ချည် လွန်းထိုးနေရခြင်းများ
မင်းလဲ ငြီးငွေ့မှာပါပဲ ဒါကို ငါ အသားလွတ် ကိုယ်ချင်းစာစိတ် အစို့အညှောင့် ပေါက်မိတယ်
အမုန်းဟာ အနှစ် ထောင်သောင်းချီ ခါးသီး မလိုချင်ပဲရတဲ့ အရာတခုကို စိတ်ပျက်မိသလိုမျိုး
မပေးချင်တဲ့ အရာတခုကို အနိုင်ကျင့်ခံရမှုကြောင့် ထိုးပေးလိုက်ရသလိုမျိုး အမုန်းဟာ မင်းကို
တဆိတ်စာလေးမျှ မငြီးငွေ့စေဘူးလား ဆိုတာကို ငါ ပါးစပ် အဟောင်းသားနဲ့၊ ပြူးထွက်နေတဲ့
မျက်လုံးအစုံမှာ ငါ့ကိုယ်ငါလဲ ယုံစရာ မရှိတော့တဲ့ အပြင် မဲတင်းပြီး တောင့်ခံဖို့လဲ အင်အားမရှိ
ဖြစ်နေရတာကို မင်း သေချာပေါက် ငြီးငွေ့နေအုန်းမှာ..။ ။
ခင်အောင်အေး
၈၊ နိုဝင်ဘာ၊ ၂၀၁၂ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၁၄း၄၃ နာရီ